စစ်တပ် မီးသုံးကြိမ်ရှို့သည့် ခင်ဦး၊ ငါးတင်းကြီးရွာ ထက်ဝက်ခန့် ပျက်စီး

မိုးရေစိုနေသည့် နေအိမ်များ မီးလောင်ပျက်စီးစေရန် စစ်တပ်က နည်းမျိုးစုံသုံးခဲ့ပြီး ၂၄ နာရီအတွင်း ရှို့သည့်မီးကြောင့် လယ်ယာထွက်ကုန်များပါ ဆုံးရှုံးသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ငါးတင်းကြီးရွာ မီးလောင်နေသည်ကို ဧပြီ ၃ ရက် ညပိုင်း၌ မြင်တွေ့ရ စဉ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အရှေ့ဘက် အိမ်ခြေ ၆၀၀ နီးပါးရှိသော ငါးတင်းကြီးရွာကို ၂၄ နာရီအတွင်း စစ်တပ်က သုံးကြိမ်မီးရှို့ရာ အိမ်ခြေထက်ဝက်ကျော်နှင့် ပဲဆီ၊ ပြောင်း၊ မြေပဲစသည့် ခြံထွက်သီးနှံများ ပျက်စီးသည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။

ထိုရွာသို့ စစ်သားအင်အား ၈၀ ခန့် ရောက်လာပြီး နံနက်နှင့် မွန်းလွဲပိုင်းတွင် နှစ်ကြိမ်မီးရှို့သည်ဟု စစ်ကောင်စီ၏ လုပ်ရပ်များကို မှတ်တမ်းတင်နေသည့် ခင်ဦးမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့က ယမန်နေ့ (ဧပြီ ၃) ညပိုင်းတွင် ညတွင်းချင်း သတင်းထုတ်ပြန်ထားသည်။

ယနေ့ (ဧပြီ ၄) နံနက် ၄ နာရီခန့်တွင်လည်း စစ်တပ်က ထပ်မံမီးရှို့သည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။​

“(ဧပြီ ၃) မနက်ခင်းက ၁၀ အိမ်လောက် ရှို့တာ။ ကျွန်တော့်ဆီက မိုးလေး ရွာလိုက်သေးတာကိုး။ မနက်ပိုင်း ရှို့တဲ့မီးက သိပ်မလောင်ဘူး။ သူတို့က စောင့်ပြီးတော့ နေပူတဲ့အချိန်မှ ရှို့လိုက်တော့ တော်တော်လောင်သွားတာပေါ့။ သူတို့မလာခင် မိုးတွေက အရင်ရွာချထားတာ” ဟု ၎င်းက ပြောသည်။

စစ်တပ်က ရွာကိုဝင်စဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မိုးရေစိုနေသည့် နေအိမ်များ မီးလောင်ကျွမ်းစေရန် စစ်တပ်က နည်းမျိုးစုံဖြင့် အားထုတ်ခဲ့ကြောင်း၊ ၎င်း၏နေအိမ် မီးစွဲခဲ့သော်လည်း လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း ထိုသူက ဆက်ပြောသည်။

“ရေနံပိုက်တွေနဲ့ရှို့၊ ဖိနပ်တွေရှို့၊ တာယာပိုက်တွေနဲ့ရှို့ အဲဒီလိုလုပ်ကြတာ။ နေ့ခင်းကျတော့ တစ်နေ့လုံး ရှို့ကြတာပဲ။ (ဧပြီ ၄) မနက် ၄ နာရီ (စစ်ကောင်စီတပ်) အပြန်ထိအောင် ရှို့သွားတာ။ တော်တော်လေး ယုတ်မာပါတယ်” ဟု ၎င်းက ဆိုသည်။ 

စစ်တပ်ဝင်စီးစဉ် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့၍ ထိခိုက်ဒဏ်ရာရသူမရှိဟု အသက် ၃၀ ကျော်အရွယ် ငါးတင်းကြီးရွာသူတစ်ဦးကလည်း ပြောသည်။

ငါးတင်းကြီးရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ ရှိသည်ဆိုကာ စစ်ကောင်စီထံ သတင်းပေးသူများကြောင့် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ၎င်းတို့က ယူဆကြသည်။ 

စစ်တပ် ပြန်ထွက်ခွာသွားချိန်တွင် ရွာသို့ ပြန်၍ ကြည့်ရာ နွားနှစ်ကောင် သေနတ်ဖြင့် ပစ်ခံထားရသည်ကို တွေ့ရသည့်နည်းတူ ဘုန်းကြီးကျောင်းအတွင်း၌လည်း လက်နက်ကြီးအပိုင်းအစနှစ်ခု ရှာတွေ့သည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ခုလုံးထံမှ သိရသည်။ 

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်ဖြစ်၍ ပျက်စီးမှုနှင့်သက်ဆိုင်သည့် ဓာတ်ပုံအထောက်အထားများကို Myanmar Now က လက်ခံရရှိခြင်း မရှိသေးပေ။

ထို့အတူ စစ်ကောင်စီထံ မေးမြန်း၍ မရသေးပါ။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နှင့် ငါးတင်းကြီးရွာ အခြေပြ ကောင်းကင်ဓာတ်ပုံ။

အထက်ပါ သတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီ၏ရန်ကြောင့် ငါးတင်းကြီးကျေးရွာ အပါအဝင် အုန်းပင်ကုန်း၊ ယောက်သွားအိုင်၊ ရှားလွင်၊ ကုလားလူး၊ မင်းဝံစိုက်ကွင်း စသည့် ရွာပေါင်း ၁၀ ရွာထက်မနည်းမှ ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု သိရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံအနှံ့ရှိ လူနေအိမ်ပေါင်း ၈၀၀၀ နီးပါး ပျက်စီးသည်ဟု Data for Myanmar အဖွဲ့က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။​

ထိုအဖွဲ့၏အဆိုအရ မီးရှို့ခံရသည့် နေရာပေါင်း ၂၀၀ ကျော်ရှိသည့်အနက် အညာဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှာ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်မှာ တတိယအများဆုံးဖြစ်သည်။ 

စစ်ကောင်စီက ၎င်းတို့ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များ အားကိုးဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို ဖိနှိပ်နေပြီး စစ်ရှိန်မြှင့်မည်ဟု မတ် ၂၄ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

ထိုမီးရှို့ဖျက်ဆီးမှုများမှာ PDF များ၏ လက်ချက်သာဖြစ်သည်ဟု ကြိုတင်ရိုက်ကူးထားသော ရုပ်သံအချို့ကို ဖွင့်ပြလျက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကမူ စစ်ကောင်စီက ထွင်နေကျလုပ်ဇာတ်များကို ထုတ်သုံးခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“လူပေါင်းများစွာ သူတို့သတ်ခဲ့ပြီးပြီ။ အိမ်ပေါင်းများစွာ ပြာကျအောင် သူတို့လုပ်ခဲ့ပြီးပြီ။ အဲဒါကို ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုမျိုးပဲ။ ကျွန်တော်တို့က (ကိုယ့်) ရွာကိုယ် မီးရှို့တယ်ဆိုတဲ့စကားက ကလေးကလားဆန်လွန်းပါတယ်” ဟု  ၎င်းက တုံ့ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆၊ ၂၀၁၇ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း လူပေါင်း ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရချိန်ကလည်း ထိုသို့ နေအိမ်များမီးလောင်မှုကို ကိုယ့်ဘာသာရှို့၍ ပြေးကြသည်ဟု စစ်တပ်က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုဖူးသည်။

စစ်တပ်၏ ထိုလုပ်ရပ်ကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို မြန်မာနိုင်ငံက ရင်ဆိုင်နေရဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။