သတင်း

လူသတ်မှုဖြင့် သေဒဏ်ကျထားသူက AA စစ်ဦးစီးချုပ်ထံ အသနားခံစာတင်

AA က ရခိုင်ဒေသတွင် တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး စစ်တွေမြို့လူသတ်မှုမှ သေဒဏ်စီရင်ချက် ချခံထားရသူက AA ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မိန်းကလေးတစ်ဦးကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချခံထားရသည့် အမျိုးသားတစ်ဦးက ပြစ်ဒဏ် လျှော့ပေါ့ပေးရန် တောင်းဆိုထားကြောင်း ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာ ၂၄ တွင် ထုတ်ပြန်ကြေညာသည်။ 

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထံ အသနားခံစာ တင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်နေ့က စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှ အသက် ၁၈ အရွယ် မနွယ်သန္တာဝင်းဆိုသည့် ဆိုင်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး သက်လတ်ပိုင်းအရွယ် ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ဆိုသူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဖမ်းဆီးခဲ့သည်။

ULA/AA တာဝန်ရှိသူများ စစ်ဆေးပြီးနောက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ)ဖြင့် “မသေမချင်း ကြိုးကွင်းစွပ် သတ်စေ” ဟု ယခုနှစ် ဖေဖော်ဝါရီ ၃ တွင် စီရင်ချက်ချခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ပြစ်ဒဏ်လျှော့ပေါ့စေရန် တရားရုံးအဆင့်ဆင့်သို့ အယူခံ တင်သွင်းခဲ့သော်လည်း ပယ်ချခံရသောကြောင့် နောက်ဆုံးအဆင့်အနေဖြင့် အာရက္ခပြည်သူ့အစိုးရ၏ အကြီးအကဲ၊ ULA ဥက္ကဋ္ဌထံ စက်တင်ဘာ ၁၈ တွင် အသနားခံစာတင်ခဲ့သည်။

မုဒိမ်းကျင့်ရန် အားထုတ်စဉ်အတွင်း လူသတ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ထိုသို့ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု AA ၏ အောက်တိုဘာ ၂၄ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ တရားခံတစ်ဦးဦးသည် ထောင်ဒဏ် ၇ နှစ်နှင့်အထက် ကျထိုက်သည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်လျှင် ယင်းတရားခံကို သေဒဏ်ပေးရမည်ဟု ပြဋ္ဌာန်းထားကြောင်းလည်း ပါရှိသည်။

အသတ်ခံရသူ အမျိုးသမီးငယ်၏ ဖခင် ဦးဆန်းဝင်းက ULA/AA ၏ ကိုင်တွယ်စီရင်မှုနှင့် ပတ်သက်ပြီး ကျေနပ်မှုရှိကြောင်း Myanmar Now ကို ယနေ့ ပြောသည်။

“ကျွန်တော့်သမီးကို သတ်သွားတဲ့အတွက် တရားသူကြီးက မသေမချင်းသတ်ဖို့ အမိန့်ချတာကိုတော့ ကျေနပ်ပါတယ်။ နောက်နောင်လည်း ကိုယ်တို့ပြည်မှာ သမီးပျိုမတွေ၊ ကလေးတွေ နောက်နောင် ခုလို မဖြစ်ရအောင် ပွင့်ပွင့်လင်းလင်း လုပ်စေချင်ပါတယ်” ဟု ဦးဆန်းဝင်းက ဆိုသည်။

“ကျွန်တော်တို့ကတော့ မူလတရားရုံးက အမိန့်အတိုင်းပဲ ဖြစ်စေချင်ပါတယ်။ အဲလိုမျှော်လင့်ပါတယ်။ ဘာလို့ဆိုတော့ သမီး ခုလို ဖြစ်သွားတော့ အဖေတစ်ယောက်အနေနဲ့ သိပ်နစ်နာတယ်။ ULA/AA ကလည်း ပွင့်ပွင့်လင်းလင်း စံပြအဖြစ် ဖြစ်စေချင်ပါတယ်”

သို့သော်လည်း ထိုသူ နောက်ဆုံး တင်သွင်းထားသည့် အသနားခံစာနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင် ဆုံးဖြတ်မည်ကို မသိရသေးပေ။

ကိုမျိုးမြင့်ဇော်၏ အသနားခံစာကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပယ်ချမည်ဆိုပါက “မသေမချင်း ကြိုးကွင်းစွပ် သတ်စေ” ဆိုသည့် အမိန့်သည် အတည်ဖြစ်လာမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ယနေ့ ပြောသည်။

ULA/AA စိုးမိုးသည့် နယ်မြေတွင် ရှားရှားပါးပါး ချမှတ်သည့် သေဒဏ်စီရင်ချက်ကို အကောင်အထည်ဖော်ပါက လူ့အခွင့်အရေးရှုထောင့်မှ ဝေဖန်စရာဖြစ်လာမည်ဟု ရခိုင်ပြည်နယ်မှ ထင်ရှားသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

“ဥပဒေမှာ ပြဋ္ဌာန်းထားရင်တော့ ဥပဒေအရ သေဒဏ်ပဲ။ အဲဒီဥပဒေကို ကျင့်သုံး၊ မကျင့်သုံး ဆိုတာကလည်း သက်ဆိုင်ရာအစိုးရ၊ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်၊ မူဝါဒတွေနဲ့ ဆိုင်တယ်။ ULA/AA အနေနဲ့ သေဒဏ်ကို ကျင့်သုံး၊ မကျင့်သုံး စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“အခြားတစ်ဖက်မှာ သေဒဏ်ပေးတယ်ဆိုတာကလည်း လူ့အခွင့်အရေးသမားတွေက ဆန့်ကျင်တယ်။ လူ့အခွင့်အရေးသမားတွေက သေဒဏ်ပေးတာကို ဆန့်ကျင်တယ်။ ဝေဖန်တယ်။ ဆိုလိုတာက အသက်တစ်ခုအတွက် အသက်တစ်ခု၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးမျိုး မဟုတ်ဘဲနဲ့ သူတို့ကို ထောင်ဒဏ်တစ်သက်ဆိုတဲ့ ပုံစံမျိုးတွေ ပိုလို့အားပေးတာပေါ့”

သေဒဏ်ချခံထားရသူ၏ ဇနီးသည်ကမူ AA ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ဒေသတွင်းသတင်းဌာနများကို ပြောထားသည်။

ရက္ခိုင့်တပ်တော် (AA) သည် အာရက္ခပြည်သူ့အစိုးရကို ဖွဲ့စည်းကာ ရခိုင်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ စသည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

ပြည်နယ်စစ်ကောင်စီအခြေပြုသည့် စစ်တွေမြို့ပေါ်အထိ တက်ကာ တရားခံဟု ယူဆရသူများကို AA က လိုက်လံဖမ်းဆီးနေသည်။

AA ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီးလည်း ဝေဖန်မှုများရှိနေသလို AA ဘက်ကလည်း ဥပဒေအတိုင်း ဆောင်ရွက်နေကြောင်း ပြောထားသည်။

မနွယ်သန္တာဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ကိုမျိုးချစ်စိုးဆိုသူကိုလည်း ပြည်နယ်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။ သို့သော်လည်း ယခုနှစ် ဖေဖော်ဝါရီ ၂၇ က စစ်တွေခရိုင်တရားရုံးက သူ့ကို တရားသေလွှတ်ပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button