အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘော်တွင်းသတ္တုစီမံကိန်းမှ ဩစတေးလျကုမ္ပဏီ အပြီးအပိုင်ထွက်ခွာ 

ရှမ်းပြည်နယ်မြောက်ပိုင်း ဘော်တွင်းသတ္တုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျကုမ္ပဏီက ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချကာ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာလိုက်ပြီဖြစ်သည်။

ဘော်တွင်းသတ္တုစီမံကိန်းမှ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ဖက်စပ်လုပ်ကိုင်နေသော ဝင်းမြင့်မိုရ်ကုမ္ပဏီထံ အမေရိကန်ဒေါ်လာသန်း ၃၀ ဖြင့် ရောင်းချရန် သဘောတူထားကြောင်း ဩစတေးလျအခြေစိုက် Myanmar Metals Limited (MYL) ကုမ္ပဏီက ဩဂုတ် ၁၇ တွင် သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းတွင် ၅၁ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ဩစတေးလျစတော့အိတ်ချိန်း (ASX) စာရင်းဝင် MYL ကုမ္ပဏီသည် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဇူလိုင်လကတည်းက ဝယ်လက်များရှာဖွေနေခြင်းဖြစ်သည်။

“ရင်းနှီးမြှုပ်နှံမှုရဲ့ ၇၅ ရာခိုင်နှုန်းလောက် Myanmar Metals ကုမ္ပဏီထဲကို ပြန်ဝင်လာတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာက ထွက်ခွာတဲ့ အခြားကုမ္ပဏီတွေနဲ့ယှဉ်ရင် ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်” ဟု ဒေါ်လာ သန်း ၃၀ ဖြင့်ရောင်းချခဲ့သည့်အပေါ် ကုမ္ပဏီအမှုဆောင်အရာရှိချုပ် John Lamb က ပြောသည်။ 

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးနှင့် ခဲသတ္တုအထွက်ရှိဆုံး သတ္တုသိုက်တစ်ခုဖြစ်သည့် ဘော်တွင်းစီမံကိန်းကို ပြည်တွင်းမှ ဝင်းမြင့်မိုရ်ကုမ္ပဏီ၊ EAP Global Mining နှင့် ဩစတြေးလျကုမ္ပဏီတို့ ပူးပေါင်းကာ Bawdwin Joint Venture (BJV) ကုမ္ပဏီအမည်ဖြင့် ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

အဆိုပါ Bawdwin Joint Venture ကုမ္ပဏီတွင် ဩစတေးလျကုမ္ပဏီ MYL က ၅၁ ရာခိုင်နှုန်းဖြင့် အများဆုံးပိုင်ဆိုင်ပြီး ကျန်ပြည်တွင်းကုမ္ပဏီနှစ်ခုက ၂၄ ဒသမ ၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် ဩစတေးလျစတော့အိတ်ချိန်းတွင် Myanmar Metals ကုမ္ပဏီ၏ ရှယ်ယာရောင်းချမှုရပ်ဆိုင်းခံခဲ့ရသည့်အပြင် စီမံကိန်းအတွက် ဘဏ္ဍာငွေထည့်ဝင်မည့် မိတ်ဖက်ကုမ္ပဏီများလည်း နောက်ဆုတ်သွားကြကြောင်း ဩစတေးလျအခြေစိုက် Financial Review သတင်းဌာနက ရေးသားသည်။

ဘော်တွင်းသတ္တုစီမံကိန်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့်  MYL ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို  တရုတ်ကုမ္ပဏီ Yintai Gold က ထက်ဝက်လျှော့ဈေးဖြင့် လက်လွှဲရယူရန် ကြိုးပမ်းခဲ့ကြောင်း Reuters သတင်းဌာနက ပြီးခဲ့သည့်လအတွင်း ရေးသားခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့် အခြေအနေကြောင့် မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုအထိရှိကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီတွင် ကမ္ဘာတွင် ခဲသတ္တုနှင့် ငွေသတ္တု အထွက်ရှိဆုံးတွင်းများအနက် တစ်ခုဖြစ်သည့် ဘော်တွင်းသတ္တုတွင်းကို ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် မြန်မာအစိုးရပိုင် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းက ကိုင်တွယ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဝင်းမြင့်မိုရ်ကုမ္ပဏီက ဘော်တွင်းသတ္တုတွင်းကို လုပ်ပိုင်ခွင့်ရရရှိခဲ့ပြီး သတ္တုပြန်လည်တူးဖော်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Bawdwin Joint Venture(BJV) ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button