ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဘော်တွင်းကို စစ်ကောင်စီထံမှ သိမ်းပိုက်ပြီးနောက် ၎င်းတို့၏အစီအစဉ်ဖြင့် သတ္တုတူးဖော်ရန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြင်ဆင်နေသည်။
TNLA သည် “ ၁၀၂၇ စစ်ဆင်ရေး” ဖြင့် ၂၀၂၃ ဒီဇင်ဘာလအတွင်းက မြို့အနောက်ဘက် ၁၄ မိုင်အကွာရှိ ဘော်တွင်းကိုပါ သိမ်းပိုက်ခဲ့သည်။
ယခုလအတွင်း TNLA နှင့်အတူ ကိုးကန့်၊ တရုတ်လူမျိုး လုပ်ငန်းရှင်များ ဘော်တွင်းသတ္တုစက်ရုံကို ဝင်ရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး လုပ်ငန်းလည်ပတ်သည့် စက်ယန္တရားများ၊ ဝန်ထမ်းများစာရင်းကို ကောက်ယူသွားကြောင်း ဘော်တွင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပြန်လည်ပတ်ဖို့ ပြင်ဆင်နေတယ် ကြားတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာအောင် ဖိတ်ခေါ်တာမျိုးက ရေရှည်မှာ ကောင်းပါတယ်။ သတ္တုရှာဖွေရေးနဲ့ စီမံကိန်းတွေက ရှိပြီးသားပဲ” ဟု ပြောသည်။
ဘော်တွင်းကို ၂၀၁၀ ခုနှစ်မှ စတင်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးချိန် ၂၀၂၃ နှစ်ကုန်အထိ ဝင်းမြင့်မိုရ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရခဲ့သည်။ ထိုကုမ္ပဏီသည် TNLA ထိန်းချုပ်မှုအောက်တွင် ပြန်လည်လုပ်ကိုင်ရန် ရှိမရှိကို မသိရသေးပါ။
TNLA အနေဖြင့် ဘော်တွင်းဒေသအတွင်း လုပ်ကိုင်ကြမည့် ကုမ္ပဏီများကို စီစစ်နေဆဲဖြစ်ကြောင်း TNLA ပြန်ကြားရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ယမန်နေ့ (မေ ၂၅) က ပြောသည်။
“ဘော်တွင်းမှာတော့ ကျွန်မတို့ လုပ်ငန်းတွေ မစသေးပါဘူး။ ဘယ်သူတွေကို လုပ်ကိုင်ခွင့်ပေးမလဲ ဆိုတာတော့ ပြောလို့မရသေးပါဘူး။ လက်ရှိက လုပ်ငန်းရဲ့အခြေအနေရယ် စက်ယန္တရားတွေ စိစစ်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်”
သို့ရာတွင် အသေးစိတ်ကို ပြောဆိုခြင်းမရှိသေးသလို ဝင်းမြင့်မိုရ်ကုမ္ပဏီနှင့်လည်း အဆက်အသွယ်မရသေးပေ။
လုပ်ငန်းများလည်ပတ်နိုင်ခြင်းမရှိသေးသော်လည်း ဘော်တွင်းသတ္တုတွင်းမှ ထုတ်လုပ်ထားသည့် သတ္တုရိုင်းအချောထည်များကို TNLA ထိန်းချုပ်မှုအောက်ရှိ နမ့်ခမ်းမြို့ နောင်တောင်းရွာ နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း တင်သွင်းမှုများ ရှိနေသည်။
နမ့်ခမ်းမြို့တောင်ဘက် ၂ မိုင်အကွာ ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ နောင်တောင်းကျေးရွာရှိ ထိုနယ်စပ်ဂိတ်ကို TNLA အကောက်ခွန်ဌာနက ဧပြီ ၂၉ ရက်က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုများရှိနေသည်။
ဘော်တွင်းဒေသတွင် သတ္တုလုပ်သားပေါင်း တစ်ထောင်ကျော်ရှိနေပြီး ၎င်းတို့ကို ဝင်းမြင့်မိုရ်ကုမ္ပဏီက အခြေခံလစာ ကျပ် တစ်သိန်းရှစ်သောင်းခန့် ဆက်လက်ထုတ်ပေးနေကြောင်း သိရသည်။
ယခင်က လုပ်ငန်းပုံမှန်လည်ပတ်နေချိန်တွင် တစ်လ ကျပ် သုံးသိန်းခန့်ရရှိခဲ့ကြကြောင်း၊ မိသားစုဝင်များသူများအတွက် ဖူလုံမှုရှိခဲ့ကြောင်း သတ္တုလုပ်သားတစ်ဦးက ပြောသည်။
လက်ရှိမှာ လုပ်ငန်းရပ်တန့်နေဆဲဖြစ်သောကြောင့် ယခင်က သတ္တုရိုင်းများ စွန့်ပစ်ခဲ့သည့် ဘော်တွင်းချောင်းအတွင်း သတ္တုရိုင်းများကို ကိုယ့်နည်းကိုယ့်ဟန် တူးဖော်ထုတ်ယူနေပြီး နီးစပ်ရာကို တစ်ပိဿာ ကျပ် ၁၅၀၀ ဖြင့် ရောင်းကာ စားဝတ်နေရေးအတွက် အပိုဝင်ငွေ ရှာဖွေနေကြရသည်ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ယခုနှစ်မေလဆန်းတွင် ဘော်တွင်းချောင်းအတွင်းမှ သတ္တုရိုင်းရောင်းဝယ်မှုကို TNLA မြေပြင်အရာရှိတစ်ဦးက ထိန်းချုပ်လိုက်သောကြောင့် သတ္တုရိုင်းစျေးကွက် အနည်းငယ်ကျဆင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဘော်တွင်းဒေသအနီး TNLA အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လည်း သွားလာလှုပ်ရှားနေပြီး သတ္တုလုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း အထက်ပါသတ္တုလုပ်သားက ဆိုသည်။
ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်းက နာမည်ကြီးသည့် အဆိုပါဘော်တွင်းဒေသတွင် ငွေ၊ ခဲ၊ သွပ် သတ္တုအမျိုးအစားများ အဓိကထွက်ရှိပြီး လက်ရှိအချိန်အထိ သတ္တုများ တူးဖော်ထုတ်ယူနိုင်သည့် တောင်စဉ်တောင်တန်းများ အများအပြားကျန်ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ဒုတိယကမ္ဘာစစ်မတိုင်မီတွင် ကမ္ဘာတွင် ခဲသတ္တုနှင့် ငွေသတ္တု အထွက်ရှိဆုံးတွင်းများအနက် တစ်ခုဖြစ်သည့် ဘော်တွင်းသတ္တုတွင်းကို ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် မြန်မာအစိုးရပိုင် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက ကိုင်တွယ်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ဝင်းမြင့်မိုရ်ကုမ္ပဏီက ဘော်တွင်းသတ္တုတွင်းကို လုပ်ပိုင်ခွင့်ရရရှိခဲ့ပြီး သတ္တုပြန်လည်တူးဖော်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဩစတြေးလျအခြေစိုက် Myanmar Metals Limited (MYL) ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံခဲ့သည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဩစတြေးလျကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး ဖက်စပ်လုပ်ကိုင်နေသော ဝင်းမြင့်မိုရ်ကုမ္ပဏီထံ အမေရိကန်ဒေါ်လာသန်း ၃၀ ဖြင့် ရောင်းချကာ ၂၀၂၁ ဩဂုတ်လအတွင်း အပြီးအပိုင်ထွက်ခွာသွားသည်။
နမ္မတူသည် ဘော်တွင်းဒေသ သတ္တုလုပ်ငန်းကို အကြောင်းပြု၍ ထင်ရှားလာသောမြို့ဖြစ်သည်။
စတုရန်းမိုင် ၆၅၂ ဒသမ ၁၁၃ ကျယ်ဝန်းသည့် နမ္မတူမြို့နယ်ကို ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၂၁ ခုဖြင့် ဖွဲ့စည်းထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းအရ လူဦးရေ ၅၀,၀၀၀ ကျော်ရှိပြီး ရှမ်း၊ ပလောင်နှင့် ဗမာလူမျိုး အများစု နေထိုင်ကြသည်။
နမ္မတူမြို့နယ်၏ အရှေ့ဘက်တွင် လားရှိုး၊ အနောက်ဘက်တွင် နမ့်ဆန်၊ တောင်ဘက်တွင် သီပေါ၊ မြောက်ဘက်တွင် မန်တုံမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်သည်။