သတင်း

ဇရပ်ကြီးတိုက်ပွဲကြောင့် ထွက်ပြေးလာရသူများ နေရပ်မပြန်နိုင်သေး

ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် နေအိမ်များစွန့်ခွာထွက်ပြေးခဲ့ကြရသည့် အရပ်သားများသည် သီတင်းနှစ်ပတ်ကျော် ကြာသည်အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင် သောင်တင်နေသည်။

ပဲခူးတိုင်းအရှေ့ပိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် နေအိမ်များစွန့်ခွာထွက်ပြေးရသည့် အရပ်သား များသည် စစ်ရှောင်စခန်းများတွင် သီတင်းနှစ်ပတ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာအခက်အခဲများအတွက် စိုးရိမ်နေကြသည်။

တောင်ငူမြို့၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဇရပ်ကြီးရွာအခြေစိုက် အမှတ် (၇၂) ခြေလျင်တပ်ရင်း (ခလရ-၂၇) အပါအဝင် စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီ ၇ ရက် နံနက်အစောက တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်ခဲ့သဖြင့် ရွာပေါင်း ၃၀ ကျော်မှ ထောင်နှင့်ချီသော ဒေသခံ‌များ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။

၃ ရက်ကြာမြင့်သည့် အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ အရပ်သားများသည် တောင်ငူမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း ၂၀ ခန့်နှင့် ယာယီစစ်ရှောင်စခန်းများတွင် ခိုလှုံနေပြီး တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နေရပ်များဆီ မပြန်ရဲကြသေးကြောင်း ဒေသတွင်းအရပ်ဘက် ကူညီကယ်ဆယ်ရေးသမားများနှင့် စစ်ရှောင်များက ပြောကြသည်။

“ညတိုင်းလိုလို လက်နက်ကြီးသံတွေ ကြားနေရတယ်။ မနေ့ညကလည်း ကင်ပွန်းချုံရွာပေါ်ကို လက်နက်ကြီး ကျတယ်။ နွားတင်းကုပ်ပေါ် ကျလို့ တော်သေးတယ်။ နွားတစ်ကောင်တော့ သေသွားတယ်” ဟု တောင်ငူမြို့အနီး ဘုန်းကြီးကျောင်းတွင် စစ်‌ဘေးရှောင်နေသူတစ်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောသည်။

ဇရပ်ကြီးနှင့် ကင်ပွန်းချုံရွာတို့သည် တစ်မိုင်ခွဲခန့် ကွာဝေးသည်။

ပဲရိတ်သိမ်းရာသီဖြစ်သောကြောင့် နေရပ်သို့ အရဲစွန့်ပြန်သွားသူ အနည်းငယ်ရှိသော်လည်း အများစုမှာ စစ်ရှောင်စခန်းများတွင်သာ ဆက်လက်နေနေကြရသည်ဟု တောင်ငူမြို့တွင် အိမ်ငှားကာ မိသားစုနှင့်အတူ စစ်ရှောင်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“စစ်တပ်ဘက်က မြို့ထဲမှာ ပြန်လာနေဖို့ ခေါ်ပေမဲ့လည်း ဇရပ်ကြီးဘက်ကိုတော့ ဘယ်သူမှ သိပ်မပြန်ရဲကြဘူး” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် ဇရပ်ကြီးရွာအတွင်းမှ အပျက်အစီးများ။ (ဓာတ်ပုံ – CJ)

လက်ရှိအချိန်တွင် ဘုန်းကြီးကျောင်းများသို့ လာရောက်လှူဒါန်းမှုများကြောင့် စားနပ်ရိက္ခာ အဆင်ပြေသော်လည်း ရေရှည်ခိုလှုံရန်အတွက် အခက်အခဲများ ရှိလာနိုင်ကြောင်းလည်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အလှူရှင်တွေက အများကြီးလာလှူကြပါတယ်။ ဒါပေမဲ့ ၁၀ ရက်ကျော်တဲ့နောက်ပိုင်းမှာ သိပ်လာမလှူကြတော့ဘူး။ ရှေ့ရက်တွေက လှူထားတဲ့ ဆန်ဆီတွေနဲ့ ကျွန်တော်တို့ ချက်စားကြတယ်။ ဒီလကုန် ဘုန်းကြီးကျောင်းမှာလည်း တရားစခန်းပြန်ဖွင့်မယ် ကြားတယ်။ ကျွန်တော်တို့ဆက်နေလို့ ရပါ့မလားတော့ မသိဘူး”

ဇရပ်ကြီးရွာတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေး ၃ ဦးအပါအဝင် အနည်းဆုံး အရပ်သား ၉ ဦး သေဆုံးကာ လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များဘက်ကလည်း ၄ ဦးသေဆုံးခဲ့ကြောင်း ယင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button