သတင်း

စစ်ကောင်စီက ကယားပြည်နယ် အဝင်လမ်းကို ပိတ်ဆို့

တိုက်ပွဲပြင်းထန်နေသည့် ကယားပြည်နယ်တွင်း အဓိကအဝင်လမ်းကို စစ်ကောင်စီက ယမန်နေ့ (မေ ၂၈) နံနက် ၁၁ နာရီမှစ၍ ပိတ်ဆို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဘယ်လမ်းကြောင်းကို ပိတ်လဲဆိုတော့ အောင်ပန်း-လွိုင်ကော် လမ်းကြောင်းပါ။ ဒီလမ်းတစ်လမ်းပဲရှိတယ်လေ ဒို့ကယားက။ ဘာလို့ပိတ်လဲတော့မသိဘူး” ဟု ကယားပြည်နယ် မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံအေးက ပြောသည်။

“ရှမ်းပြည်နယ်မှာပိတ်တာ။ ဒါရှမ်း(ပြည်နယ်)အစိုးရကို မေးရမယ်ထင်တယ်။ သူတို့ပိတ်တဲ့နယ်မြေက အောင်ပန်းလမ်းခွဲကနေ ကျော်လို့မရဘူး၊ တီကျစ်ကနေ ကျော်လို့မရဘူးဆိုတော့ ကယားနဲ့တော့ မဆိုင်ဘူးထင်တယ်”

ရှမ်းပြည်နယ် အောင်ပန်းလမ်းခွဲမှ တီကျစ်၊ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့တို့ကိုဖြတ်ပြီး လွိုင်ကော်သို့ ဝင်ရခြင်းဖြစ်သည်။

ရန်ကုန်မှ ထွက်ခွာလာသော ခရီးသည်တင်ယာဉ်များသည် ယမန်နေ့ညကတည်းက ရှမ်းပြည်နယ်၊ ကလောမြို့တွင် ပိတ်မိနေကြောင်း မျိုးဆက်သစ်ယာဉ်လိုင်းမှ ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

“မနေ့ညကမှ ပိတ်တယ်လို့တော့ ကြားတာပဲ။ ရန်ကုန်ကနေ (မွန်းလွဲ)သုံးနာရီလောက်က ထွက်သွားတာ။ ဘယ်တော့ပြန်ဖွင့်မလဲ အတိအကျ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း လွိုင်ကော်မှ အခြားပြည်နယ်နှင့် တိုင်းများသို့ အထွက်လမ်းကိုမူ ဖွင့်ထားပေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါလမ်းကို ပိတ်လိုက်ခြင်းအားဖြင့် ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်မရှိ မြို့ကြီးများသာမက ရှမ်းပြည်နယ်နှင့်လည်း အဆက်အသွယ်ပြတ်တောက်သွားမည်ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

လုံခြုံရေးတင်းကျပ်လိုသည့် ရည်ရွယ်ချက်အပြင် စစ်ရှောင်များထံ အထောက်အပံ့များ မရောက်လာရန် စစ်ကောင်စီက လမ်းများကို ပိတ်ဆို့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါဒေသခံက ပြောသည်။

“ကူညီမယ့်သူတွေ၊ ကုန်စည်တွေမဝင်တော့ ဒီလိုပိတ်ရင် အကုန် အခက်တွေ့ကုန်မှာ။ အခြေအနေက ပိုဆိုးလာနေတယ်” ဟု လွိုင်ကော်မြို့မှ အခြားဒေသခံတစ်ဦးက ပြောသည်။

လွိုင်ကော်သည် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ဒီးမော့ဆိုမြို့နယ်နှင့်လည်း ကပ်လျက်တည်ရှိသည်။

စစ်ကောင်စီက ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကိုလည်း လျှပ်စစ်မီးများဖြတ်တောက်ထားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် ပြည်သူလူထုကို ပိတ်ဆို့ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

ကယားပြည်နယ်တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် မေလ ၂၁ ရက်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀ ခန့် သေဆုံးခဲ့သည်။ မိုးဗြဲနှင့် ဒီးမော့ဆိုမြို့နယ်တို့ရှိ ရဲစခန်း၊ စစ်တပ်ဂိတ်စခန်းနှင့် ဌာနဆိုင်ရာရုံးတချို့ကို KPDF က တိုက်ခိုက်ခဲ့သည်။

စစ်တပ်က လက်နက်ကြီးများဖြင့် ဖယ်ခုံ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုရှိ စစ်ဘေးရှောင်များခိုလှုံရာ ဘုရားကျောင်းများနှင့် လူနေအိမ်များကို ပစ်ခတ်ပြီး လမ်းသွားလမ်းလာပြည်သူများကို ပစ်သတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားသည့် တစ်ပတ်အတွင်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၉ ဦး ကျဆုံးခဲ့သည်။ KPDF ဘက်က အနည်းဆုံး ၆ ဦး ကျဆုံးခဲ့သည်။

ဒီးမော့ဆိုနှင့် လွိုင်ကော်တို့တွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ စစ်ဘေးရှောင်နေရပြီး အကူအညီအထောက်အပံ့များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ပစ်ခတ်၊ ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

စစ်ကောင်စီ၏ မေ ၂၇ သတင်းထုတ်ပြန်ချက်တစ်ခုတွင်မူ လက်နက်ကိုင်သောင်းကျန်းသူများသည် လူနေအိမ်များ၊ အုပ်ချုပ်မှုအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ပြုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး မြို့တွင်းတိုက်ပွဲအသွင်ဆောင်လာရန် လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button