သတင်း

ထွန်းမင်းလတ်နှင့် ထိုင်းအမတ် ထဲထဲဝင်ဝင်ပတ်သက်မှုကို ထိုင်းလွှတ်တော်တွင် ဆွေးနွေး

မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးတရားစွဲဆိုခံနေရသော ခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်တို့၏ စီးပွားရေးဆက်နွှယ်မှုအကြောင်း ထိုင်းလွှတ်တော်တွင် မကြာသေးမီက မေးခွန်းထုတ် ဆွေးနွေးခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ခန့်အပ်ခဲ့သည့် လွှတ်တော်အမတ် Upakit Pachariyangkun သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် နီးစပ်သော ထွန်းမင်းလတ်နှင့် စီးပွားရေးဆက်နွှယ်မှုများကို လူသိရှင်ကြား ထပ်တလဲလဲ ငြင်းဆိုခဲ့ပြီးနောက် ထိုဆွေးနွေးမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ လွှတ်တော်အစည်းအဝေးတစ်ရပ်တွင် Move Forward Party (MFP) ပါတီ၏ လွှတ်တော်အမတ် Rangsiman Rome က ခရိုနီ ထွန်းမင်းလတ်နှင့် Upakit Pachariyangkun တို့၏ ပတ်သက်မှုကို လွှတ်တော်တွင် မေးခွန်းထုတ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ် Rangsiman Rome က ထွန်းမင်းလတ်နှင့် Upakit Pachariyangkun တို့၏ ပတ်သက်မှုကို ရည်ညွှန်းလျက် ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် အကျင့်ပျက်ခြစားသူတို့နှင့် ရောယှက်နေကြောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော အမှုများကို စနစ်တကျကိုင်တွယ်မည်ဟူသော ကတိကို မသိကျိုးကျွန်ပြုနေသည်ဟု စွပ်စွဲထားသည်။

ထိုင်းလွှတ်တော်အမတ် Rangsiman Rome လွှတ်တော်တွင်း ဆွေးနွေးစဉ်

ထိုင်းလွှတ်တော်အမတ် Upakit သည် ထိုင်းအခြေစိုက် Allure Group (P&E) ကုမ္ပဏီ တည်ထောင်သူနှင့် အဓိကရှယ်ယာရှင်ဟောင်းဖြစ်သည့်အပြင် ဦးထွန်းမင်းလတ်နှင့် ပူးပေါင်း၍ Myanmar Allure ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်သည်။ Upakit ၏သမက် Dean Young သည်လည်း ထိုကုမ္ပဏီနှစ်ခု၏ ဘုတ်အဖွဲ့ဝင်နှင့် ရှယ်ယာရှင်ဟောင်းဖြစ်သည်။ 

Allure Group(P&E) ကုမ္ပဏီမှတစ်ဆင့် လျှပ်စစ်ဝယ်ယူမှုကို အကြောင်းပြကာ ငွေကြေးခဝါချမှုအတွက် ထွန်းမင်းလတ်၊ Dean ဆိုသူတို့အပါအဝင် ‘P’ နှင့် ‘N’ ဟု ရည်ညွှန်းဖော်ပြသည့် အခြားနှစ်ဦးကို ထိုင်းနိုင်ငံရှိ တရားရုံးတစ်ခုတွင် လက်ရှိ ကြားနာစစ်ဆေးနေသည်။ ထိုသူတို့ကို ထိုင်းအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

ထိုအမှုတွင် ပါဝင်ပတ်သက်သူများနှင့် Upakit တို့ ပေါက်ကြားလာသည့် အွန်လိုင်းပေါ်မှ ပြောဆိုချက်များကို ထိုင်းလွှတ်တော်အမတ် Rangsiman က လွှတ်တော်တွင် ပြောဆိုသည်။ Allure P&E ကုမ္ပဏီကို မှတ်ပုံတင်ရန် ‘P’ ဆိုသူကို Upakit က ညွှန်ကြားခဲ့ကြောင်း အွန်လိုင်းပြောဆိုချက်တွင် တွေ့ရသည်။ ထို့အပြင် Upakit ဝင်ငွေဝေစုနှင့် ကုမ္ပဏီဘဏ္ဍာရေးအစီရင်ခံစာကို ‘P’ ဆိုသူက ပေးပို့ခဲ့သည်။

ဖမ်းဆီးခံထားရသည့် ‘P’ က Upakit ထံ ဆက်သွယ်ရာတွင် “အလုပ်ရှင် သူဌေး” ဟု ခေါ်ဆိုထားသည်။ 

ပေါက်ကြားလာသည့် ထိုပြောဆိုချက်များအရ ကုမ္ပဏီအမှတ်တံဆိပ် ဒီဇိုင်းရေးဆွဲခြင်းမှ ရုံးခန်းနေရာ ချထားခြင်းအထိ Upakit ပါဝင်ပတ်သက်နေကြောင်း သက်သေပြနေသည်။

ထွန်းမင်းလတ်နှင့် Upakit တို့ အပြန်အလှန်ဆက်သွယ်ပြောဆိုထားသည့် ပေါက်ကြားလာသော အွန်လိုင်းဆက်သွယ်မှု

Rangsiman အဆိုအရ လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသည့် ‘P’ သည် ကုမ္ပဏီရှယ်ယာများကို အခြားပုဂ္ဂိုလ်တစ်ဦးအတွက် အမည်ခံပိုင်ဆိုင်သူဖြစ်ကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI) ထံ ဖွင့်ချထားသည်ဟု ဆိုသည်။

ပေါက်ကြားလာသည့် နောက်ထပ်အချက်တစ်ချက်မှာ “N” ဆိုသူကို အခြားကုမ္ပဏီတစ်ခု၏ ဘုတ်အဖွဲ့ဝင်အဖြစ် ထည့်သွင်းရန် ထွန်းမင်းလတ်က Upakit ကို တောင်းဆိုခဲ့ကြောင်း တွေ့ရသည်။ ဦးထွန်းမင်းလတ်က ‘Ou’ ဟု ခေါ်ဝေါ်သုံးနှုန်းသည့် Upakit ထံ လျှပ်စစ်ဝယ်ယူသည့် ဘဏ်ငွေပေးချေမှုပြေစာများ ပေးပို့ခဲ့သည်ကိုလည်း ပေါက်ကြားလာသည့် အွန်လိုင်းဆက်သွယ်မှုတွင် တွေ့ရသည်။

လက်ရှိတွင် လွတ်မြောက်နေသည့် Allure Group ၏ အဓိကရှယ်ယာရှင်နှင့် အွန်လိုင်းလောင်းကစားတွင် အရေးပါသူတစ်ဦးဖြစ်သော Pannarong Khunpitak ၏ လက်မှတ်အတုပြုလုပ်ရန်လည်း ထွန်းမင်းလတ်ကို Upakit က မေးမြန်းထားကြောင်း ထိုင်းလွှတ်တော်အမတ် Rangsiman က ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုအွန်လိုင်းပြောဆိုချက်များတွင် Upakit သည် Pannarong ၏ နိုင်ငံကူးလက်မှတ်မိတ္တူကိုလည်း ထွန်းမင်းလတ်ထံ ပေးပို့ခဲ့သည်ကို တွေ့ရသည်ဟု Rangsiman က ဆိုသည်။

Upakit လွှတ်တော်အမတ်ဖြစ်ပြီးချိန် ၂၀၂၀-၂၁ တွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ထိုပြောဆိုချက်များသည် ၂၀၁၉ ခုနှစ် Upakit လွှတ်တော်အမတ်မဖြစ်မီကတည်းက ကုမ္ပဏီမှ နုတ်ထွက်ခဲ့ကြောင်း ဖော်ပြသည့် ကော်ပိုရိတ်မှတ်တမ်းများနှင့် ရှေ့နောက်မညီ ဖြစ်နေသည်။

ရာဇဝတ်မှုဆိုင်ရာတရားရုံးက Upakit ကို ဖမ်းဝရမ်းထုတ်ထားမှု ရုပ်သိမ်းသည့် ၂၀၂၂ အောက်တိုဘာ ၃ တရားရုံးအမိန့်ကိုလည်းRangsiman က ထပ်လောင်းတင်ပြခဲ့သည်။ ထွန်းမင်းလတ်နှင့် အခြားနှစ်ဦးမှာ စက်တင်ဘာတွင် အဖမ်းခံခဲ့ရသည်။

Upakit ကို မနက်ပိုင်းတွင် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း နေလယ်ပိုင်းတွင် ဝရမ်းပြန်လည်ရုပ်သိမ်းခဲ့သည်။ အကြောင်းရင်းမှာ Upakit သည် မဖမ်းဆီးရဘဲ ဆင့်ခေါ်မေးမြန်းရမည့် အရေးကြီးပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ဟု Rangsiman က ဆိုသည်။

Rangsiman ၏ ပြောဆိုချက်သည် ဖမ်းဝရမ်းကို အလျင်အမြန်ရုပ်သိမ်းကြောင်း Prachatai သတင်းဌာနနှင့် ရာဇဝတ်ဂိုဏ်းနှင့် ခြစားမှုများ စုံစမ်းဖော်ထုတ်ရေးစီမံချက်(OCCRP) အဖွဲ့တို့၏ အောက်တိုဘာလက ဖော်ထုတ်ချက်အပေါ် သေချာသွားစေသည်။

၁၉၉၀ တွင် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် အပန်းဖြေဟိုတယ်တည်ဆောက်ရန် Upakit ကို ဦးထွန်းမင်းလတ်၏ ဖခင်ဖြစ်သူက ကူညီပေးခဲ့ကြောင်း Justice For Myanmar အဖွဲ့၏ အစီရင်ခံစာကို ကိုးကား၍ Rangsiman က ဆက်လက်ပြောဆိုခဲ့သည်။ 

ကာစီနိုလောင်းကစားနှင့် ဖျော်ဖြေရေးလုပ်ငန်းပါဝင်သည့် ထိုဟိုတယ်လုပ်ငန်းမှ ဝင်ငွေ ၆ ရာခိုင်နှုန်းကို မြန်မာစစ်တပ်ကို ခွဲဝေပေးရပြီး Upakit ၏စီးပွားရေးလုပ်ငန်းများသည် မြန်မာစစ်တပ်ကို အကျိုးအမြတ်ရရှိစေကြောင်းလည်း Rangsiman က ပြောသည်။

Ruam Thai Sang Chart ပါတီရုံးခန်းအဖြစ် အသုံးပြုနေပြီး Upakit ပိုင်ဆိုင်သည်ဆိုသော မြေဂရန်

ထို့နောက် Rangsiman သည် မြို့တော်ဘန်ကောက်ရှိ Upakit ပိုင်ဆိုင်သည့် မြေကွက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထိုနေရာသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ် တရားဝင်ပါဝင်နေသည့် အသစ်စက်စက် တည်ထောင်ထားသော Ruam Thai Sang Chart Party ပါတီ၏ ရုံးခန်းတည်ရှိရာ နေရာဖြစ်သည်။ 

Upakit ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ထိုင်ဝန်ကြီးချုပ် ပရာယွတ် သို့မဟုတ် ပရာဝတ်ဝမ်ဆူဝန် (Prawit Wongsuwan) ဦးဆောင်သည့် ဆီးနိတ်လွှတ်တော် ရွေးချယ်ရေးကော်မတီက လုံလောက်သည့် စုံစမ်းမှုများ ပြုလုပ်ခဲ့ပါရဲ့လားဟု လွှတ်တော်အမတ် Rangsiman က မေးခွန်းထုတ်ခဲ့သည်။

ထိုင်ဝန်ကြီးချုပ်နှင့် ပရာဝတ်ဝမ်ဆူဝန်တို့သည် Upakit ၏ စီးပွားရေးလည်ပတ်မှုကို သိရှိရုံမက နိုင်ငံရေးရာထူးပါ ပေးခဲ့ခြင်းကြောင့် ယင်းတို့ အာဏာတည်မြဲရေးအတွက် Upakit က ပြန်လည်ကူညီနိုင်မည်ဟုလည်း Rangsiman က ထောက်ပြ ပြောဆိုခဲ့သည်။

ယခုကဲ့သို့ မလျော်ကန်မှုများနှင့် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင် တိုက်ဆိုင်နေသည့် အချက်အလက်များက Upakit ကို တရားစွဲဆိုထားခြင်းမှ ကင်းလွတ်နိုင်လိမ့်မည်ဟုလည်း Rangsiman က ပြောဆိုသည်။ ယခုညှိနှိုင်းမှုအခြေအနေများနှင့် နောက်ကွယ်မှ အချက်အလက်များသည် Upakit ထံမှ ကာလရှည်ကြာ အကျိုးအမြတ်ရနေပြီး Upakit ကို ဆက်လက်အသုံးချလိုနေသည့် ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကြောင့်သာ ဖြစ်သည်ဟုလည်း Rangsiman က ပြောသည်။

“Upakit ကို လွှတ်တော်အမတ်အဖြစ် ဗိုလ်ချုပ်ကြီးပရာယွတ်ရဲ့ ခန့်အပ်မှုက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ သူ့ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုခန့်အပ်ဖို့ မဲပေးရာမှာ အကူအညီပေးနိုင်ရုံသာမက ပါတီအသစ်ထောင်ရာမှာလည်း ကူညီပေးပါတယ်။ Ruam Thai Sang Chart ပါတီအနေနဲ့ မြေနေရာနဲ့ အဆောက်အအုံငှားရမ်းမှုစာချုပ်တွေ ရှိမရှိဆိုတာကို ပရာယွတ်ကို ရှင်းပြဖို့ တောင်းဆိုပါတယ်။ ရှိခဲ့ရင် ဈေးဘယ်လောက်လဲ။ ဒါမှမဟုတ် ရက်ရောတဲ့ အခမဲ့ငှားရမ်းမှုလား” ဟု Rangsiman က လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button