စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

မြန်မာစစ်တပ်၏ မိတ်ဖက်ကုမ္ပဏီ တယ်လီနောကို အဓိကပိုင်ဆိုင်သူ ဖြစ်လာဖွယ်ရှိ

လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ပူးပေါင်းထူထောင်ထားသည့် Investcom အမည်ရ ကုမ္ပဏီမှာ သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော တယ်လီနောမြန်မာပိုင်ရှင်သစ် ဖြစ်လာဖွယ်ရှိနေသည်။​

ပြည်တွင်းမှ သတင်းရင်းမြစ်တစ်ခုနှင့် Myanmar Now ရရှိထားသည့် အထောက်အထားများအရ တယ်လီနောမြန်မာကို ယခုလ (ဖေဖော်ဝါရီ) အတွင်း အပြီးသတ်လွှဲပြောင်းရောင်းချမည်ဖြစ်ကာ စစ်တပ်၏ ကာလကြာရှည် စီးပွားရေးမိတ်ဖက်တစ်ဦးဖြစ်သော ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာအများစု ပိုင်ဆိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် တယ်လီနောမြန်မာကို M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လက်လွှဲရောင်းချမည်ဖြစ်ကြောင်း နော်ဝေအခြေစိုက် တယ်လီနောအုပ်စုက ပြီးခဲ့သည့်နှစ် ဇူလိုင်လအစောပိုင်းကတည်းက ကြေညာခဲ့သော်လည်း M1 နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးပေါင်းဝယ်ယူမည့် အစီအစဉ်ကို စစ်ကောင်စီက ယခုနှစ်ဆန်းပိုင်းတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လက်ဘနွန်သူဌေးပိုင် M1 အုပ်စုက “Investcom Pte” အမည်ရှိ ကုမ္ပဏီကို ထူထောင်ခဲ့ကြောင်း အထောက်အထား။ 

တယ်လီနောမြန်မာကို ရောင်းချမည့်အကြောင်း ကြေညာပြီးနှစ်ပတ်အကြာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၂ တွင် လက်ဘနွန်သူဌေးပိုင် M1 အုပ်စုက “Investcom Pte” အမည်ရှိ ကုမ္ပဏီတစ်ခုကို စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်။

ထူးခြားသည်မှာ M1 အုပ်စုက စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Investcom Pte ကုမ္ပဏီ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရွှေဗျိုင်းဖြူတယ်လီကွန် (Shwe Byain Phyu Telecom) ကုမ္ပဏီထံ လွှဲပြောင်းခဲ့ကြောင်း စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့် ကုမ္ပဏီများကြီးကြပ်ရေးအာဏာပိုင် (ACRA) မှတ်တမ်းများတွင် တွေ့ရှိရခြင်းဖြစ်သည်။​

Investcom Pte ကုမ္ပဏီ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူတယ်လီကွန်ထံ လွှဲပြောင်းပေးသည့်အထောက်အထား။ 

တယ်လီနောမြန်မာကို အပြီးသတ်ဝယ်ယူရေးအတွက် M1 အုပ်စုနှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ Investcom အမည်ရကုမ္ပဏီ ထူထောင်ကာ နှစ်ဦးနှစ်ဖက် ရှယ်ယာပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန် ညှိနှိုင်းနေကြောင်း Myanmar Now က ဖတ်ရှုခွင့်ရသော ဆက်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ ရုံးတွင်းစာတစ်စောင်တွင် တွေ့ရှိရသည်။ 

Investcom တွင် M1 က ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ရွှေဗျိုင်းဖြူက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော်လည်း Investcom ၏ နောက်ထပ်​ရှယ်ယာများကို ရွှေဗျိုင်းဖြူက ဆက်လက်ဝယ်ယူလိုက်ခြင်းကြောင့် တယ်လီနောမြန်မာကို အဓိကပိုင်ဆိုင်သူမှာ ရွှေဗျိုင်းဖြူဖြစ်လာဖွယ်ရှိသည်။ 

အကြောင်းမှာ Myanmar Now က ဖတ်ရှုခွင့်ရသော ဆက်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ ရုံးတွင်းစာတွင် ရွှေဗျိုင်းဖြူသည် Investcom ၏ ရှယ်ယာအဓိကပိုင်ဆိုင်သူဟု ဖော်ပြထားသောကြောင့်ဖြစ်သည်။ 

ရွှေဗျိုင်းဖြူတယ်လီကွန် အမည်ရ ကုမ္ပဏီထူထောင်ထားကြောင်း အထောက်အထား။ 

Investcom ၏အခွန်ရှောင်မည့်အစီအမံ

တယ်လီနောမြန်မာ ဝယ်ယူရေးသေချာပြီးနောက် ပေါ်ပေါ်လာသည့် အသစ်စက်စက် Investcom Pte ၏ မိခင်ကုမ္ပဏီမှာ အခွန်ရှောင်ကုမ္ပဏီများအကြိုက် Cayman Islands တွင် မှတ်ပုံတင်ထားသည့် M1 Infrastructure ကုမ္ပဏီဖြစ်သည်။ M1 အုပ်စု၏ ကုမ္ပဏီခွဲတစ်ခုပင်ဖြစ်သည်။​

မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ကြား ကာရေဘီယံပင်လယ်ထဲရှိ ဗြိတိန်ပိုင် Cayman ကျွန်းစုနိုင်ငံမှာ မည့်သည့်အခွန်မျှ ကောက်ခံခြင်းမရှိသည့်အတွက် အခွန်ရှောင်လိုသူ စီးပွားရေးသမားများ အကြိုက်နေရာဖြစ်သည်။

တစ်ဖက်တွင်လည်း ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုက ရွှေဗျိုင်းဖြူတယ်လီကွန် (Shwe Byain Phyu Telecom) အမည်ရ ကုမ္ပဏီခွဲတစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် တက်သုတ်ရိုက်ထောင်ထားပြီးဖြစ်သည်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများအရ သိရသည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ ရွှေဗျိုင်းဖြူတယ်လီကွန်ထူထောင်ပြီး နှစ်လကျော်အကြာတွင် Investcom Pte ၏ ရှယ်ယာတစ်ဝက်နီးပါးကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။ 

Investcom Pte ၏ ရှယ်ယာများကို ရွှေဗျိုင်းဖြူတယ်လီကွန်က ဝယ်ယူပြီး နောက်တစ်ရက်တွင် တယ်လီနောမြန်မာကို ရွှေဗျိုင်းဖြူနှင့် M1 ပေါင်းဝယ်မည့်အစီအစဉ်ကို စစ်ကောင်စီခွင့်ပြုကြောင်း ရိုက်တာသတင်းထွက်ပေါ်လာသည်။ 

တယ်လီနောမြန်မာကို M1 နှင့် ရွှေဗျိုင်းဖြူက လွှဲပြောင်းရယူပြီးနောက် “Investcom Myanmar” အဖြစ် ရပ်တည်လိမ့်မည်ဖြစ်ကြောင်း၊ ရှယ်ယာ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရမည့် ရွှေဗျိုင်းဖြူနောက်ကွယ်တွင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးနှစ်ဦး ပါဝင်ပတ်သက်နေသည်ဟု ပြည်တွင်းသတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။​

အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ တယ်လီနောအုပ်စု၏ ဆက်သွယ်ပြန်ကြားရေးဌာန ဒါရိုက်တာ Cathrine Stana Lund က “တယ်လီနောမြန်မာကို M1 အုပ်စုထံ ရောင်းချရေးအတွက် လုပ်ထုံးလုပ်နည်းခွင့်ပြုချက် စောင့်နေပါတယ်” ဟု ပြောသည်။

ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အရောင်းအဝယ်ကိစ္စအပေါ် အခြားမည်သည့်မှတ်ချက်မှ မပေးလိုကြောင်းလည်း Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုအပေါ် Cathrine က တုံ့ပြန်သည်။ 

တယ်လီနောမြန်မာသည် လစဉ်အမြတ်ငွေ အမေရိကန်ဒေါ်လာသန်းနှင့်ချီ ရရှိနေပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များက ကုမ္ပဏီကို ပိုင်ဆိုင်မှုရရှိသွားပါက ၎င်းတို့အတွက် ကြီးမားသော ဝင်ငွေရပေါက်ကြီး ဖြစ်သွားနိုင်သည်။ 

တယ်လီနောမြန်မာသည် ၂၀၂၀ တွင် ဝင်ငွေ နော်ဝေခရိုနာ ၄ ဒသမ ၀၅၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၅၉ သန်း) အထိရှိပြီး တယ်လီနောအုပ်စုတစ်ခုလုံး ဝင်ငွေ၏ ၇ ရာခိုင်နှုန်းရှိကြောင်း ရိုက်တာသတင်းဌာနက ထုတ်ဖော်ရေးသားဖူးသည်။ 

ထို့ပြင် တယ်လီနောမြန်မာသုံးစွဲသူ သန်း ၂၀ နီးပါး၏ ကိုယ်ရေးအချက်အလက်များ၊ ခေါ်ဆိုခဲ့သည့် အသံဖိုင်များ၊ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကိုပါ မြန်မာစစ်တပ်က အပြည့်အဝ ထိန်းချုပ်သွားနိုင်ခြေရှိသည်။​

မြန်မာစစ်တပ်က လူမဆန်သည့် ပြစ်မှုများ ကျူးလွန်နေချိန်တွင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့် ကုမ္ပဏီထံ တယ်လီနောမြန်မာကို ရောင်းချခြင်းမှာ ဆိုးဆိုးရွားရွားအန္တရာယ်ပင်ဖြစ်ကြောင်း စစ်တပ်အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ဆိုသည်။

“ရွှေဗျိုင်းဖြူဟာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ပြီး M1 ဟာ အာဏာရှင်တွေနဲ့ အလုပ်လုပ်လေ့လုပ်ထရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်။ လူ့အခွင့်အရေးကို လေးစားဖို့ ဒီကုမ္ပဏီတွေအပေါ် လုံးဝယုံကြည်လို့ မရပါဘူး” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ပြောသည်။​

“ဒီရောင်းချမှုကို ဆိုင်းငံ့ဖို့နဲ့ မြန်မာပြည်က ရင်းနှီးမြှုပ်နှံမှုကို ဖျက်သိမ်းရာမှာ တာဝန်သိသိဆောင်ရွက်ဖို့ တယ်လီနောအုပ်စုနဲ့တကွ ရှယ်ယာအများစုပိုင်ဆိုင်တဲ့ နော်ဝေအစိုးရကို တိုက်တွန်းပါတယ်” ဟု မရတနာမောင်က ပြောသည်။

တယ်လီနောသည် မြန်မာနိုင်ငံမှ တာဝန်မဲ့စွာ ထွက်ခွာသည်ဟု မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော် ကလည်း ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) ထံ တိုင်ကြားခဲ့သည်။ 

အစိုးရများ၊ မူဝါဒချမှတ်သူများ၊ နိုင်ငံသားများနှင့် ပူးပေါင်းကာ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အဖြေရှာရန်၊ နိုင်ငံတကာစံနှုန်းများ ချမှတ်ရန် နိုင်ငံပေါင်း ၃၈ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OECD တွင် နော်ဝေနိုင်ငံလည်း အပါအဝင်ဖြစ်သည်။​

စစ်ဗိုလ်ချုပ်ကြီးများနှင့် နက်နက်နဲနဲ ပတ်သက်နေသည့် ရွှေဗျိုင်းဖြူ

နှစ်ပေါင်းများစွာ စစ်တပ်နှင့် အကျိုးတူစီးပွားရေးလုပ်ကိုင်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို ပိုင်ဆိုင်သူမှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော်ဆိုသူဖြစ်သည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၆ တွင် မနောသီတာကုမ္ပဏီကို ဦးသိန်းဝင်းဇော် စတင် ထူထောင်ခဲ့သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီကို ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အောက်မှနေ၍ စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းကို အကျိုးတူ စတင်လုပ်ကိုင်ခဲ့သည်။​

ယနေ့အချိန်တွင် ရွှေဗျိုင်းဖြူအုပ်စုအောက်တွင် စက်သုံးဆီ၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊ ရတနာလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics) လုပ်ငန်း၊ ကုန်ထုတ်ကုန်သွယ်လုပ်ငန်းများ အစရှိသဖြင့် လက်အောက်ခံကုမ္ပဏီ ၉ ခုထက်မနည်းရှိနေသည်။

ဦးသိန်းဝင်းဇော်၏ဇနီး ဒေါ်တင်လတ်မင်းသည်လည်း ရွှေဗျိုင်းဖြူကုမ္ပဏီတွင် အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်နေသည်။ ထို့ပြင် ၎င်းသည် သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း၏ ရှယ်ယာရှင်တစ်ဦးဖြစ်သည်။ 

အဆိုပါကော်ပိုရေးရှင်းကို ဗြိတိန်နှင့် ဥရောပသမဂ္ဂက စီးပွားရေးအရ ဒဏ်ခတ်အရေးယူထားသည်ဟု ကော်ပိုရိတ်လုပ်ငန်းကြီးများအကြောင်း သုတေသနပြုနေသည့် FWP Rearch တွင် ဖော်ပြသည်။​

ဦးသိန်းဝင်းဇော်သည် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ယခင်အမည်) နှင့် ခိုင်မာသည့် ဆက်ဆံရေးလည်းရှိကာ ဦးသိန်းစိန်အစိုးရလက်ထက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးတွင် လုပ်ပိုင်ခွင့်အများအပြား ရခဲ့ကြောင်း၊ ကမ္ဘာ့ရတနာဘဏ်တွင်လည်း အစုရှယ်ယာ ၇ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်မှာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသော မဟာရိုးမအများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ်သည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီကို စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ကျောထောက်နောက်ခံပေးထားပြီး၊ တယ်လီနောမြန်မာ ဝယ်ယူရေးနှင့် ပတ်သက်၍  ရေတပ်ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုးအောင်တို့ကြား အားပြိုင်မှုဖြစ်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဇန်နဝါရီလဆန်းပိုင်းတွင် ရေးသားသည်။

အာဏာသိမ်းပြီးနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခံရသူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ နေရာတွင် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး မိုးအောင်၏ညီ ဦးနေအောင်ကလည်း တယ်လီနောမြန်မာကို ဝယ်ယူရေး စိတ်ဝင်စားခဲ့သည်ဟု ဧရာဝတီသတင်းက ဆိုသည်။​

တယ်လီနောမြန်မာ၏ အဓိကပိုင်ရှင်သစ်ဖြစ်လာမည့် ရွှေဗျိုင်းဖြူနောက်ကွယ်တွင် ဗိုလ်ချုပ်ကြီးနှစ်ဦး ပါဝင်ပတ်သက်နေသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်က ပြောဆိုထားသည့်နည်းတူ လက်ရှိ၌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်အဖြစ်သာမက ဆက်သွယ်ရေးလုပ်ငန်း ကို ကြီးကြပ်ခွင့်ရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်သည်။

တယ်လီနောမြန်မာကို အရောင်းအဝယ်ကိစ္စတွင် M1 အုပ်စုနှင့် ရွှေဗျိုင်းဖြူမှာ အမည်ခံသာဖြစ်ကြောင်း၊ စစ်ဗိုလ်ချုပ်ကြီးနှစ်ဦး ပါဝင်နေသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍  စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button