သတင်း

ဇရပ်ကြီးမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၉ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း တိုက်ပွဲတွင် ဒေသံ ၉ ဦးခန့် သေဆုံးရာ ထိုအထဲတွင် ကလေးများလည်း ပါဝင်သည်ဟု သိရသည်။ အလောင်းအများစုကို ကောက်ယူသင်္ဂြိုဟ်ရန် အခြေအနေမပေးသေးပေ။

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် တော်လှန်ရေးပူးပေါင်းအင်အားစုနှင့် စစ်ကောင်စီတပ် ၃ ရက် ကြာ တိုက်ပွဲများဖြစ်ပွားနေရာ ကလေးအပါအဝင် သေဆုံးသူ အရပ်သား ၉ ဦးခန့် ရှိပြီး ဒဏ်ရာရသူ ၅၀ ကျော်ရှိသည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။

မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၇၂) ခြေလျင်တပ်ရင်း အပါအဝင် ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) နှင့် ပူးပေါင်းတပ်များက ဇန်နဝါရီ ၇ နံနက် ၃ နာရီတွင် တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့သည်။

ဖေဖော်ဝါရီ ၇ နှင့် ၈ တို့တွင် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန် တိုက်ခိုက်ခဲ့ရာ အရပ်သားများ ထိုသို့ သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများ၊ စစ်ရှောင်များက ပြောသည်။

ယနေ့တွင်လည်း တိုက်ပွဲများပြင်းထန်နေသေးသည့်အတွက် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုသာ ကောက်ယူနိုင်သေးကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“တစ်လောင်းပဲ သင်္ဂြိုဟ်နိုင်သေးတယ်။ လူရိပ်တွေ့တာနဲ့ လက်နက်ကြီးနဲ့ ပစ်တာ။ ဒီနေ့ဆို မြို့ထဲကို ဝင်လို့ မရသေးဘူး။ ပိတ်မိနေတဲ့သူတွေကိုလည်း ကယ်ထုတ်ဖို့မရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

“ကျွန်တော်တို့ ကယ်ပေးလာတဲ့သူတွေက ဘယ်နေရာမှာ ဆုံးနေတာ တွေ့ခဲ့တယ်ဆို သွားကြည့်ကြတာ။ သွားကြည့်တဲ့အချိန်မှာလည်း လက်နက်ကြီးနဲ့ ထုတော့ ကောက်လို့ မရဘူးဗျ”

ယမန်နေ့ (ဇန်နဝါရီ ၈)တွင် အလောင်းယူခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်းအတည်မပြုနိုင်သေးကြောင်း အထက်ပါ ကယ်ဆယ်ရေးသမားက ပြောသည်။

ဇန်နဝါရီ ၇ ရက် မွန်းလွဲက ဇရပ်ကြီးမြို့အနီးမှ ကယ်ထုတ်လာသူများအနက် ပြင်းထန်ဒဏ်ရာ ရရှိထားသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးမှာလည်း တောင်ငူဆေးရုံ၌ သေဆုံးသွားသည်ဟု ဆိုသည်။

ဇရပ်ကြီးမြို့အတွင်း မြင်ကွင်းများကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ဇရပ်ကြီးမြို့အနီးတစ်ဝိုက်တွင် တိမ်းရှောင်သူ ဦးရေ ၇၀၀၀ ကျော်ရှိလာပြီဖြစ်ရာ ပိတ်မိနေဆဲအရပ်သားများလည်း ရှိနေသေးသည်ဟု လူမှုကူညီရေးကယ်ဆယ်ရေးသမားများက ပြောကြသည်။

တိမ်းရှောင်သူများကို ကူညီပေးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဇရပ်ကြီးမြို့အနီးထိသာ လတ်တလောတွင် သွားရောက်ကယ်ဆယ်နိုင်သေးသဖြင့် ပိတ်မိနေသူများကို ဆက်လက် ရှာဖွေနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

စစ်တပ်၏ လေကြောင်းပစ်ခတ်မှုအတွင်း ကလေးငယ်များအပါဝင် ထိခိုက်သေဆုံးသူများရှိသည်ဟု သူက ဆိုသည်။

အခြားပရဟိတအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးကလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း ဇရပ်ကြီးဒေသခံတို့ မည်မျှထိခိုက်သွားသည်ကို စာရင်းအတိအကျ ကောက်ယူနိုင်ခြင်းမရှိသေးဟု ပြောသည်။

“ရဟတ်ယာဉ်ပေါ်က စက်သေနတ်နဲ့ ဆွဲတာ။ လူအုပ်ထဲကို ပစ်တာမျိုးတွေလည်းရှိတော့ ထိခိုက်တာတွေက များတယ်” ဟု ထိုသူက ဆိုသည်။

ရွာအတွင်း ကျန်ရစ်သူများကို ကယ်ထုတ်နိုင်ရန် ကြိုးစားဆဲဖြစ်သည်ဟု ပြောသည်။

ဇရပ်ကြီးတိုက်ပွဲအတွင်း ကလေးငယ်များအပါအဝင် ဒေသခံများ သေဆုံးမှုရှိနေသလို ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ခန့်အနက် ပြင်းထန်ဒဏ်ရာကြောင့် စိုးရိမ်ရသူ ၁၀ ဦးခန့်ရှိကြောင်း ကရင်သတင်းစဉ် KIC ၏ သတင်းတစ်ပုဒ်တွင် ကယ်ဆယ်ရေးအဖွဲ့များကို ကိုးကား၍ ယနေ့ ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၇ နံနက် ၃ နာရီခန့်က တောင်ငူ – မုပ္ပလင်လမ်းပေါ်ရှိ ဇရပ်ကြီးရွာအနီး တည်ရှိသော အဆိုပါ စစ်တပ်စခန်းများကို KNLA နှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။

တပ်ပေါင်းစုတွင် ရိုးမ (၁) အာဠာဝကစစ်ကြောင်း၊ ရိုးမ (၂) အထူးကွန်မန်ဒိုစစ်ကြောင်း၊ နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column) ၊ တော်ဝင်ဒေါင်းစစ်ကြောင်း (Royal  Peacock Column) တို့ ပါဝင်သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ဇရပ်ကြီးရဲစခန်းနှင့် မြို့စိုးချောင်းစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခလရ (၇၃) စခန်းရှိ နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗဟိုကင်းတစ်ခုသာ ကျန်ခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်နေသည့် မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ယမန်နေ့က Myanmar Now ကို ပြောထားသည်။

တိုက်ခိုက်ခံရသော စစ်တပ်စခန်းများအနီး စစ်ကောင်စီ၏ တင့်ကားအပါအဝင် မော်တော်ယာဉ်များဖြင့် စစ်ကူလာသည့် စစ်ကြောင်းများကိုပါ PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

ဇရပ်ကြီးမြို့တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)

ယနေ့ နံနက်တွင် ဇရပ်ကြီးတစ်ဝိုက် ပစ်ခတ်တိုက်ခိုက်မှုများရှိသေးသော်လည်း ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်တပ်အကြား နှစ်ဖက်ဆိုင်ထားဆဲ အနေအထားဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ယနေ့တွင်လည်း ဇရပ်ကြီးဘက်သို့ စစ်ကား ၆ စီးဖြင့် စစ်ကူများ ထပ်တက်လာကြောင်း လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူများက ပြောကြရာ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်သည့် အလားအလာရှိနေသည်။

ကျန်ခဲ့သည့် နှစ်ရက်အတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုဘက်က ၅ ဦးထက်မနည်း သေဆုံးကာ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရကြောင်း ကြားသိရသော်လည်း အသေးစိတ်အခြေအနေကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။

၎င်းတို့အထိနာကြောင်းသတင်းများ ထုတ်ပြန်လေ့မရှိသည့် စစ်ကောင်စီက ဇရပ်ကြီးမြို့ တိုက်ခိုက်ခံရမှုသတင်းကို ဖေဖော်ဝါရီ ၇ တွင် နေ့ချင်းထုတ်ပြန်ခဲ့သလို နောက်တစ်နေ့တွင်လည်း သတင်းထုတ်ခဲ့ပြီး ကာကွယ်ရေးတပ်တို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဇရပ်ကြီးအနောက်ဘက် ၉ မိုင်ကျော်ရှိ မြို့ဆိုးရွာအနီးရှိ စစ်တောင်းမြစ်ကူးတံတားကိုလည်း စစ်ကောင်စီတပ် စစ်ကူ မလာနိုင်စေရန် ကာကွယ်ရေးအင်အားစုက မိုင်းခွဲဖျက်ဆီးထားသည်ဟု ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

“စစ်ကူစစ်ကြောင်းများ ဇရပ်ကြီးမြို့သို့ အချိန်မီ မရောက်ရှိစေရေးအတွက် တံတားလုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံးပစ်ခတ်တိုက်ခိုက်၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးမှ ဇရပ်ကြီးမြို့အတွင်းရှိ နယ်မြေခံတပ်ရင်းအား အရုဏ်ဦး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်” ဟု ဖေဖော်ဝါရီ ၈ ရက်စွဲတပ် သတင်းတွင် ရေးထားသည်။

ရှမ်းမြောက်၊ ချင်းနှင့် ရခိုင်ပြည်နယ်တိုက်ပွဲများတွင် မြို့ကြီးအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ် အထိနာနေသည်။ ဤအခြေအနေတွင် စစ်ကောင်စီတပ် ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးစား ထိုးစစ်ဆင်နေသည့်မြို့မှာ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသော ကောလင်းမြို့ ဖြစ်သည်။

အလားတူ PDF များနှင့် KNU တပ်များ လှုပ်ရှားသော ပဲခူးအရှေ့ခြမ်းနှင့် တောင်ငူအနီးတွင်လည်း စစ်ကောင်စီက  အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button