
တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုကို ဖွင့်လှစ်ထားပြီး ကုန်စည်စီးဆင်းမှု ရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။
နမ့်ခမ်းမြို့တောင်ဘက် ၂ မိုင်အကွာ ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ နောင်တောင်းကျေးရွာကို အခြေတည်ထားသည့် နောင်တောင်းနယ်စပ်ဂိတ်ကို TNLA အကောက်ခွန်ဌာနက ဧပြီ ၂၉ ရက်နေ့တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဓိကနယ်စပ်ဂိတ်ကြီး မဟုတ်သော်လည်း လတ်တလောတွင် ကမ္ဘာကျော် နမ္မတူဘော်တွင်းသတ္တုတွင်းမှ သတ္တုရိုင်း၊ အချောထည်၊ နမ့်ခမ်းမြို့နယ်မှ တန်ဖိုးကြီး ဆီလီကွန်ကျောက်၊ ပြောင်းဖူး၊ ကျွန်းသစ်၊ ဒေသတွင်းထုတ်လုပ်သည့် မီးသွေး စသည်များကို တရုတ်သို့ တင်ပို့နေသည်ဟု သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်မှ ဘိလပ်မြေ၊ မြေအုတ်စသည့် အိမ်ဆောက်ပစ္စည်းများကိုသာ တင်သွင်းမှုရှိနေကြောင်း၊ တရုတ်ကုန်ပစ္စည်း ကန့်သတ်မှု၊ တင်းကျပ်မှု မရှိသေးကြောင်း မီးသွေးကုန်သည်တစ်ဦးက ပြောသည်။
“ဂိတ်တွေပိတ်တော့ မီးသွေးတွေ အောင်းနေရတယ်၊ စျေးလည်း ကျတယ်လေ။ အခု နောင်တောင်းမှာ ပြန်ဖွင့်တော့ မီးသွေးတွေ အရောင်းထွက်တယ်၊ စျေးလည်း ပိုရလာပြီ။ ဂိတ်မှာ အခွန်တစ်မျိုးပဲ ဆောင်ရတော့ တခြားဂိတ်နဲ့ ယှဉ်ရင် ပိုအဆင်ပြေတာပေါ့” ဟု သူက ပြောသည်။
နောင်တောင်းဂိတ်သို့ သွားရာလမ်းကြောင်းဖြစ်သည့် နမ့်ဆန်-နမ္မတူ- မန်တုံ-နမ့်ခမ်းမြို့အကြား TNLA တစ်ဖွဲ့ကသာ ထိန်းချုပ်ထားပြီး နယ်စပ်ဂိတ်ရောက်မှသာ TNLA အကောက်ခွန်ဌာနထံ အခွန်ပေးဆောင်ရသောကြောင့် ထိုသူက အခွန်တစ်မျိုးတည်းဟု ဆိုလိုခြင်းဖြစ်သည်။
၂၀၂၃ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် နမ္မတူမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် TNLA သည် မြို့အနောက်ဘက် ၁၄ မိုင်ခန့်အကွာတွင်ရှိသော ဘော်တွင်းဒေသသတ္တုလုပ်ငန်းကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်ထဲမှ နမ့်ခမ်း အပါအဝင် နယ်မြေချင်းထိစပ်နေသည့် မြို့ ၇ ခုကို TNLA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာမှ တရုတ်နှင့် TNLA ထိန်းချုပ်မြို့တို့အကြား ကုန်သွယ်မှု ရှိလာခြင်း ဖြစ်သည်။

အဆိုပါကုန်သွယ်ရေးဂိတ်နှင့် ပတ်သက်ပြီး TNLA နှင့် တရုတ်အာဏာပိုင်တို့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ TNLA ပြန်ကြားရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက TNLA ထိန်းချုပ်နယ်မြေများတွင် ကုန်သွယ်ရေး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုထားကြောင်း Myanmar Now ၏ မေးမြန်းမှုကို ဧပြီလအတွင်း ဖြေကြားထားသည်။
တရုတ်နှင့် ကုန်သွယ်မှုအတွက် TNLA က ၎င်းတို့ထိန်းချုပ်နယ်မြေများကို အသုံးပြုပြီး မန္တလေး-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို ဖောက်လုပ်မည်ဟု နယ်စပ်ကုန်သည်သတင်းရင်းမြစ်တစ်ခုက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
တရုတ်နှင့် ထိစပ်နေသည့် နယ်စပ်မြို့အများအပြားကို စစ်ကောင်စီက လက်လွှတ်ခဲ့ရကာ လတ်တလောတွင် အဓိကနယ်စပ်ဂိတ်များ လည်ပတ်နိုင်ခြင်း မရှိသေးပေ။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း ၃ ဖွဲ့က ထိန်းချုပ်ထားပြီးဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့လည်း သီးခြားစီ စစ်ရေးလှုပ်ရှားနေရာ အခွန်ကောက်ခံမှုများ၊ နယ်မြေလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဆက်ဆံရေး တင်းမာမှုများ ရှိနေသည်။
ပြီးခဲ့သည့် ဧပြီလဆန်းတွင် နောင်တောင်းနယ်စပ်ဂိတ်အနီး SSPP တပ်သားတစ်ရာကျော်ခန့် ဝင်ရောက်လာပြီး အခွန်ကိစ္စနှင့် ပတ်သက်၍ ဆက်ဆံရေးတင်းမာလာရာ TNLA က ထိုဂိတ်ကို ဧပြီ ၅ ရက်က ပိတ်ထားခဲ့သေးသည်။
SSPP သည် ယခင်က ရွှေလီမြစ်အနီး တပ်ရင်းတပ်ဖွဲ့များ ထားရှိခြင်းမရှိခဲ့ဘဲ လှုပ်ရှားခဲ့သော်လည်း ယခုလအနည်းငယ်အတွင်း ရွှေလီမြစ်တစ်လျှောက်က စက်လှေဆိပ်များအနီး အင်အားဖြည့်တင်းနေကြောင်း သိရသည်။
နောင်တောင်းနယ်စပ်ဂိတ်အတွင်း TNLA အပြင် SSPP/SSA တပ်ဖွဲ့ဝင်များကိုပါ ယခုရက်ပိုင်းအတွင်း တွေ့နေရသည်၊ အခွန်ကောက်ခံခွဲဝေမှုအတွက် မည်သို့ သဘောတူ ဆောင်ရွက်နေသည်ကို မသိရသေးပေ။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အများဆုံးရှိခဲ့သည့် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ် လမ်းကြောင်းပေါ်ရှိ နမ့်ဖတ်ကာကျေးရွာအနီး KIA က အခွန်ကောက်ခံနေသောကြောင့် အခွန်ရှောင်လိုကြသူများက နောင်တောင်းနယ်စပ်ဂိတ်ကို အားထားလာရကြောင်း ကုန်သည်များက ပြောကြသည်။