သတင်း

မန္တလေးမြို့တွင် CCTV ကင်မရာများ မဖြစ်မနေတပ်ဆင်ရန် စစ်ကောင်စီ ဖိအားပေး

မန္တလေးမြို့တွင် စစ်ကောင်စီက လမ်းဘေးဈေးဆိုင်များတွင် CCTV (လုံခြုံရေးစောင့်ကြည့်ကင်မရာ) များ တပ်ဆင်ရန် ဖိအားပေးနေပြီး လိုက်နာခြင်းမရှိပါက လိုင်စင်ချမပေးသည့်အပြင် သက်တမ်းတိုးခွင့်မပြုဟု ခြိမ်းခြောက်သည်ဟု သိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် အရပ်ဝတ်စစ်သားများ၊ ရဲများနှင့် စည်ပင်ဝန်ထမ်းများက အောင်မြေသာစံမြို့နယ်အတွင်း လမ်းမဘေးတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် သတိပေးစာများပေးခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကင်မရာ မတပ်ပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူသွားမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုသည်ဟု အောင်မြေသာစံမြို့နယ်မှ ဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။

“ဆိုင်တိုင်းကို လိုက်ပြောတယ်။ ဆိုင်အတွင်း နှစ်လုံး၊ အပြင် နှစ်လုံး မဖြစ်မနေ တပ်ရမယ်တဲ့၊ မဟုတ်ရင် လိုင်စင်မပေးဘူးတဲ့” ဟု ဆိုင်ခန်းရှင် အမျိုးသမီးက ပြောသည်။

သတိပေးစာအရ အောင်မြေသာစံမြို့နယ်ရှိ ဆိုင်ခန်းများအားလုံး ဩဂုတ်လ ၃၁ နေ့ နောက်ဆုံးထားကာ CCTV ကင်မရာများ တပ်ဆင်ရမည်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့၏ လုံခြုံရေးကို အထူးစိုးရိမ်နေပြီး၊ သပိတ်လူငယ်များနှင့် မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့များကို ခြေရာခံ ဖမ်းဆီးနိုင်ရန် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ် မန္တလေးမြို့ခံတစ်ဦးက ယူဆသည်။

“မြို့ပြပြောက်ကျားတွေကို ဒုက္ခအပေးဆုံးက အဲဒီ CCTV တွေပဲလေ။ အဲဒီကနေ သူတို့ခြေရာခံပြီး ဖမ်းဆီးနိုင်ခဲ့တာတွေ များတယ်။ ဆန္ဒပြလူငယ်တွေကို ခြေရာခံနိုင်အောင်၊ သူတို့လုံခြုံရေးအတွက် လုပ်တာ” ဟု ၎င်းက ဆိုသည်။

ဈေးဆိုင်ခန်းများအပြင် အလယ်ပိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းနှင့် အနီးဆုံးဖြစ်သော ၂၆ လမ်းမတစ်လျှောက်ရှိ နေအိမ်များကိုပါ CCTV ကင်မရာတပ်ဆင်ရန် ဖိအားပေးနေကြောင်း၊ စုစုပေါင်း ကင်မရာလေးလုံးအထိ တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူပင် မဟာအောင်မြေမြို့နယ်အတွင်း ၈၄ လမ်းနှင့် ၈၅ လမ်းမပေါ်ရှိ ဆိုင်ခန်းများကိုလည်း ဩဂုတ် ၂၆ ရက်နေ့တွင် CCTV ကင်မရာများ တပ်ဆင်ခိုင်းခဲ့သည်ဟု ဆိုင်ခန်းပိုင်ရှင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့အစီအစဉ်နဲ့သူတို့ လာတပ်ပေါ့ဗျာ။ အဲဒီလိုဆိုရင် အဆင်ပြေတာပေါ့။ ခုက ဈေးရောင်းမကောင်းတဲ့အချိန် ကုန်ကျစရိတ်က မတတ်နိုင်သေးဘူး။ လက်မှတ်သာ ထိုးပေးလိုက်ရတာ မလုပ်နိုင်သေးတော့ ဘယ်လိုလာဦးမယ် မသိဘူး။ ကောင်းရောင်းကောင်းဝယ် လုပ်စားလည်း ဒုက္ခတွေများလိုက်တာ” ဟု ၎င်းက ဆိုသည်။

အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုများ အားကောင်းခဲ့သော မန္တလေးမြို့တွင် ရာနှင့်ချီသော လူများကို စစ်တပ်က ဖမ်းဆီးခဲ့သည်။

မန္တလေးမြို့တွင် ဆရာဝန်၊ ကျောင်းဆရာ၊ ရဟန်းသံဃာနှင့် သက်ကြီးရွယ်အိုများပါမကျန် စစ်တပ်က ဖမ်းဆီးထောင်ချနေရာ ပြီးခဲ့သည့်လအတွင်း လူ ၅၀ ထက်မနည်း ဖမ်းဆီးခံရသည်။ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ချိပ်ပိတ်ခံရသည့် ဆေးခန်းများ၊ နေအိမ်များနှင့် ကိုယ်ပိုင်ကျောင်းများလည်း ရှိသည်။​

စစ်ကောင်စီက ထိုသို့ အတောမသတ် ဖမ်းဆီးဖြိုခွင်းနေသော်လည်း မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လဝကရုံး၊ ရဲစခန်းနှင့် ယာဉ်ထိန်းရုံးများ မကြာခဏ တိုက်ခိုက်ခံနေရသည်။​

ထိုအခြေအနေတွင် စစ်ကောင်စီက တော်လှန်ရေးသမားများကို ခြေရာခံနိုင်ရေး CCTV ကင်မရာများ တပ်ဆင်ရန် ဖိအားပေးဆောင်ရွက်လာခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် အာဏာသိမ်းမှုကို လက်မခံနိုင်သူများက ပြောက်ကျားနည်းဖြင့် ဆန္ဒပြပွဲများ ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီက လုံခြုံရေးကင်မရာများမှတစ်ဆင့် ခြေရာခံ ဖမ်းဆီးခြင်းများရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button