သတင်း

တိုက်ပွဲရှိသည့် ထန်းတပင်မြို့ကို လေတပ်က ရက်ဆက်ဗုံးကြဲ၊ အိမ်များ မီးလောင်

တောင်ငူခရိုင်အတွင်း ဇရပ်ကြီးရွာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး လေတပ် ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ပြီး နေအိမ်များ မီးလောင်သည်ဟု ဒေသခံများထံမှ သိရသည်။

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားထိခိုက်မှုရှိသည့်အပြင် နေအိမ်များ မီးလောင်သည်ဟု ဒေသခံများထံမှ သိရသည်။

မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဇရပ်ကြီးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် ၇၂ ခြေလျင်တပ်ရင်း (ခလရ-၂၇) အပါအဝင် ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလို စခန်းတို့ကို KNU နှင့် ပူးပေါင်းတပ်များက ယမန်နေ့ (ဇန်နဝါရီ ၇) နံနက်အစောပိုင်းတွင် တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) နှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA ) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပြင်းပြင်းထန်ထန် တုံ့ပြန်နေသည်ဟု သိရသည်။

တောင်ငူ – မုပ္ပလင်လမ်းပေါ်ရှိ ဇရပ်ကြီးရွာအနီးတစ်ဝိုက်ကို ယမန်နေ့တွင် စစ်တပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက် ဗုံးကြဲလျက်ရှိသည်ဟု ရွာခံနှစ်ဦးက ပြောသည်။

“မနေ့က ပြေးလာတော့လည်း လေယာဉ်တွေအပေါ်မှာ ဝဲနေတာ။ လေယာဉ်က အချိန်တိုင်းပျံနေတာ။ လေယာဉ်လွတ်မှ ပြေးမယ်ဆိုရင် ထွက်လို့မရဘူး။ ကြည့်ပြီး ပြေးရတာ။ မီးလောင်တဲ့အိမ်တွေလည်း တော်တော်များတယ်။ ဒီနေ့လည်း ဆက်ကြဲတယ်။ မီးလည်း ထပ်လောင်နေတယ်” ဟု ဇရပ်ကြီးရွာမှ ထွက်ပြေးလာသည့် အမျိုးသားတစ်ဦးက ပြောသည်။

လူထောင်နှင့်ချီ ထွက်ပြေးနေကြကာ ပိတ်မိနေသူများလည်းရှိသည်ဟု ဆိုသည်။ ဗုံးဒဏ်ကြောင့် နေအိမ်များ မီးလောင်သွားသည်၊ အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သည်ဟုလည်း သိရသည်။

ဇရပ်ကြီးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က တိုက်ခိုက်နေသည်ဟု ထိုရွာမှ ယမန်နေ့တွင် ထွက်ပြေးလာသည့် ရွာသား နောက်တစ်ဦးက ပြောသည်။

“အကုန်လုံး သွားမကြည့်နိုင်ဘူး။ မနေ့က တစ်နေကုန် ဇရပ်ကြီးပတ်ပတ်လည် လိုက်ပစ်နေတာ။ မနက်က ရွာဘက်က တက်လာတဲ့သူက ပြောတာတော့ ပစ်နေကြတယ်၊ လေယာဉ်ပျံနဲ့လည်း ထုတယ်တဲ့” ဟု သူက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် စစ်သည်အချို့ သေဆုံး၊ ဒဏ်ရာရသည်ဟု စစ်ကောင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရှိ စစ်ကောင်စီတပ်စခန်းများကို သွားရောက် တိုက်ခိုက်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Spring Warriors Column)

ဇရပ်ကြီးရွာတိုက်ပွဲတွင် ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးမှုများစွာဖြင့် မွန်းလွဲ ၂ နာရီခန့်တွင် ဆုတ်ခွာသွားသည်ဟု စစ်ကောင်စီထုတ် ပြန်ချက်တွင် ဖော်ပြထားသော်လည်း စစ်စခန်းများကို ညနေ ၆ နာရီကျော်အထိ တော်လှန်ရေးအင်အားစုများက စီးနင်းတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ယမန်နေ့ နံနက် ၃ နာရီခန့်မှ ၆ နာရီဝန်းကျင်အထိ စစ်တပ်စခန်းများကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်စဉ် ဇရပ်ကြီးရဲစခန်းနှင့် မြို့စိုးချောင်းစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခလရ ၇၃ စခန်းရှိ နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗဟိုကင်းတစ်ခုသာ ကျန်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဇရပ်ကြီးရွာကို စစ်တပ်က တင့်ကားအပါအဝင် မော်တော်ယာဉ်များဖြင့် စစ်ကူလွှတ်ခဲ့ရာ တော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

“ရန်သူ့ကား ၈ စီးနဲ့ပေါ့ အင်အားလာဖြည့်တဲ့အခါမှာ တားနိုင်ခဲ့တယ်။ တားနိုင်လိုက်ခဲ့တဲ့အတွက် တပ်ရင်းထဲ ရောက်မသွားဘူးပေါ့။ အဲဒီနောက်ပိုင်း လေယာဉ်တွေနဲ့ လာချတယ် ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်က လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အပြင် လေယာဉ်ဖြင့် စစ်ကူချပေးသည်ဟုလည်း သိရသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်တွင် ထိခိုက်မှုများရှိသည်ဟု ဆိုသော်လည်း အသေးစိတ်မသိရသေးပေ။

BPLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဇရပ်ကြီးတွင် ဖြစ်နေသော တိုက်ပွဲနှင့်ပတ်သက်၍ မြေပြင်အခြေအနေအသေးစိတ် စုံစမ်းနေဆဲဖြစ်သည်ဟု ပြောသည်။

Show More

Related Articles

Back to top button