သတင်း

စစ်ကိုင်းတွင် ပျူစောထီးအားကိုးဖြင့် စစ်ရှိန်မြှင့်ရန် စစ်ကောင်စီကြုံးဝါး

လက်နက်ကိုင်ခုခံတော်လှန်မှု ပြင်းထန်သော စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ပြီး ရွာစဉ်လှည့် မီးရှို့နေသည့် စစ်ကောင်စီက ပျူစောထီးအဖွဲ့များအားကိုးဖြင့် စစ်ရှိန်မြှင့်ရန် နေပြည်တော်၌ ယနေ့ (မတ် ၂၄) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ကြုံးဝါးလိုက်သည်။ 

စစ်ကောင်စီက ၎င်းတို့ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို နှိမ်နင်းလျက်ရှိစဉ် စစ်ရှိန်မြှင့်တင့်မည်ဟု ထပ်မံပြောဆိုခြင်း ဖြစ်သည်။ 

“ပြည်သူလူထုပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးစနစ်ကို ကျွန်တော်တို့ အရှိန်မြှင့်တင်ဆောင်ရွက်ပြီးတော့ ပြည်သူလူထုကို ကာကွယ်နိုင်အောင် …ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသူများကို ဒေသခံလူထုက ပျူစောထီးဟု မှတ်ယူထားသည်။  

ပြီးခဲ့သည့်လ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သော စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပွဲတွင် စစ်ကိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ဖွဲ့ကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးထားကြောင်း တင်ပြခဲ့သည်။ 

အမျိုးသားဝန်ထမ်းများကို စည်းရုံးကာ စစ်သင်တန်းနှင့် လက်နက်တပ်ဆင်ပေးရန်လည်း ထိုအစည်းအဝေးတွင် စစ်ကိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြတောင်းခံခဲ့သည်ကို Myanmar Now က ရရှိထားသည့် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

စစ်ကိုင်းတွင် စစ်ကောင်စီက ပျူစောထီးအဖွဲ့ကို ဖိအားပေး၍ ထူထောင်ထားခြင်းသာဖြစ်ပြီး ထင်သလောက် အင်အားမရှိဟု ပုလဲမြို့နယ်အခြေစိုက် တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက ဆိုသည်။

“အဲဒီပျူစောထီးဆိုတာကလည်း ကြောက်လို့သာ ဝင်ထားရတာ၊ တကယ်တိုက်ပြီဆိုတော့ မတိုက်ချင်ဘူး။ ကိုယ့်ပြည်သူကိုယ့်ပြည်သူချင်း မတိုက်ချင်တဲ့အခါကျတော့ (စစ်တပ်က) သူတို့က မိသားစုတွေနဲ့ ချုပ်နှောင်ထားတာ၊ အဲဒီလိုလူတွေကို ကျွန်တော်တို့ကိုယ်တိုင် မြင်ဖူးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ထိုသို့ ပြည်သူ့စစ်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း လုံခြုံရေးအတွက် ၁၀၀ ရာခိုင်နှုန်း အာမခံချက်မပေးနိုင်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ 

“လုံခြုံရေးကတော့ ဘယ်နိုင်ငံမှာမှ ၁၀၀ ရာခိုင်နှုန်း အာမမခံနိုင်ပါဘူး။ တတ်နိုင်သမျှ တည်ငြိမ်အေးချမ်းအောင်နဲ့ တရားဥပဒေစိုးမိုးအောင် ကြိုးစားဆောင်ရွက်လျက်ရှိတယ်” 

စစ်ကောင်စီသည် ယခုလဆန်းပိုင်းတွင် အဓိကမြို့ကြီးလေးခုမှလွဲ၍ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးကို အင်တာနက်ဖြတ်တောက်ကာ နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ 

အာဏာသိမ်းသည့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုလ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းတွင် လူနေအိမ်ခြေပေါင်း ၂၅၀၀ နီးပါးကို စစ်တပ်က မီးရှို့ခဲ့ကြောင်း Data For Myanmar အဖွဲ့၏စာရင်းများက ဆိုသည်။ 

စစ်ကောင်စီ၏ ပြောခွင့်ရသူကမူ ထိုမီးရှို့ဖျက်ဆီးမှုများမှာ PDF များ၏ လက်ချက်သာဖြစ်သည်ဟု ကြိုတင်ရိုက်ကူးထားသော ရုပ်သံအချို့ကို ဖွင့်ပြလျက် ယနေ့သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်သည်။

“အင်အားသုံးပြီး တိုက်ခိုက်တာတွေ မီးရှို့တာတွေ ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ ဒါကို တပ်ကပဲ လုပ်သလိုဆိုပြီးတော့ ထုတ်လွှင့်ခဲ့တာတွေရှိပါတယ်။ ရွာတွေမီးလောင်တော့လည်း အစိမ်းအိမ်လောင်သလို အနီအိမ်လည်း လောင်ပါတယ်။ အနီအိမ်မလို့ မီးကွင်းသွားတာ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို အနီ၊ NLD ဝင်ပြိုင်သည့် ရွေးကောက်ပွဲတိုင်းတွင် အပြတ်အသတ်ရှုံးတတ်သည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အစိမ်းဟု ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

“လူပေါင်းများစွာ သူတို့သတ်ခဲ့ပြီးပြီ။ အိမ်ပေါင်းများစွာ ပြာကျအောင် သူတို့လုပ်ခဲ့ပြီးပြီ။ အဲဒါကို ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုမျိုးပဲ။ ကျွန်တော်တို့က (ကိုယ့်)ရွာကိုယ် မီးရှို့တယ်ဆိုတဲ့စကားက ကလေးကလားဆန်လွန်းပါတယ်” ဟု ဗိုလ်နဂါးက တုံ့ပြန်သည်။

“ဒါက ထွင်နေကျ ဇာတ်လမ်းတွေပါဗျာ၊ သူတို့လုပ်နေကျ အလုပ်တွေ သူတို့ရေးနေကျ ဇာတ်လမ်းတွေနဲ့ ကျွန်တော်တို့ကို လွှဲချတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆၊ ၂၀၁၇ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း လူပေါင်း ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရချိန်ကလည်း ထိုသို့ နေအိမ်များမီးလောင်မှုကို ကိုယ့်ဘာသာရှို့၍ ပြေးကြသည်ဟု စစ်တပ်က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုဖူးသည်။

စစ်တပ်၏ ထိုလုပ်ရပ်ကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို မြန်မာနိုင်ငံက ရင်ဆိုင်နေရဆဲဖြစ်သည်။

မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်သည့် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မတ် ၂၁ ရက်တွင် ဝါရှင်တန်ဒီစီ၌ ထုတ်ဖော်ပြောဆိုထားသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ မြင့်တက်နေသည်။

ထိုအခြေအနေတွင် ရခိုင်တွင် ပြုမူဖူးသကဲ့သို့ နိုင်ငံအနှံ့တွင် အလားတူလုပ်ဆောင်နေဆဲဖြစ်ကာ ဟိုးလေးတကျော်ဖြစ်သည့် လုပ်ရပ်များကို စစ်တပ်က အစဉ်တစိုက် ငြင်းဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button