သတင်း

ကက်သလစ်သာသနာပိုင် ချားလ်စ်မောင်ဘို၏ ဇာတိရွာ မီးထပ်ရှို့ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လေတပ်၊ ကြည်းတပ်၏ဒဏ်ခံထားရဖူးသောရွာကို စစ်ကောင်စီတပ် ထပ်မံစီးနင်းရာ စစ်ရှောင်များ ခိုလှုံသည့်နေရာ အပါအဝင် နေအိမ် ၇၀ ခန့် မီးလောင်သွားသည်။

မြန်မာပြည် ကက်သလစ်သာသနာပိုင် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို၏ ဇာတိဖြစ်သည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို စစ်တပ်က ယနေ့ (မတ် ၂၈) နံနက်တွင်  ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့ကြောင်း သိရသည်။

ပျူစောထီး ခေါ် ပြည်သူ့စစ်အမာခံနယ်မြေ ကန့်ဘလူမြို့နယ်မှ ထွက်လာသည့် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းသည် ပြီးခဲ့သည့် တစ်ပတ်အတွင်း တန့်ဆည်၊ ရေဦးမြို့နယ် ကျေးရွာများကို စီးနင်း၍ သတ်ဖြတ်၊ မီးရှို့မှုများ ကျုးလွန်ခဲ့ပြီးနောက် ခင်ဦးမြောက်ဘက်ခြမ်းသို့ ဝင်ရောက်လာကာ ယနေ့နံနက်တွင် မုံလှကျေးရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်။

အင်အား ၁၀၀ ကျော်ပါသည့် ထိုစစ်ကြောင်း ရွာအတွင်းမှ ပြန်ထွက်သွားသည့် နေ့လယ်ပိုင်းတွင် ဒေသခံများ မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြသည်၊ အိမ်ခြေ ၇၀ ခန့် မီးလောင်သွားသည်ကို တွေ့ရ​သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လောလောဆယ်လိုက်ကြည့်တာတော့ ၇၀ လောက် ပါသွားတယ်၊ စာသင်ကျောင်းရော ကျောင်းထဲ အဆောက်အအုံတွေ အကုန်ပါသွားတာ” ဟု သူက ဆိုသည်။

အိမ်ခြေ ၅၀၀ ကျော်ရှိ မုံလှကျေးရွာကို စစ်ကောင်စီက ကြည်းတပ်၊ လေတပ် စေလွှတ်ပြီး စစ်ဆင်ဖူးသည်၊ ၂၀၂၂ နိုဝင်ဘာလ အတွင်းက အင်အား ၈၀ ဝန်းကျင် ပါဝင်သည့် စစ်ကြောင်းက ရွာကို တစ်ကြိမ် စီးနင်းမီးရှို့ထားရာ အထက်တန်းကျောင်းဆောင် တစ်ဆောင်၊ အိမ်ခြေ ၁၅၀ ခန့် ထိုစဉ်က မီးလောင်ကျွမ်းခဲ့သည်။

၂၀၂၂ နိုဝင်ဘာအတွင်း မုံလှရွာမီးရှို့ခံစဉ်က ပျက်စီးခဲ့သော နေအိမ်တစ်လုံး။ (ဓာတ်ပုံ- Myanmar Now)

မပျက်စီးဘဲ ကျန်နေသည့် ကျန်ကျောင်းဆောင်တစ်ခုတွင် ပျူစောထီးအားကောင်းသည့်ရွာများမှ ထွက်ပြေးလာသော စစ်ရှောင် ၁၀၀ ကျော်ကို ကာလရှည်လက်ခံထားသည့်နေရာဖြစ်ရာ ယနေ့ မီးရှို့မှုတွင် ထိုအဆောက်အအုံ ပါဝင်သွားကြောင်း သိရသည်။

“စစ်ရှောင်တွေလက်ခံထားတဲ့နေရာကွာ ဒီစစ်ရှောင်တဲ့နေရာကို ရှို့တာကွာ၊ ကျောင်းတင်မဟုတ်ဘူး၊  (စာသင်ကျောင်းဝင်းရှိ စစ်ရှောင်များနေထိုင်ရာ) တဲတွေပါ မီးရှို့သွားတာ။ ဒုက္ခသုက္ခများတာ၊ အဆင်မပြေလို့မှ လာနေကြတာကိုကွာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ထိုစစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်းရှိ ပျူစောထီးအထိုင်စခန်းရှိရာ ပျဉ်ထောင်ရွာမှ မြောက်ဘက် ၄ မိုင်အကွာရှိ မုံလှကျေးရွာဘက်သို့ ထွက်လာကြစဉ် ရွာအနီးသို့အရောက် တစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ လက်နက်အင်အားကွာဟမှုကြောင့် နောက်ဆုတ်ပေးလိုက်စဉ် စစ်တပ်က ရွာသို့ သွားရောက် ဖျက်ဆီးခဲ့ကြောင်း မုံလှရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် က ပြောသည်။

“ထင်မထားတဲ့ ဘက်ကလာတာဆိုတော့ မိုင်းက အခြားနေရာဆင်ထားတာ၊ လက်နက်ခဲယမ်း ကွာတာလည်း ပါတယ်.. ဆုတ်ပေးလိုက်တာ….  ရွာကိုတော့ မီးတင်တာပဲ”

ပထမကြိမ်က မီးရှို့ခံရသည့် မုံလှရွာစာသင်ကျောင်း၏ ကျောင်းဆောင်တစ်ခု။ (ဓာတ်ပုံ – Myanmar Now)

တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ် မသိရှိရသေးသလို ရွာမီးလောင်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မီးရှို့ပြီးနောက် စစ်သားများသည် ထိုရွာမြောက်ဘက် ၃ မိုင်အကွာရှိ ပျူစောထီး အားကောင်းသည့် အောင်သာယာကျေးရွာအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

မုံလှကျေးရွာတွင် ဘရင်ဂျီဟုခေါ်သည့် ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပြီး   ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် အထက်တန်းကျောင်းတို့ ရှိသည်။

၂၀၂၂ နိုဝင်ဘာလအတွင်း စစ်ကောင်စီစီးနင်းမှုတွင် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ခုခံတိုက်ခိုက်သည့် ဒေသကာကွယ်ရေးသမား ၆ ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းပြီးချိန်မှစပြီး သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) ရှိကြောင်း မီးလောင်ပျက်စီးမှုများကို လေ့လာစောင့်ကြည့်နေသည့် Data for Myanmar အဖွဲ့ ၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button