သတင်း

စစ်တပ်၏ ချင်းဒေသအမှုကြီးများကို နိုင်ငံတကာတွင် စွဲဆိုရန် NUG ပြင်ဆင်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အရပ်သား ၁၀ ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့်ကိစ္စ အပါအဝင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာတရားရုံးများ၌ တရားစွဲဆိုနိုင်​ရေး လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။ 

ယမန်နေ့ (ဇန်နဝါရီ ၂၀)တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် ချင်းပြည်နယ်အရေးသတင်းစာရှင်းလင်းပွဲ၌ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့က ထိုသို့ ပြောဆိုကြခြင်း ဖြစ်သည်။

စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းမှုယန္တရား (Independent Investigative Mechanism Myanmar) အဖွဲ့နှင့် ပူးပေါင်းကာ အချက်အလက်စုဆောင်းနေကြောင်း ဒေါက်တာဆာဆာက ဆိုသည်။ 

“ဒါတွေအားလုံးကို IIMM နဲ့အတူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ IIMM တို့မှာ ရရှိထားတဲ့ သက်သေအထောက်အထားတွေအားလုံးကို ICC, ICJ သာမကဘဲ International Jurisdiction ကို ဖြစ်စေနိုင်တဲ့နေရာတွေ ဘရာဇီး၊ သြဇီ၊ ဂျာမဏီတို့မှာလည်း ဒီအမှုကို ရင်ဆိုင်နိုင်ဖို့ရာ ကြည့်နေပါတယ်” ဟု ဒေါက်တာဆာဆာက ပြောသည်။

မကြာမီလပိုင်းတွင် ပြုလုပ်မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြပြီး စစ်ကောင်စီကို လက်နက်တင်သွင်းမှုပိတ်ဆို့ရေးတို့အတွက် အားလုံးပါဝင်ဆွေးနွေးနိုင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ဆိုသည်။

“NUG အစိုးရအနေနဲ့ အစီရင်ခံစာတွေကို တင်သွင်းပြီးတော့ ဒီထက်ပိုမိုပြီးအရေးယူဖို့ ခွန်အားကြီးတဲ့ အရာတွေ၊ လေကြောင်းတိုက်ခိုက်မှုကို တားဆီးမှုတွေ၊ လက်နက်တင်ပို့ရောင်းချမှုနဲ့ လေယာဉ်ဆီများ ပေးပို့ခြင်းအားလုံးကို ရပ်တန့်နိုင်မဲ့ကိစ္စတွေ ဆက်လက်ပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်နေလျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်န‌ယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့သည့် ၁၃ နှစ်သားအပါအဝင် အရပ်သား ၁၀ ဦးတို့ကို သေဆုံးလျက် ပြန်တွေ့ခဲ့ရသည်။ 

ထိုသို့ သတ်ဖြတ်ခံရသူအချို့၏ မိသားစုဝင်တို့ကလည်း ရုပ်အလောင်းကောက်ယူရာတွင် တွေ့ရှိခဲ့ရသည်များနှင့် ပတ်သက်ပြီး မျက်မြင်သက်သေတို့ကို ကိုးကား၍ ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ကြသည်။

လက်ပြန်ကြိုးတုပ်၊ မျက်လုံးအဝတ်စည်းပြီး၊ ဓားနှင့်ထိုး၊ လည်ပင်းလှီး သတ်ဖြတ်ခံထားရသူတို့၏ ရုပ်အလောင်းများကို ဇန်နဝါရီ ၈ နှင့် ၉ တို့တွင် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 

၎င်းတို့မှာ သာမန်အရပ်သားပြည်သူများသာ ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ 

အံ့သြဝမ်းနည်းဖွယ်လုပ်ရပ်ဖြစ်သည်ဟု အသတ်ခံရသူ ဦးပေါ့ဘာထူး (Paw Va Htoo)၏ ဇနီးဖြစ်သူ ကလေး ၇ ဦးမိခင် ဒေါ်သီတာထွေးက ပြောသည်။ 

“ဒီလောက်ထိ ရက်စက်အောင် ဘာလို့လုပ်တာလဲ။ သူတို့လက်နက်ကိုင်အချင်းချင်း သတ်ဖြတ်တယ်ဆို ထားပါအုံး။ အခုက ဘာမှမဆိုင်တဲ့သူကို ဒီလိုမျိုးလုပ်ရက်လား။ အခုလိုဖြစ်ရပ်မျိုးဟာ ဘယ်လိုမှ မဖြေသိမ့်နိုင်ဘူး” ဟု ဒေါ်သီတာထွေးက ပြောသည်။ 

ဖမ်းဆီးခံရသူများအနက် အသက်အငယ်ဆုံးဖြစ်သည့် ၁၃ နှစ်အရွယ် မောင်လနန် (La Nang) သည် အစ်ကိုဖြစ်သူနှင့်အတူ စက်သုံးဆီဝယ်ရန် လိုက်ပါသွားစဉ် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးဂျိုးဇက်က ပြောသည်။

“ကလေးငယ်ဆိုတော့ ပြန်လွှတ်ပေးမလားဆိုပြီး ၃ ရက်တိတိ ရွာမှာ စောင့်နေတယ်။ ….တအား ပြင်းပြင်းထန်ထန် စိတ်နာတယ်။ အခုထိ မခံနိုင်ဘူး။ အခုထိ ရင်နာတာမခံနိုင်လို့” ဟု ဆိုသည်။

ချင်းပြည်နယ်ကို စိုးမိုးနိုင်ရေးအတွက် စစ်ရေးအရ အရေးပါသည့် မတူပီမြို့ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် လဆန်းပိုင်းမှစ၍ အင်အားအလုံးအရင်းတိုးချထားရာ CDF ခေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့် နေရာအများအပြားတွင် စစ်ရေးပြင်းထန်နေသည်။

တိုက်ပွဲများကြောင့် မြို့လုံးကျွတ် စစ်ရှောင်နေရသည့် ထန်တလန်မြို့နယ်တွင် ဒီဇင်ဘာအထိ သုံးလတာ ကာလအတွင်း နေအိမ် ၇၀၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံ ၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ထိုလုပ်ရပ်များမှာ စစ်ပွဲအတွင်းလိုက်နာရမည့် ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ထောက်ပြသည်။ 

မတူပီမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့တွင် ကျူးလွန်သည့်ဖြစ်ရပ်များမှာ လူသားမျိုးနွယ်အပေါ် ထိခိုက်စေသည့် ပြစ်မှု (Crime Against Humanity) ကျူးလွန်ခြင်းဖြစ်ပြီး အမိန့်ပေးစေခိုင်းသူများ၊ ပါဝင်ကျူးလွန်သူများကို သိရှိထားပြီး သက်သေအထောက်အထား ခိုင်လုံစွာရရှိထားပြီးဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။ 

ဒီဇင်ဘာလက ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာတွင် စစ်တပ်က ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးများတွင် တရားစွဲနိုင်ရန် စီစဉ်ထားကြောင်း ဆက်ပြောသည်။

စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား စစ်ရေးပြင်းထန်နေသည့် ချင်းပြည်နယ်တွင် ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ ဖမ်းဆီးခံရသူ ၈၉၂ ဦး ရှိပြီး စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဖမ်းဆီးထားစဉ်အတွင်း သေဆုံးသူများအပါအဝင် ၁၈၂ ဦး သေဆုံးကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ အချက်အလက်ကို ကိုးကားပြီး NUG က ဆိုသည်။ 

အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် လူဦးရေ ငါးသောင်းကျော် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အို ၃၀ ခန့် စစ်ဘေးရှောင်ရင်း သေဆုံးခဲ့သည်ဟု NUG က ထုတ်ပြန်သည်။ 

ချင်းဒေသအပါအဝင် စစ်ကောင်စီကို လက်နက်ကိုင်ကာ အပြင်းအထန်တော်လှန်နေသော စစ်ကိုင်းတိုင်းတွင်လည်း ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များ ရှိခဲ့သည့်။ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာတွင် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုအပါအဝင် အရပ်သား ၁၂ ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။

Show More

Related Articles

Back to top button