သတင်း

ထောင်ဝင်စာတွေ့ရန် အကန့်အသတ်များစွာနှင့် ခွင့်ပြုမည်ဟုဆို

ထောင်ဝင်စာတွေ့လိုသူသည် ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ထံမှ ထောက်ခံစာရယူရမည်ဖြစ်ပြီး ကိုဗစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းလည်း လိုအပ်မည်ဟု ဆိုသည်။

စစ်ကောင်စီက ကိုဗစ်ကပ်ဘေးအကြောင်းပြကာ ထောင်ဝင်စာတွေ့ဆုံခွင့်ကို ကာလရှည် ပိတ်ထားရာမှ ကန့်သတ်ချက်များစွာနှင့် မကြာမီ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်ဟု အကျဉ်းထောင်သတင်းရပ်ကွက်က ပြောသည်။

အောက်တိုဘာ (၂၄) မှ စတင်ပြီး တွေ့နိုင်သည်ဟု မန္တလေးအိုးဘိုထောင် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

ထောင်ရှေ့ရှိ ဗီနိုင်းဆိုင်းဘုတ်သစ်တွင် ထောင်ဝင်စာတွေ့မည့်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များစွာ ဖော်ပြထားသည်၊ ထိုအထဲတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းအထောက်အထား ၆ ခု စာရင်းလည်း ပါဝင်သည်ဟု သူက ပြောသည်။

“ထောင်မှာလည်း ဗီနိုင်းချိတ်ထားတယ်။ မိသားစုတွေဆီလည်း အကြောင်းကြားတယ်။ လာမယ့် အင်္ဂါကနေစပြီး လူတွေ့ရတော့မယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ပေးရမည့် အထောက်အထားများတွင် ကို​ဗစ်ရောဂါကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးကြောင်း အထောက်အထား၊ ၇ ရက်အတွင်း ပြုလုပ်ထားသည့် ကျေးရွာ ရပ်ကွက်အတွင်း နေထိုင်ကြောင်းထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊ ထောင်ဝင်စာလာတွေ့မည့်သူ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ ပါဝင်သည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိနှုန်း ၂ ရာခိုင်နှုန်းအထက်ဖြစ်ပါက ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းရှင်းကြောင်း အဖြေပြသရမည်ဟုလည်း ဖော်ပြထားသည်။ အောက်တိုဘာလအတွင်း ပိုးတွေ့နှုန်းသည် ၁ ရာခိုင်နှုန်းအောက် ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

အကျဉ်းထောင်ကြီးများတွင် အကျဉ်းသားနှင့် မိသားစု ခပ်ခွာခွာ တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်သည်ဟု အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“ကိုဗစ်က အကြောင်းပြချက်ပါ။ မှန်ကာပြီး တယ်လီဖုန်းနဲ့ ပြောရတဲ့ လူအကန့်အသတ်ရှိတဲ့ ထောင်ဝင်စာခန်းမှာ အခက်အခဲ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်မှာ စောင့်ဆိုင်းတဲ့ လူတွေ အများကြီးစုမှာကို အကြောင်းပြခဲ့ပါတယ်။ အကျဉ်းသားအခွင့်အရေးနဲ့ ပတ်သက်ရင်တော့ အချိုးဖောက်ဆုံးကိစ္စပါပဲ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

အကျဉ်းထောင်၏ ကန့်သတ်ချက်များတွင် လုံခြုံရေးဆိုင်ရာအခက်အခဲများပင် ရှိနေသောကြောင့် မိသားစုများ အဆင်မပြေနိုင်ဟု ၎င်းက ဆိုသည်။

“ထောက်ခံစာယူရချိန်အတွက် အန္တရာယ်တွေက ရှိနေနိုင်ပါတယ်။ တချို့ မှတ်ပုံတင်ပျောက်တာ၊ အိမ်ထောင်စု မပြည့်စုံတာတွေအတွက်လည်း အခက်အခဲဖြစ်မှာပါ” ဟု ၎င်းက ဆက်ပြောသည်။

“ထုံးစံအတိုင်းပေါ့။ မဖြစ်လို့ ခွင့်ပြုရပေမဲ့ လက်တစ်လုံးခြားတွေကတော့ ရှိနေမှာပါပဲ။ မိသားစုတွေကတော့ ပေးကားပေး၏ မရလို့ ပြောနေကြပါတယ်”

ထောင်ဝင်စာကို ယခင်က တစ်လနှစ်ကြိမ် တွေ့ခွင့်ရခဲ့ပြီး ယခုလည်း ထိုကန့်သတ်ချက်အတိုင်းသာ တွေ့ခွင့်ရဖွယ်ရှိသည်။ မိသားစုက သွားရောက် တွေ့ဆုံတိုင်း ထောက်ခံစာရရန် ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ထံ သွားကြရမည် ဖြစ်သည်။

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်ကလည်း ထောင်သို့ သွားတွေ့နိုင်တော့မည်ဖြစ်ကြောင်း အကျဉ်းထောင်ထံမှ သတင်းရရှိပြီး ဝမ်းမြောက်နေသည်ဟု ဆိုသည်။

“ပိတ်ထားတာလည်း နှစ်ကြာပြီ။ နေကောင်းကျန်းမာလားတောင် မသိရတဲ့ အခြေအနေဆိုတော့ ခုလိုတွေ့ရမှာ အရမ်းပျော်တယ်။ ဒါပေမဲ့ နိုင်ကျဉ်းမိသားစု​တွေ မပါဝင်မှာလည်း စိုးရိမ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက မိသားစုဝင်များကိုပါ လိုက်လံဖမ်းဆီးနှိပ်ကွပ်လျက်ရှိရာ ဤအခြေအနေတွင် ထောင်ဝင်စာတွေ့သူတို့အပေါ် ချမှတ်လိုက်သည့် ကန့်သတ်ချက်အသစ်များကြောင့် နောက်ဆက်တွဲဖမ်းဆီးမှုများ ကြုံတွေ့ရမည်ကို စိုးရိမ်ကြောင်း ပြောသည်။

“ထောင်ဖမ်းတာတွေလည်း ဖြစ်နိုင်တယ်။ ကိုယ်ရေးအချက်အလက်တွေ တောင်းခံတော့ နောက်ဆက်တွဲ စိတ်မလုံခြုံရဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၊ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးထားသူအားလုံးကို မိသားစုနှင့် တွေ့ခွင့် ပိတ်ပင်ထားခဲ့ပြီး ထောင်ဝင်စာပစ္စည်း ပေးပို့ခြင်းကိုပင် ကန့်သတ်ချုပ်ချယ်ထားသည်။

ထို့အတူ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို ဆိုးရွားစွာဖိနှိပ်နေပြီး လူမသိသူမသိ အသက်သေဆုံးမှုများလည်း ရှိနေသည်။ ထောင်ပြောင်းရွှေ့စဉ် အကြောင်းရင်း ခိုင်လုံစွာမသိရဘဲ နိုင်ကျဉ်းများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တချို့လည်း ပေါ်ပေါက်နေသည်။

အကျဉ်းသားများကို မိသားစုတွေ့ခွင့်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အစားအသောက်၊ ဆေးဝါး မပြည့်စုံသော အကျဉ်းကျနေသူထံ ပစ္စည်းပေးပါက မိသားစုက ထောင်အထိ သွားရောက်ပြီး ထောင်ဝန်ထမ်းများထံ အပ်နှံရသည်။

နိုင်ငံအနှံ့ အကျဉ်းထောင်များသို့ သွားရာတွင် ကုန်ကျမည့် ခရီးစရိတ်အတွက် မိသားစုက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ထံတွင် အကူအညီတောင်းနိုင်သည်။

အသေးစားငွေကြေးထောက်ပံ့မှု ရယူလိုပါက ICRC ၏ မြန်မာပြည်ရုံးခွဲ ၁၀ ရုံးထဲမှ အနီးဆုံးရုံးကို ဆက်သွယ်နိုင်သည်။

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူဟု ယူဆရသူအများအပြားကို နေ့စဉ် ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ် အမှုဖွင့်လျက်ရှိရာ ၁၉၆၀၃ ဦး အကျဉ်းချခံထားရသည်ဟု စစ်တပ်၏ သတ်ဖြတ်၊ ဖမ်းဆီးမှုများကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၀ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button