
ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource မြန်မာနိုင်ငံမှ ထွက်ခွာစဉ် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ ပျက်ကွက်ခဲ့ကြောင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော OECD အဖွဲ့က ထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘော်တွင်းသတ္တုစီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့သော ဩစတြေးလျကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ မြေယာပြဿနာ၊ ဒေသခံများ ဖိအားပေးရွှေ့ပြောင်းခံရခြင်း၊ အလုပ်သမားများအရေးတို့နှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ၎င်း၏လုပ်ငန်းကို စစ်တပ်နှင့် နီးစပ်သူများထံ ရောင်းချခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများမဟာမိတ်အဖွဲ့၊ ဘော်တွင်းအလုပ်သမားသမဂ္ဂနှင့် ဩစတြေးလျအခြေစိုက် Publish What You Pay အဖွဲ့တို့ ပူးပေါင်းပြီး Mallee Resource ကုမ္ပဏီ၏ ပျက်ကွက်မှုအကြောင်း OECD အဖွဲ့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း တိုင်တန်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တာဝန်ယူမှုရှိစေရန် ဖွဲ့စည်းထားသည့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် OECD အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအရေအတွက် ၃၈ နိုင်ငံ ရှိသည်။
ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းကို မြန်မာနိုင်ငံမှ ဝင်းမြင့်မိုရ်၊ တရုတ်ကုမ္ပဏီ East Asia Power Global နှင့် ဩစတြေးလျမှ Mallee Resource (Myanmar Metals) တို့ ပူးပေါင်းကာ ၂၀၂၀ ပြည့်နှစ်တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် Myanmar Metals က ဘော်တွင်းစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ဝင်းမြင့်မိုရ်ကုမ္ပဏီထံ လွှဲပြောင်းရောင်းချကာ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
စစ်တပ်နှင့် နီးစပ်သည့် ခရိုနီသူဌေး ဦးအောင်အောင်ဇော်ပိုင် MAI လေကြောင်းလိုင်းမှတစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုနှစ် ဇူလိုင်လအတွင်း Mallee Resource ထုတ်ပြန်ချက်အရ MAI ထံမှ ဒေါ်လာ ၆ သန်းနီးပါး ရရှိရန် ကျန်နေသည်ဟု သိရသည်။
ဘော်တွင်းစီမံကိန်း လုပ်ကိုင်ခွင့်ရထားသည့် ဝင်းမြင့်မိုရ်ကုမ္ပဏီတွင် ဘိန်းဘုရင်လော်စစ်ဟန် ထူထောင်ခဲ့သော Asia World နှင့် National Infrastructure Holdings Company (NIHC) ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေကြောင်း Publish What You Pay အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းအရ ဝင်းမြင့်မိုရ်နှင့် East Asia Power Global ကုမ္ပဏီတို့၏ ဒါရိုက်တာအဖွဲ့ဝင်စာရင်းမှာ အတူတူပင်ဖြစ်သည်။
သတ္တုတွင်းဦးစီးဌာန၏ လိုင်စင်မှတ်တမ်းများအရ ဝင်းမြင့်မိုရ်ကုမ္ပဏီသည် ဘော်တွင်းစီမံကိန်းကို ၂၀၂၄ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရရှိထားသည်။
အချိန်နှစ်နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးပြီးနောက် OECD အဖွဲ့က ထုတ်ပြန်ကြေညာရာ၌ ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာရာ၌ တာဝန်မဲ့စွာ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ကုမ္ပဏီသည် စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ ပူပေါင်းပါဝင်ရန် ငြင်းဆန်ခဲ့သည်၊ OECD အဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများကိုသာမက ဩစတြေးလျအစိုးရနှင့် Austrade ကဲ့သို့သော အဖွဲ့အစည်းအများ၏ လမ်းညွှန်ချက်များကိုပါ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိဟု ဆိုသည်။
ဩစတြေးလျသတ္တုကုမ္ပဏီ၏ လုပ်ရပ်သည် ငွေကြေးခဝါချမှုအန္တရာယ် ဖြစ်စေခဲ့သည့်အပြင် သတ္တုအလုပ်သမားများ၏ အနာဂတ်ကို အမှောင်ထဲ ပို့ခဲ့သည်ဟု Transparency International Australia ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Clancy Moore က Myanmar Now ကို ပြောသည်။
“လူ့အခွင့်အရေးမူဝါဒကို လုံ့လစိုက်ထုတ်ဖို့အတွက် ပျက်ကွက်ခဲ့သလို အမည်ပျက် ခရိုနီကုမ္ပဏီ အေးရှားဝေါလ်နဲ့ ပတ်သက်မှုတွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ အကျင့်ပျက်ခြစားပြီး ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်တပ်ထံ ငွေကြေးစီးဆင်းဖို့ ကူညီရောက်နေတာကို တွေ့ရမှာပါ”
“ဩစတြေးလျအစိုးရအနေနဲ့ ဥရောပ၊ အမေရိကန်၊ ဗြိတိန်တို့ရဲ့ ဦးဆောင်မှုအတိုင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်နဲ့ ပတ်သက်နေတဲ့ အကျိုးစီးပွားတွေကို အရေးပိတ်ဆို့ ဒဏ်ခတ်သင့်နေပါပြီ” ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ရှမ်းပြည်နယ်အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ဩစတြေးလျကုမ္ပဏီ ဘော်တွင်းစီမံကိန်းမှ ထွက်ခွာသွားပြီးနောက် ဝန်ထမ်းများ၏ လုပ်ခလစာ၊ နေရေးထိုင်ရေးကိစ္စ ပြဿနာများ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
“အလွန်ဝေးကွာတဲ့ ရှမ်းပြည်အရှေ့ပိုင်း (လားရှိုး) လိုနေရာမျိုးတွေကို ရွှေ့ပြောင်းခိုင်းတာတွေရှိခဲ့တယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေကို လစာလျှော့တာ၊ အလုပ်ဖြုတ်တာတွေလည်း ရှိခဲ့ပြီးတော့ အရင်လို ဆွေးနွေးညှိနှိုင်းတာမျိုးတောင် မရှိတော့တာပါ” ဟုလည်း ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ်ထံ အခွန်ဝင်ငွေစီးဆင်းစေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အမြန်ဆုံး ဖြတ်တောက်ရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေသော်လည်း ဩစတြေးလျကုမ္ပဏီများသည် ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆက်လက်ကိုင်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)