သတင်း

ဘော်တွင်းသတ္တုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျကုမ္ပဏီ ထွက်ခွာမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီက ၎င်း၏ရင်းနှီးမြှုပ်နှံထားသည့် ၅၁ ရာခိုင်နှုန်းကို ပြန်လည်ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်လျက်ရှိသည်။ 

‌စစ်အာဏာသိမ်းပြီးနောက် လူမှုရေးနှင့် စီးပွားရေမတည်ငြိမ်မှုများကြောင့် အမေရိကန်ဒေါ်လာသန်း ၃၀၀ တန် ဘော်တွင်းသတ္တုစီမံကိန်းတွင်လည်း ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာ၍ ထိုသို့ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Metals ၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနက ယမန်နေ့ (ဇူလိုင် ၂၁) တွင် ရေးသားထားသည်။ 

“မကြာခင် ဝယ်ယူရေးကိစ္စတွေအတွက် စီမံကိန်းဘဏ္ဍာငွေကြေးထောက်ပံ့မှုလုပ်ငန်းမှာ အလွန်ပြဿနာရှိပြီး လက်တွေ့အားဖြင့် အလားအလာမရှိဘူးလို့ ကုမ္ပဏီရဲ့ဘုတ်အဖွဲ့က ရှုမြင်ပါတယ်” ဟု ကုမ္ပဏီတာဝန်ရှိသူက ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘော်တွင်းသတ္တုစီမံကိန်းတွင် ဘဏ္ဍာငွေထည့်ဝင်ရန် စိတ်ဝင်စားသည့် မိတ်ဖက်များ နောက်ဆုတ်သွားကြပြီး စီမံကိန်းတွင် ဆက်လက်ပါဝင်မည်ဆိုပါက တစ်နှစ်မပြည့်မီ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇ သန်းလုံး ဆုံးရှုံးနိုင်ကြောင်းလည်း ကုမ္ပဏီက ဆိုသည်။ 

ဘော်တွင်းသတ္တုစီမံကိန်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့် ဩစတြေးလျအခြေစိုက် သတ္တုတူးဖော်ရေးကုမ္ပဏီက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် နိုင်ငံတကာနှင့် ပြည်တွင်းကုမ္ပဏီများကို ရှာဖွေလျက်ရှိရာ တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Yintai Gold က ဒေါ်လာ ၅၁ သန်းခန့်ဖြင့် လွှဲပြောင်းရယူရန် အဆိုပြုထားသည်ဟု သိရသည်။

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံးနှင့် ခဲသတ္တုအထွက်ရှိဆုံး သတ္တုသိုက်တစ်ခုဖြစ်သည့် ဘော်တွင်းစီမံကိန်းကို ပြည်တွင်းမှ ဝင်းမြင့်မိုရ်ကုမ္ပဏီက ၂၀၀၉ တွင် လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ 

၂၀၁၈ ခုနှစ်တွင် ဝင်းမြင့်မိုရ်နှင့်အတူ ပြည်တွင်းမှ အခြားကုမ္ပဏီတစ်ခုဖြစ်သော EAP Global Mining နှင့် ဩစတြေးလျ Myanmar Metals ကုမ္ပဏီတို့ ပူးပေါင်းကာ Bawdwin Joint Venture(BJV) ကုမ္ပဏီအမည်ဖြင့် စီမံကိန်းစတင်ဆောင်ရွက်ခဲ့သည်ဟု BJV ဝဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကုမ္ပဏီသုံးခုဖက်စပ်လုပ်ကိုင်မည့် BJV တွင် Myanmar Metals က ၅၁ ရာခိုင်နှုန်းဖြင့် အများဆုံး ပါဝင်ရင်းနှီးမြှုပ်နှံထားပြီး ကျန်ပြည်တွင်းကုမ္ပဏီနှစ်ခုက ၂၄ ဒသမ ၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်။ 

လက်ရှိတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများ ပြီးစီးထားပြီးဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ စတင်ရန် ရည်မှန်းထားသည်။ သတ္တုရိုင်းတန်ချိန် ၂၇ ဒသမ ၆ သန်းထွက်ရှိနိုင်မည်ဟု ခန်းမှန်းထားသည်။

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့် အခြေအနေကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းကြီးများထွက်ခွာလျက်ရှိရာ နော်ဝေအခြေစိုက် တယ်လီနောအုပ်စုသည် တယ်လီနော(မြန်မာ) ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်လျက်ရှိသည်။ 

Show More

Related Articles

Back to top button