အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

ရန်ကုန်မြို့ပတ်ရထားပေါ်က PDF တွေရဲ့ သည်းထိတ်ရင်ဖို တိုက်ခိုက်မှု  

ဩဂုတ် ၁၄ ရက် ရန်ကုန်မြို့လယ်ကောင်မှ အင်းစိန်မြို့သို့ ထွက်ခွာမည့် အတွဲ ၄ တွဲပါ မြို့ပတ်ရထားသည် ညနေ ၄ နာရီ အချိန်တွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာလာသည်။ ထိုရထားပေါ်ရှိ ရဲရထားတပ်ဖွဲ့ဝင်များကို လျှပ်တစ်ပြက်တိုက်ခိုက်ရန် စစ်ကောင်စီကို တော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ် (People Defense Force – PDF) လက်အောက်ရှိ အထူးတပ်ဖွဲ့ဝင်များသည် ရန်ကုန်ဘူတာကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းလှိုင်ဘူတာအကြား တာဝန်ကျရာ ဘူတာအသီးသီးတွင် လူခွဲပြီး အသင့်စောင့်ဆိုင်းနေကြသည်။ 

ထိုအဖွဲ့တွင် ဗိုလ်လပြည့်ဝန်း ( အမည်လွှဲ) လည်း ပါဝင်သည်။ 

၎င်းသည် စစ်တပ်အာဏာမသိမ်းမီအချိန်ထိ ရန်ကုန်တွင် စီးပွားရေးလုပ်ကိုင်သူတစ်ဦးဖြစ်သည်။ သူ၏ဘဝတွင် စစ်အာဏာသိမ်းမှုကို ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်ကြုံတွေ့ခဲ့ရပြီး သူ့ဘဝတစ်လျှောက်လုံး ဆိုးရွားကြမ်းတမ်းသည့် စစ်အာဏာရှင်စနစ်အောက်တွင် ကြီးပြင်းခဲ့ရသည်။ 

စစ်ခေါင်းဆောင်များ ဦးဆောင်ခဲ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆယ်စုနှစ်တစ်စု ဖြတ်သန်းခဲ့ပြီးနောက် အနည်းငယ်သော ဒီမိုကရေစီ၏ အသီးအပွင့်များကို စတင်ခံစားရချိန်တွင် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကို သူနှင့်အတူမြန်မာနိုင်ငံသားများ ရင်ဆိုင်ခဲ့ရသည်။ 

“ကျွန်တော်တို့ရဲ့နိုင်ငံနဲ့ ပြည်သူလူထုကို နိုင်ထက်စီးနင်း လက်နက်နဲ့ သိမ်းပိုက်ထားတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါဟာ Invasion ပဲ။ ကျူးကျော်ဝင်ရောက်တာပဲ” ဟု ဗိုလ်လပြည့်ဝန်းက စစ်အာဏာသိမ်းမှုအပေါ် သူ့ခံစားချက်ကို ပြောသည်။ 

ဗိုလ်လပြည့်ဝန်းနှင့် သူ့မိတ်ဆွေများသည် စစ်အာဏာသိမ်းမှုအစပိုင်းက ငြိမ်းချမ်းသည့် စီတန်းလှည့်လည့်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့ကြသည်။ 

စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုများကို ရင်ဆိုင်ရပြီးနောက် လွတ်မြောက်နယ်မြေတစ်ခုတွင် စစ်ပညာသင်ယူကာ စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်သည့် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်ဖြစ်လာသည်။

တိုက်ခိုက်သည့်နေ့တွင် ပစ္စတိုသေနတ်ကို ဆွဲထုတ်ပစ်ခတ်နိုင်ရန် အဆင်သင့်ပြင်ထားကြသော ဗိုလ်လပြည့်ဝန်းတို့သည် မြို့ပတ်ရထားပေါ်တွင် နေ့စဉ်တွေ့နေကျ ခရီးသည်ပုံ ဖမ်းထားကြသည်။ အလုံဘူတာနှင့် ပန်းလှိုင်ဘူတာအကြားတွင် ထိုလုပ်ကြံပစ်ခတ်မှုကို အချိန် ၃ မိနစ်အတွင်း အပြီးသတ်နိုင်ရန် စီစဉ်ထားကြသည်။ 

လက်နက်ကိုင်ရဲကို မည်သူတို့က ပစ်ခတ်မည်ဆိုသည်ကို တာဝန်ခွဲထားကြပြီးဖြစ်သည်။ ရထားစက်ခေါင်းမောင်းသူကို ညွှန်ကြားခိုင်းစေရန် တာဝန်ယူထားသူများလည်း ရှိသည်။ 

ဗိုလ်လပြည့်ဝန်းသည် သူစောင့်ဆိုင်းနေသည့် ဘူတာမှ ရထားပေါ်သို့ တက်လာပြီး စစ်ကောင်စီလက်နက်ကိုင်ရဲဝန်ထမ်းများရှိရာ ရထားတွဲ၏ ထိပ်ဆုံးတွင် နေရာယူလိုက်သည်။ ထိုအတွဲသည် ရထားနောက်ဆုံးတွဲဖြစ်ပြီး ထိုအတွဲတွင် ခရီးသည် တစ်ဒါဇင်ကျော်လိုက်ပါလာသည်။ 

သူ့အဖွဲ့ဝင်များက ရဲဝန်ထမ်းများနှင့် မျက်နှာချင်းဆိုင်တွင်လည်းကောင်း၊ ရထားတွဲအလယ်တွင်လည်းကောင်း အသီးသီး နေရာယူထားသည်။ ရထားရဲ ၆ ဦးအနက် တစ်ဦးမှာ အသက် ၂၀ အရွယ်ခန့် လူငယ်တစ်ဦးဖြစ်ပြီး ကျန်သူများမှာ လူလတ်ပိုင်းအရွယ်များဖြစ်ကြသည်။ အသက် ၅၀ ခန့်ရှိ ရဲဝန်ထမ်းတစ်ဦးမှာ ရထားခုံပေါ်တွင် လှဲအိပ်နေသည်။

ရထားတွဲနောက်ဆုံးရှိ ရထားရဲဝန်ထမ်းများ၏ မျက်နှာချင်းဆိုင်တွင် နေရာယူထားသူတို့က စတင်ပစ်ခတ်လိုက်သည်နှင့် ရထားတွဲအလယ်တွင် ရောက်နေသူတို့က ဒူးထောက်လျက်အနေအထား၊ ဗိုလ်လပြည့်ဝန်းတို့ ၂ ဦးက ဒူးထောက်ထားသူများနောက်မှ မတ်တတ်ရပ်လျက်အနေအထားတို့ဖြင့် သူတို့သတ်မှတ်ထားသည့် ပစ်မှတ်အသီးသီးကို တစ်ပြိုင်တည်းလိုလိုပင် ပစ်ခတ်လိုက်ကြသည်။ အားလုံးက ၉မမ ပစ္စတိုသေနတ်များကို သုံး၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

“ပထမဆုံးအဖွဲ့က အရင်ပစ်တယ်။ အလယ်ကနှစ်ယောက်က သူတို့ဆီကို သွားပြီးတော့ ဒူးထောက်ပြီးတော့ ပစ်တယ်။ နောက်ဆုံးမှ ပစ်တဲ့ ကျွန်တော်က ဒူးထောက်ထားတဲ့ ၂ ယောက်ကို ကျော်ပြီးတော့ မတ်တတ်ရပ်ပြီးတော့ ပစ်တယ်”  ဟု ဗိုလ်လပြည့်ဝန်းက ထိုအဖြစ်အပျက်ကို ပြန်ပြောပြသည်။ စုစုပေါင်းကျည် ၁၈ တောင့် ကုန်ခဲ့သည်ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ပစ်ခတ်တိုက်ခံရစဉ် ဒဏ်ရာရရှိခဲ့သည့် ရဲဝန်ထမ်းတစ်ဦး။ (ဓာတ်ပုံ − Supplied)

(ရထားရဲထံမှ ရရှိခဲ့သော BA-၉၄ စက်သေနတ်ကို ကိုင်ဆောင်ထားသော ဗိုလ်လပြည့်ဝန်း။ ဓာတ်ပုံပေးပို့)

ပစ်ခတ်ပြီးနောက် လဲကျနေသည့် ရဲ ၆ ယောက်၏ လက်နက်များကို ရယူရာတွင် သေနတ် ၄ လက်သာ ရယူနိုင်ခဲ့သည်။ သေနတ်တစ်လက်မှာ ရဲတစ်ဦး၏ ခန္ဓာကိုယ်တွင် စလွယ်သိုင်းထားသဖြင့် ဖြုတ်ရခက်နေပြီး နောက်တစ်လက်မှာ သွေးအိုင်ထဲတွင် မှောက်နေသော ရဲ၏ ဗိုက်အောက်တွင် ရောက်နေ၍ အချိန်မရသဖြင့် ဆွဲမထုတ်နိုင်ခဲ့ကြောင်း သူဆိုသည်။ 

၎င်းတို့ရခဲ့သည့် သေနတ်များမှာ AK အမျိုးအစားနှစ်လက်၊ G3 တစ်လက် နှင့် BA-94 အူဇီစက်သေနတ်တစ်လက်တို့ဖြစ်သည်။

ရထားရဲများထံမှ ရရှိခဲ့သော AK အမျိုးအစားသေနတ်နှစ်လက်၊ G3 တစ်လက်နှင့် BA-94 အူဇီစက်သေနတ်တစ်လက်တို့ကို PDF အဖွဲ့ဝင်များက Myanmar Now ကို ပေးပို့ခဲ့သောပုံဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်တွင် ရထားမောင်းသူကို ညွှန်ကြားသည့် PDF အဖွဲ့က ရထားအရှိန်ကို နှေးခိုင်းပြီး အလုံဘူတာနှင့် ပန်းလှိုင်ဘူတာအကြားတွင် ရထားပေါ်မှ စနစ်တကျ စွန့်ခွာခဲ့ကြခြင်းဖြစ်သည်ဟု သူက ပြောသည်။

“သူတို့ တစ်ယောက်မှ တုံ့ပြန်ချိန်မရဘူး။ စက္ကန့် ၂၀ အတွင်းမှာ ရန်သူအကုန်လုံး မကျဆုံးဘူးဆိုရင်တောင်မှ မလှုပ်ရှားနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားပြီ။ ကျွန်တော်တို့ရဲ့ Mission က စုစုပေါင်း အချိန် ၃ မိနစ်ပဲ ယူတယ်” ဟု ဗိုလ်လပြည့်ဝန်းက ထိုအဖြစ်အပျက်ကို ပြန်ပြောသည်။

 “ကျွန်တော်အပါအဝင် ကျွန်တော့်အဖွဲ့ဝင်တွေအကုန်လုံးဟာ STF (Special Task Force) အဖွဲ့ဝင် နံပါတ်ရယူထားပြီးတဲ့ တိုက်ရည်ခိုက်ရည်ကောင်းတဲ့သူတွေနဲ့ စုစည်းထားတာဖြစ်ပါတယ်။ ဒီလို Operation မျိုးကို အချိန်မရွေး ဆောင်ရွက်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။ 

ရန်ကုန်မြို့ပတ်ရထား ပစ်ခတ်လုပ်ကြံမှုကို ပြုလုပ်နိုင်ရန် ၂ ပတ်ကြာ လေ့လာပြီး ခရီးသွားပြည်သူ နည်းပါးသည့် စနေနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်လပြည့်ဝန်းတို့၏ လေ့လာမှုတွင် ရန်သူအင်အား၊ လက်နက်အင်အား၊ ရာသီဥတုအခြေအနေတို့ကိုပါ ပါဝင်ပြီး ပစ်ခတ်သံကို ပတ်ဝန်းကျင်က မကြားနိုင်စေရန် မိုးရွာသွန်းသည့် အချိန်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုတွင် အရပ်သားတစ်ဦးတစ်ယောက်မှ ထိခိုက်ခဲ့ခြင်းမရှိသကဲ့သို့  PDF အဖွဲ့ဝင်များလည်း ထိခိုက်ခဲ့ခြင်း၊ ဖမ်းဆီးခံခဲ့ရခြင်းမရှိပေ။ 

၎င်းတို့အဖွဲ့မှာ ထိုတိုက်ခိုက်မှုမတိုင်ခင် ရန်ကုန်မြို့တွင်း ၁၀ ကြိမ်ထက်မနည်းသည့် ပစ်ခတ်မှု၊ ဖောက်ခွဲမှုများဖြင့် စစ်ကောင်စီလက်နက်ကိုင်များကို တိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။ သူပါဝင်သည့် မြေအောက်တော်လှန်ရေးအဖွဲ့တွင် အဖွဲ့ဝင်တိုင်းမှာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသူများဖြစ်သည်။  

ရဲဝန်ထမ်းတို့သည် စစ်ကောင်စီ၏ ယူနီဖောင်းဝတ်လက်နက်ကိုင်များဖြစ်၍ တိုက်ခိုက်ရခြင်းဖြစ်ပြီး စိတ်မကောင်းဖြစ်ရကြောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီး စစ်ကောင်စီကို စွန့်ခွာကြရန် လိုအပ်ကြောင်း ဗိုလ်လပြည့်ဝန်းက တိုက်တွန်းသည်။

“ကျွန်တော်က လူတစ်ယောက်ပါ။ အနိဋ္ဌာရုံကို မကြိုက်ပါဘူး။ ကျွန်တော့်အဖွဲ့ဝင်တွေကလည်း မကြိုက်ပါဘူး။ ကျွန်တော်တို့ သမိုင်းပေးတာဝန်ကို တိုင်းပြည်နဲ့ ပြည်သူအတွက် ထမ်းဆောင်နေတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း နွေဦးတော်လှန်ရေး အောင်မြင်မှုမရမချင်း ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသည့် အခြေခံဥပဒေနှင့် ပြည်သူတင်မြှောက်သည့် အစိုးရတစ်ရပ် မပေါ်ပေါက်မချင်း ယခုထက် ပိုမိုကြီးမားသည့် လုပ်ကြံသတ်ဖြတ်မှုများ ထပ်ပေါ်လာဦးမည်ဖြစ်သည်ဟု သူကပြောသည်။

“ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုမှန်သမျှကလည်း အခုလို ပိရိသေသပ်ပြီး လက်စ၊လက်န မကျန်ခဲ့တဲ့ လှုပ်ရှားမှုမျိုးပဲ ဖြစ်ရမယ်လို့ စစ်ကောင်စီကို အတိအလင်းပြောချင်ပါတယ်” ဟု သူက ပြောသည်။

ဩဂုတ် ၁၄ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ၄ လက်၊ ကျည်အတောင့် ၁၀၀၊ ရဲဝန်ထမ်းကတ်၊ မှတ်ပုံတင်နှင့် ငွေ ၅၃,၀၀၀ သိမ်းဆည်းရရှိခဲ့ကြောင်း သူကပြောသည်။ 

“၅၃,၀၀၀ ကို သူတို့ ရက်လည်တဲ့ နေ့မှာပဲ ကုသိုလ်ကောင်းမှုတွေ သူတို့အတွက် လုပ်ပေးခဲ့ပါတယ်” ဟု ဗိုလ်လပြည့်ဝန်းက ပြောလိုက်သည်။ 

ရထားရဲများထံမှ PDF တို့ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများ။ (ဓာတ်ပုံ-ပေးပို့/Myanmar Now) 

မြို့ပြရထားလုပ်ကြံမှုတွင် အဆင့်မြင့်ကွန်ပျူတာနည်းပညာများကို အသုံးပြုခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းစီ၏ လှုပ်ရှားမှုအားနည်းချက်၊ အားသာချက်များကို Control Centre ခေါ် ထိန်းချုပ်သည့်နေရာမှ စောင့်ကြည့်အကူအညီပေးနိုင်ရန် အဆင်သင့်ပြင်ထားသည်ဟု ဗိုလ်လပြည့်ဝန်းက ပြောသည်။

“ ကျွန်တော်တို့ဟာ ခေတ်ပညာတတ်၊ နည်းပညာတတ် လူငယ်များဖြစ်တယ်။ ခင်ဗျားတို့ မကြားဖူး၊၊ မသိဖူး၊ မမြင်ဖူးသေးတဲ့ နည်းပညာတွေ၊ Information Technology တွေ အသုံးပြုပြီး ခင်ဗျားတို့ကို ချေမှုန်းနေတာပါ” ဟု သူက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို သူက သတိပေးသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းရန် လိုအပ်ပြီး မကြာမီ ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများကို ပြုလုပ်သွားမည်ဟု သူက ဆိုသည်။

ယခုဖြစ်စဉ်ကြောင့် စစ်ကောင်စီသည် ရန်ကုန်မြို့ပတ်ရထား ဘူတာများတွင် လက်နက်ကိုင်နှစ်ဦးစီ ကင်းချထားပြီး ရထားများပေါ်တွင်လည်း လက်နက်ကိုင်အင်အား တိုးမြှင့်ထားကြောင်း ရထားစီးခရီးသွားများထံမှ သိရသည်။ 

ပြည်သူ့အကူအညီ

မြို့ပတ်ရထားပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုကို စနစ်တကျ ပြင်ဆင်အကောင်အထည်ဖော်ခဲ့သော်လည်း ရထားစီးပြည်သူ၏ ကူညီမှု မပါဝင်ဘဲ ထိုလုပ်ကြံသတ်ဖြတ်မှုမှာ အောင်မြင်ရန် ခက်ခဲသည်။ 

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုတွင် မင်္ဂလာဒုံလေဆိပ်မှ ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြ၍ သေနတ်သမားကြည်လင်းကို ဖမ်းဆီးရရှိခဲ့ခြင်းက ပြည်သူ၏ အရေးပါမှုကို ပေါ်လွင်စေသည်။ 

ယခု မြို့ပတ်ရထားပေါ်မှ လုပ်ကြံသတ်ဖြတ်မှုကို အစအဆုံးမြင်တွေ့ခဲ့ရသူ ရထားစီးပြည်သူများက နှုတ်ဆိတ်နေခြင်း၊ စစ်ကောင်စီနှင့် မပူးပေါင်းခြင်းဖြင့် PDF ကို ကူညီခဲ့ကြသည်။

ခရီးသွားပြည်သူများမှာ သူတို့အဖွဲ့နှင့် တစ်စိတ်တစ်ဝမ်းတည်းရှိနေပြီး လုပ်ကြံမှုကို မသိကျိုးကျွန်ပြုခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဗိုလ်လပြည့်ဝန်က အမှတ်တရပြောသည်။

“နောက်ဆက်တွဲ စုံစမ်းမှုအရ သိရှိရတာကတော့ ခရီးသွားပြည်သူများက ကျွန်တော်တို့အင်အား၊ ကျွန်တော်တို့ ဘယ်နေရာမှာ ဆင်းတယ် အစရှိတဲ့ဟာမျိုးတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကို စစ်ဆေးတဲ့အခါမှာ အမှန်အတိုင်း ပြန်မဖြေဘဲနဲ့ လှည့်ပတ်ပြီးတော့ ဖြေပေးခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ လှုပ်ရှားခွင့်နဲ့ လှုပ်ရှားရတာ သက်သာခဲ့ပါတယ်” ဟု သူကပြောသည်။

ထိုပစ်ခတ်မှုကြောင့် ထိတ်လန့်ခဲ့ရသည့် ခရီးသွားပြည်သူများနှင့် ပစ်ခတ်မှုအပြီးတွင် အသုံးပြုခဲ့ရသည့် ကားဆရာ ၂ဦးကို စစ်ကောင်စီက စစ်ဆေးမှုများရှိခဲ့သည်ဟု ကြားသိရ၍ တောင်းပန်ကြောင်း၊  မြို့ပြတိုက်ပွဲများတွင် ပြည်သူများအနေဖြင့် PDF တို့ကို ဆက်လက်အကူအညီပေးကြစေလိုကြောင်း သူက ပြောသည်။ 

“လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြောချင်တာက ခင်ဗျားတို့ကို တစ်နိုင်ငံလုံးမှာ ပြည်သူလူထုက ဝိုင်းထားတယ်။ ကျွန်တော်တို့  ပြည်သူလူထုက အရင်က ပြည်သူလူထု မဟုတ်တော့ဘူး။ ကျွန်တော်တို့ဟာ ခင်ဗျားတို့လိုပဲ တိုက်နိုင်ခိုက်နိုင်ပြီး ခင်ဗျားတို့ထက် ပိုပြီး စိတ်ဓာတ်ခိုင်မာတဲ့သူများဖြစ်နေကြပါပြီ” ဟု သူက စစ်ကောင်စီ၏ လက်နက်ကိုင်များကို သတိပေးသည်။

အာဏာသိမ်းမှု ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ဒီမိုကရေစီအရေးတောင်းဆိုသူ မြန်မာပြည်အနှံ့အပြားမှ ပြည်သူလူထုသည် စစ်ကောင်စီ၏ ရက်စက်သည့် အကြမ်းဖက်ပစ်ခတ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ပြန်လည်တုံ့ပြန်ရန် စစ်ပညာသင်ယူခဲ့ကြသည်။

ထိုလူငယ်များသည် ၎င်းတို့ မွေးရပ်မြေအသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့ကြပြီး စစ်ကောင်စီ၏ ထောက်တိုင် သတင်းပေး ဒလန်များနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်နေကြသည်။

ထိုတိုက်ခိုက်မှုများမှာ အရှိန်အဟုန်ပြင်းထန်လာကာ စစ်အာဏာသိမ်းပြီး ၄ လပြည့်သည့် ဇွန် ၁ တွင် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီး၊ မြို့ငယ်များရှိ မြို့ပြပြောက်ကျားအဖွဲ့များသည် ကြေညာချက်ထုတ်ပြန်ပြီး စစ်ကောင်စီ၏ ယန္တရားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။

ရန်ကုန် မီးရထားပေါ်တိုက်ခိုက်မှုသည် စစ်သားအချို့သေဆုံးခဲ့သော ဇွန် ၁၈ ရက်နေ့က တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကားတစ်စီး အနီးကပ်ဗုံးခွဲတိုက်ခိုက်ခံရမှုဖြစ်ပြီးနောက် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်သည်။

တာမွေမြို့နယ်တွင် စစ်ကားဗုံးခွဲခံခဲ့ရမှု။ 

ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ တပ်ထောက်ခံသူနှင့် ပြည်ခိုင်ဖြိုးပါတီဝင် ၁၇၀ ရှိနေပြီဟု ဇွန် ၁၅ က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးက ပြောသည်။ သို့သော်လည်း PDF တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်စာရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ထို့အပြင် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် စစ်တပ်လက်အောက်ခံ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် PDF ကိုတန်ပြန်ရန် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးဆိုသည့် အဖွဲ့အကြောင်းကိုလည်း ထိုသတင်းစာရှင်းလင်းပွဲတွင် ချန်လှပ်ထားခဲ့သည်။

စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ဆက်လက်ဖမ်းဆီးခံထားရသူ ၅၉၇၅ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ် ၂၇ တွင် ထုတ်ပြန်သည်။

ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်း

မီးရထားရဲများမှာ သာမန်အခြေအနေတွင် မီးရထားများ၊ ဘူတာများတွင် လုံခြုံရေးယူကြသူများဖြစ်ကြသည်။ သို့သော် စစ်အာဏာရှင်အုပ်ချုပ်ရေးခေတ်တွင် ပြည်သူကိုဖိနှိပ်ရန် မီးသတ်၊ ကြက်ခြေနီ၊ ယာဉ်ထိန်းရဲတို့ကိုပင် စစ်တပ်၏ အရန်အင်အားစုများအဖြစ် အသုံးချနေသည်မှာ မထူးဆန်းသောကိစ္စဖြစ်သည်။ 

“ကျွန်တော်တို့အနေနဲ့ကတော့ တိုက်ခိုက်ရေးလက်နက်ကိုင်ထားတဲ့ မည်သည့် ယူနီဖောင်းဝတ်ကိုမဆို စစ်ကောင်စီရဲ့အင်အားစုတွေအဖြစ် တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်လပြည့်ဝန်းက ဆိုသည်။ 

မြို့ပတ်ရထားပေါ်တွင် ပစ်ခတ်မှုကြောင့် မီးရထားရဲ ဒုတပ်ကြပ် ဝင်းဇော်လတ်၊ တပ်သားရဲမင်းထွန်း၊ တပ်သားဖြိုးမောင်မောင်နှင့် တပ်သားထိန်လင်းအောင်တို့ မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ရဲတပ်ကြပ် မြင့်ဌေးမှာ ဆေးရုံတွင် သေဆုံးသွားသည်။ ရဲတပ်ကြပ် ကျော်ဇင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံ(ခုတင် ၅၀၀) တွင် ဆေးကုသမှုခံယူနေသည်။

သေဆုံးသွားသူ မီးရထားရဲဝန်ထမ်းများမှာ သူနှင့် မီးရထားဝန်ထမ်းလိုင်းခန်းတွင် အတူနေထိုင်ကြသူများဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင် မပါဝင်သော်လည်း ပြည်သူ့ဘက် ရပ်တည်သူများဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုအချိန်မှာတော့ ကိုယ်တိုင်လည်း ကိုယ်လွတ်ရုန်းပြေး၊ ကျန်တဲ့ မိသားစုကိုလည်း လွတ်ကင်းရာမှာ ထားဖို့ပေါ့နော်။ ကျွန်တော်တို့ကတော့ CDM ကို လုပ်စေချင်ပါတယ်” ဟု သူက ပြောသည်။

“ကျွန်တော်တို့ကတော့ စစ်တပ်ကို အားမပေးဘူး။ ကျွန်တော်ကတော့ ပြည်သူ့ဘက်ကပါလို့ ပြောနေပေမဲ့လည်း ကိုယ့်ရင်ထဲမှာ ရှိတဲ့ဟာကို လက်တွေ့လုပ်ပြမှပဲ ပြည်သူက ယုံမှာလေ” ဟု သူက ပြောသည်။

ယခုအချိန်မှာ ကြားနေရမည့် အချိန်မဟုတ်ဘဲ အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူလူထုအကြား မည်သည့်ဘက်က ရပ်တည်မည်ကို ရွေးချယ်ရမည့် အချိန်ဖြစ်ပြီး အလားတူအဖြစ်အပျက်မျိုး ထပ်မံပေါ်ပေါက်မည်ကို စိုးရိမ်ကြောင်း စစ်ကောင်စီကို အာဏာဖီဆန်ပြီး ထွက်ခဲ့ကြရန် သူကဆိုသည်။ 

“ သူတို့က CDM မလုပ်ဘူး။ သူတို့က လက်ရှိ တာဝန်ထမ်းဆောင်နေတယ်။ ပြည်သူနဲ့ မပူးပေါင်းတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုထမ်းတွေဖြစ်တဲ့အတွက်ကို တိုက်ခိုက်ခံရတာပါ”  ဟု သူက ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထား၍ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအတွက် တာဝန်ထမ်းဆောင်နေရသည်မှာ ထိုက်တန်သည့် လျော်ကြေးငွေအပါအဝင် မည်သည့် အကျိုးအမြတ်မှ မရှိသောကြောင့် ပြည်သူဘက်ကို အမြန်ဆုံးမျက်နှာမူရန် ဘဝတူ မီးရထားဝန်ထမ်းများကို တိုက်တွန်းလိုကြောင်း သူက ပြောလိုက်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button