သတင်း

ချားလ်စ်မောင်ဘို၏ဇာတိရွာ ဒုတိယအကြိမ်ဝင်စီးခံရ၊ ကလေး ၁ ဦးအပါအဝင် ၈ ဦးသေ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သာသနာပိုင် ကာဒီနယ်လ်ချားလ်စ်မောင်ဘို၏ စစ်ကိုင်းတိုင်းမှ ဇာတိရွာကို စစ်တပ်က ဒုတိယအကြိမ်ဝင်စီးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ ၈ ဦး သေဆုံးကြောင်း သိရသည်။​

ကက်သလစ်သာသနာပိုင်၏ ဇာတိရွာဖြစ်သော စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မြောက်ပိုင်းရှိ မုံလှကို ယခု ၂၃ ရက်တွင် လေကြောင်းပစ်ကူနှင့်အတူ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်း ဝင်ရောက်ခဲ့ပြီးနောက် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ခုခံတိုက်ခိုက်သည့် ဒေသကာကွယ်ရေးသမား ၆ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်ဝင်သည့်နေ့တွင် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး စစ်သားများ ပြန်ထွက်သွားပြီးနောက် ကာကွယ်ရေးအဖွဲ့ ၆ ဦးနှင့် အသက် ၉ နှစ်အရွယ် ကလေးငယ်၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းတွင် တွေ့ရှိခဲ့သည်။

ခုခံတိုက်ခိုက်ရင်း သေဆုံးခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးမှာ ခင်ဦးတောင်ပိုင်းအခြေစိုက် တပ်ပေါင်းစုအဖွဲ့မှဖြစ်ကြောင်း စစ်တပ်ဝင်စီးစဉ် ထွက်ပြေးလွတ်မြောက်ခဲ့သူ မုံလှရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။​

“လေကြောင်းလာလို့ ပြန်ဆုတ်တဲ့အချိန်မှာ ခုကျတဲ့သူတွေက နယ်မြေခံမဟုတ်တော့ နယ်မြေကျွမ်းကျင်မှု အားနည်းသွားတာပေါ့။ သူတို့က ရွာအရှေ့ဘက်မှာ လေကြောင်းကို အဓိကထား ပုန်းလိုက်တဲ့အချိန်မှာ ပိတ်မိသွားတာ” ဟု ၎င်းက ပြောသည်။

“(စစ်သားတွေနဲ့) ပေ ၂၀ လောက်ပဲ ကွာတာ။​ အိမ်ကြိုအိမ်ကြားကနေ ထွက်ပြေးရတာ၊ တောက်လျှောက်ပစ်တာ၊ ပုစဉ်း (ရဟတ်ယာဉ်) ကြည့်လိုက် ရပ်လိုက်နဲ့။ ကိုယ့်ဘက်က ..ကျည်ကို ဖောက်ချိန် မရဘူး” ကလေးငယ်မှာ ရွာအရှေ့ဘက်တွင် နွားကျောင်းနေစဉ် ရဟတ်ယာဉ်မှ ပစ်ခတ်သော ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကန့်ဘလူမြို့နယ် ကာဘိုးရွာမှ စထွက်လာခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ကြည်စုရွာ (ကျီစု) နှင့် ကျောက်တိုင်ရွာတို့ကို မီးရှို့ဖျက်ဆီးပြီးနောက် နောက်တစ်ရက်တွင် မုံလှရွာကို ရောက်လာခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

အထက်ပါ အစ္စလာမ်ရွာများအပြင် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာကို မီးရှို့ထွက်လာသည့် စစ်တပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အကျအဆုံးရှိသည်ဟု မုံလှရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။“မိုင်းထိတာကိုက ၇ ယောက်လောက် ကျတယ်။ အလောင်းကောက်တာကို လိုက်ပစ်တာကိုက မျက်မြင် ၁၅ ယောက်လောက် ကျတယ်။ (စစ်သားတွေ) ဘယ်လိုမှ ရှေ့တက်လို့ မရဘူး” 

ထိုသို့တိုက်ခိုက်ခံရစဉ် စစ်တပ်က ပင်စိမ်းခင်းရွာထဲ ပြန်ဝင်ပြီးနောက် လက်နက်ကြီးဖြင့် ပြန်ပစ်ကြောင်း၊​ ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၄၀ အရွယ် ဒေါ်မြဆိုသူ ထိမှန်သေဆုံးကြောင်းလည်း ၎င်းက ပြောသည်။​

ထိုနေ့ညနေပိုင်း၌ပင် ကာဒီနယ်လ်ချားလ်စ်မောင်ဘို၏ ရွာဖြစ်သော မုံလှကို စစ်တပ်ရောက်လာပြီး မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် ၁၅၀ ခန့် မီးလောင်ပျက်စီးသွားသည်ဟု ယနေ့ ရွာသို့ ပြန်ရောက်နေသည့် ရွာသားတစ်ဦးက ပြောသည်။ 

“စိတ်မကောင်းတော့ ဖြစ်တာပေါ့ဗျာ။ အကုန် တစ်စစီဖြစ်နေတာ၊ အထက်တန်းကျောင်းကြီးလည်း မီးရှို့ဖျက်သွားတာ၊ ပညာရေးလုပ်မယ်လို့ ကြိုးစားဆဲပေါ့ဗျာ။ ကျောင်းတောင် မဖွင့်သေးဘူး၊ လက်ခံဖို့ တိုင်ပင်တုန်းရှိသေးတယ်” ဟု ထိုရွာသားက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရဟန်းမင်းအမတ် ချားလ်စ်မောင်ဘို၏ဇာတိ မုံလှရွာအနီးတစ်ဝိုက်ကို စစ်တပ်က ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်ခဲ့ရာ ရွာကာကွယ်ရေးအဖွဲ့ဝင် ၁၂ ဦးအထိ သေဆုံးခဲ့ရသည်။

“ရွာမီးဘယ်လောက်ရှို့ရှို့ ရဲဘော်တွေ ဘယ်လောက်ကျကျ ရှေ့တိုးမယ့်ခြေလှမ်းခွန်အားသစ်ဖြစ်တာပေါ့။​ ပိုပြီးတော့ ခံပြင်းစိတ် ပြင်းထန်တယ်။ ဒေသခံပြည်သူတွေကအစ ပိုပြီးစည်းလုံးလာတယ်။ မီးရှို့ခံရမယ်ဆိုတာ သိတယ်။ ဘယ်သူမှ သွေးကြောင်မသွားဘူး” ဟု မုံလှရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ခုခံတော်လှန်စိတ် ပြင်းထန်သည့် စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီက မနားတမ်း တိုက်ခိုက်ဖျက်ဆီးလျက်ရှိပြီး ခင်ဦးတစ်မြို့နယ်တည်း၌ပင် ရွာပေါင်း ၄၇ ရွာမှ နေအိမ်အလုံး ၂၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကာ သေဆုံးသူအရေအတွက်မှာ ၂၁၈ ဦးရှိသည်ဟု ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စာရင်းပြုစုထားသည်။​

အာဏာသိမ်းပြီးနောက် စစ်တပ်က ဘာသာလူမျိုးမခွဲခြားဘဲ ဆန့်ကျင်သူမှန်သမျှကို တိုက်ခိုက်ချေမှုန်းနေပြီး ပြီးခဲ့သည့်နှစ်အတွင်းက ကယားပြည်နယ်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ တိုက်ခိုက်ခံရစဉ် ဘာသာရေးနှင့် ဆိုင်သော နေရာများကို ပစ်မှတ်မထားရန် ရဟန်းမင်းအမတ် ချားလ်စ်မောင်ဘို က တောင်းဆိုခဲ့ဖူးသည်။​

သို့သော် ရက်စက်ကြမ်းကြုတ်သော လူရပ်များအတွက် အဓိကတာဝန်ရှိသူ အာဏာသိမ်းခေါင်းဆောင်နှင့် ခရစ္စမတ်နေ့တွင် အတူတွဲတွေ့ရှိရပြီးနောက် ကက်သလစ်သာသနာပိုင်မှာ လူအများ၏ ပြစ်တင်ဝေဖန်မှုကို ရင်ဆိုင်နေရသည်။​

မြန်မာနိုင်ငံရှိ ကက်သလစ်ဘာသာဝင်များ၏ ပထမဆုံး ရဟန်းမင်းအမတ်အဖြစ် ၂၀၁၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး၏ ရွေးချယ်ခြင်းခံရသူ ချားလ်စ်မောင်ဘိုမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နှစ်ကြိမ်ထက်မနည်း တွေ့ဆုံထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button