သိန္နီကို ထိန်းချုပ်ထားသည့် MNDAA ကိုးကန့်တပ်ဖွဲ့က သိန္နီနှင့် လားရှိုးမြို့နယ်အတွင်း လူသတ်မှုနှင့် ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူ ခုနစ်ဦးတွင် နှစ်ဦး ကို သေဒဏ် စီရင်ပြီး ကျန်ငါးဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မြို့ခံများကို မြို့အထွက် ပန်လော့ဈေးသို့ တစ်အိမ်တစ်ယောက် မလာမနေရ ဆင့်ခေါ်ပြီး MNDAA တရားရေးဌာန တာဝန်ရှိသူတို့က စီရင်ချက်များ ဖတ်ပြခဲ့သည်ဟု သိန္နီမြို့ခံတို့က ဆိုသည်။
“ခုနစ်ယောက်ကို တရုတ်စာတွေ လည်ပင်းမှာ ချိတ်ပြီး သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တစ်ခုချင်းစီ ဘာသာပြန်နဲ့ ဖတ်ပြတာ။ သေဒဏ်ချလိုက်တာက နှစ်ယောက်။ ကျန်တဲ့သူတွေကို ထောင်ချလိုက်တာ” ဟု အမှုစီရင်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သူ သိန္နီမြို့ခံ တစ်ဦးက ပြောသည်။
သေဒဏ်ချမှတ်ခံရသူ အမျိုးသား နှစ်ဦးမှာ MNDAA ထံတွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်ဟု သိရသည်။
“မိုင်းလီပန်ဖတ်ရွာနားမှာ မြေးအဖိုး နှစ်ယောက်ကို သတ်တဲ့ တရားခံ နှစ်ယောက်မှာ ရှမ်းလူမျိုး တစ်ယောက်၊ တရုတ်လူမျိုး တစ်ယောက် ပါတယ်။ လူမသတ်ချင်ဘူး ပြောတဲ့ ရှမ်းကောင်လေးက ထောင် ငါးနှစ်ချခံရတယ်။ လူသတ်မှု ကျူးလွန်တဲ့ တရုတ်ကို သေဒဏ် ချလိုက်တယ်” ဟု စီရင်ချက်ချသည့်နေရာသို့ ရောက်ခဲ့သည့် သိန္နီမြို့ခံ အမျိုးသားက ဆိုသည်။
အလားတူ သိန္နီမြို့အတွင်း တရုတ်စာ သင်ကြားပေးသည့် အမျိုးသမီးကိုသတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးလည်း သေဒဏ်စီရင်ခံရသည်ဟု ဆိုသည်။
“ပြစ်ဒဏ်တွေ ချပြီးတော့ သတ်မယ့် အမျိုးသား နှစ်ယောက်ကို သိန္နီသင်္ချိုင်းကို ခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ” ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြန်ပေးဆွဲမှုအတွက်ဆိုကာ လားရှိုးမှ ဖမ်းလာသည့် အမျိုးသား လေးဦးကိုမူ ထောင်ဒဏ် ငါးနှစ်နှင့်အထက်ချမှတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
သိန္နီမြို့အတွင်း MNDAA က ယခုကဲ့သို့ အများပြည်သူရှေ့တွင် ပြစ်ဒဏ်စီရင်သည်မှာ ပထမဦးဆုံး အကြိမ် ဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။
ထိုသို့ စီရင်မှုအတွက် မြို့ခံများကြားတွင် အထိတ်အလန့် ဖြစ်ခဲ့ရသည်ဟု မြို့ခံများက ပြောသည်။ စွပ်စွဲခံရသူများ အနေဖြင့် ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် ရှိမရှိ မသိရှိရပေ။
၁၂၀၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ တာမိုးညဲ မြို့နယ်များကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ သည်။
အဆိုပါဒေသများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် လက်နက်မှောင်ခိုမှု ကျူးလွန်သူများကို အများပြည်သူရှေ့တွင် MNDAA က သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ် လေ့ရှိသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က လောက်ကိုင်မြို့တွင် လူသတ်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ခဲ့သည်ဟု ဆိုကာ MNDAA ၏ အသက် ၃၆ နှစ်အရွယ် ခရိုင်မှူးအဆင့်ရှိသူ တစ်ဦးနှင့် တပ်သား နှစ်ဦးကို လူအများရှေ့တွင် သေဒဏ်ချခဲ့သည်။
ဒုတပ်ရင်းမှူး အဆင့်ရှိသူ နှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ယင်းနှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့အတွင်း လူသတ်မှုအပါအဝင် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူ ၁၄ ဦးထဲမှ ခြောက်ဦးကို သေဒဏ် ချမှတ်ခဲ့သည်။
လားရှိုးမြို့ကို အာဏာသိမ်းတပ်လက်သို့ မလွှဲပြောင်းမီ ၂၀၂၅ ဧပြီလ ၁၀ ရက်နေ့တွင် လားရှိုးမြို့အတွင်း လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ကျူးလွန်သူ အမျိုးသား ငါးဦးကို MNDAA တပ်ဖွဲ့က အများပြည်သူ့ရှေ့တွင် သေဒဏ် စီရင်ချက်ခဲ့သေးသည်။



