ယမန်နေ့ (ဇွန် ၆) ညပိုင်း ရန်ကုန်၊ ထန်းတပင်မြို့နယ် နေအိမ်၌ ပစ်သတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံမှုသံသယဖြင့် စစ်ကောင်စီ ဖမ်းထားသည့် လူငယ်တစ်ဦး၏ မိသားစုဝင်များဖြစ်သည်ဟု သိရသည်။
မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Special Test Force-STF အဖွဲ့မှ ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်နှင့် ကိုကျော်သူရ (ခ) အီးတီဆိုသူတို့ကို ဖမ်းမိထားသည်၊ ၎င်းတို့နှစ်ဦးမှာ အဆိုတော် လီလီနိုင်ကျော်ကို ပစ်ခတ်လုပ်ကြံရာတွင် ပါဝင်သူများဖြစ်သည်ဟု စစ်ကောင်စီက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ထန်းတပင်မြို့နယ် တက်သစ်၊ ရခိုင်ရိုးကြီးရွာရှိ နေအိမ်တွင် ပစ်သတ်ခံရသည့် ၄၂ နှစ်အရွယ် ဒေါ်သဲမာလာဝင်း၊ ၂၄ နှစ် အရွယ် မဆောင်းသဇင်ဦးမှာ ကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မဝမ်းကွဲဖြစ်သည်ဟု သိရသည်။
ထိုအမျိုးသမီးနှစ်ဦးမှာ “မိဘမေတ္တာ”အမည်ဖြင့် မူကြိုကျောင်း ဖွင့်လှစ်ထားပြီး ရခိုင်ရိုးကြီးရွာ၌ ဧည့်စာရင်းဖြင့် နေထိုင်ကြသည်၊ သေဆုံးသူ ဒေါ်သဲမာလာဝင်းတွင် ရှစ်တန်းအရွယ် သမီးနှင့် ငါးတန်းအရွယ် သားငယ် ကျန်ခဲ့သည်ဟု ရွာခံ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ရောက်တော့ နှစ်ယောက် သေနေတယ်။ သွေးအိုင်ကလည်း အတော်ကျယ်ပြန့်နေပြီ၊ သူတို့က နေ့ကလေးထိန်းကျောင်းလေး ပုဂ္ဂလိကဖွင့်ထားတာ။ အဲဒီနားက အိမ်ခြေကျဲတယ်” ဟု သူက ပြောသည်။
စစ်ကောင်စီဝါဒဖြန့် စာမျက်နှာများအရ ထိုအမျိုးသမီးနှစ်ဦးကို အငှားယာဉ် (တက္ကစီ) ဖြင့် ရောက်လာသည့် လူလေးဦးက ပစ်ခတ်သွားသည်ဟု ဆိုသည်။
လုပ်ကြံပစ်ခတ်စဉ် ကလေးနှစ်ဦး လွတ်မြောက်ခဲ့ကြောင်း၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သေဆုံးသူ အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းတို့ကို လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း အထက်ပါ လူမှုကူညီရေးအသင်းအဖွဲ့ဝင် ရွာသားက ပြောသည်။
အခင်းဖြစ်ရာအိမ်သို့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ ရောက်သွားချိန်တွင် ရဲနှင့် စစ်သားများ ရှိနေပြီဖြစ်ကြောင်း၊ အသတ်ခံရသည့်အကြောင်းရင်းကို အတိအကျ မသိရကြောင်းလည်း ၎င်းက ဆိုသည်။
“မြင်တာ ပြောပြတာပါ၊ တကယ့်အမှန်တရားက ဘာလဲ ကျွန်တော်တို့လည်း မသိပါဘူး။ သူတို့ကို လမ်းထဲက တချို့လူတွေကတောင် မသိကြဘူး” ဟု သူက ပြောသည်။
ထန်းတပင်တွင် ပစ်သတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ စစ်ကောင်စီက ဖမ်းဆီးထားသည့် ကောင်းဇာနည်ဟိန်း၏ မိသားစုဝင်များ ဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်ပေ။ ထို့အတူ စစ်ကောင်စီက ဖမ်းမိထားသည်ဆိုသည့် အသက် ၂၃ နှစ်နှင့် ၃၀ အရွယ် လူငယ်နှစ်ဦးသည် Special Test Force-STF အဖွဲ့ဝင်များ ဟုတ်မဟုတ်လည်း အတည်မပြုနိုင်ပေ။
နာမည်ကျော် စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်သည့်အပြင် အမာခံအစွန်းရောက် “အမျိုးသားရေးသမား” လည်းဖြစ်သော အဆိုတော် လီလီနိုင်ကျော်မှာ မေလ ၃၀ ရက်နေ့က ပစ်ခတ်လုပ်ကြံခံရပြီး တစ်ပတ်ခန့်အကြာတွင် ဆေးရုံ၌ သေဆုံးသွားသည်။ အမျိုးသားရေးအမည်ခံ လှုပ်ရှားမှုများ၊ စစ်တပ်ထောက်ခံများကို ဦးဆောင်ပြုလုပ်လေ့ရှိသည့် ရန်ကုန်မှ ဦးတင့်လွင်နှင့်အတူ ရှေ့ဆင့်နောက်ဆင့် လုပ်ကြံခံရခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး လုပ်ကြံခံရပြီးနောက် ပြည်တွင်းပြည်ပရှိ တော်လှန်ရေးသမားများ အပါအဝင် ဆက်စပ်သူများ၏ မိသားစုဝင်များကို တန်ပြန်သတ်ဖြတ်ရန် စစ်ကောင်စီ၏ ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာက နေ့စဉ်ရက်ဆက် လှုံ့ဆော်ခဲ့ကြသည်။
ထိုသို့သော လှုံ့ဆော်မှုများ ဆက်တိုက်ပေါ်ထွက်လာပြီးနောက် ရန်ကုန်မြို့အစွန်ရှိ ရွာတစ်ရွာမှ အမျိုးသမီးနှစ်ဦး ပစ်သတ်ခံရခြင်းဖြစ်သည်။
ထိုအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်များက လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ရေးသားပြောဆိုကြသည့်နည်းတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက နှုတ်ပိတ်ခြင်းဖြစ်သည်ဟုလည်း စစ်တပ်ဝါဒဖြန့် စာမျက်နှာများတွင် ရေးသားကြသည်။
ထန်းတပင်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်မသိရှိသေးကြောင်း၊ လက်နက်ကိုင်ပဋိပက္ခသည် စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီး အကြမ်းဖက်ရာမှ အစပြုခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ဆိုသည်။
“တရားခံကတော့ မင်းအောင်လှိုင်ပါပဲ။ အကြမ်းမဖက် ဆန္ဒပြနေတဲ့ လူငယ်တွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ရာက ဒီအခြေအနေ ရောက်လာတာပါ။ ဒါဟာ ကောင်းတဲ့အခြေအနေ မဟုတ်ဘူးဆိုတာ အားလုံးလည်း သိမှာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီကို ဆန့်ကျင်သူတော်လှန်သူအချို့၏ မိသားစုဝင်များ အလားတူ လုပ်ကြံသတ်ဖြတ်ခံရဖူးသည်။
PDF အဖွဲ့ဝင် သရုပ်ဆောင် ဟိန်းထက်၏ အသက် ၇၄ နှစ်အရွယ် အဘိုးဖြစ်သူ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၌ လုပ်ကြံခံရသည့်နည်းတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုစန်းမင်းပိုင်၏ မိဘနှစ်ဦးလည်း ပစ်သတ်ခံရသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံရသည့် အသက် ၁၇ နှစ်အရွယ် ကိုစန်းမင်းပိုင် သန်လျင်မြို့နယ်ရှိ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးလွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင် မိဘနှစ်ပါး အသတ်ခံရခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်ဟု ယူဆရသူများ ဆက်တိုက်လုပ်ကြံခံရပြီးနောက် မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပါတီထောက်ခံသူများ ဆက်တိုက်လုပ်ကြံခံရသည့် ဖြစ်စဉ်များလည်း ရှိသည်။
အဆိုပါ သတ်ဖြတ်မှုများကို သွေးသောက်ဆိုသော အဖွဲ့က စီစဉ်ခြင်းဖြစ်ကြောင်း သိသာစေရန် ရုပ်အလောင်းတွင် သွေးသောက်တံဆိပ် ချန်ရစ်ခဲ့လေ့ရှိသည်။
ထိုကဲ့သို့သော အဖွဲ့မှာ စစ်တပ်က ခေတ်အဆက်ဆက် လက်သပ်မွေးထားသူများ ပါဝင်သည့် လှုပ်ရှားမှုသာဖြစ်သည်ဟု အများက ယုံကြည်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)