ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခြင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ဦးမောင်သည် သင်္ကြန်မတိုင်မီ ကိုဗစ်ကာကွယ်ဆေးထိုးရမည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော်လည်း မြန်မာနှစ်သစ်ကူးကာလ ကာကွယ်ဆေးထိုးပြီးသွားကြသည့် ဘိုးဘွားများထဲတွင် အသက် ၆၉ နှစ်အရွယ် ဦးမောင် ပါဝင်ခြင်း မရှိပေ။  အကြောင်းမှာ အာဏာသိမ်းစစ်ကောင်စီကို မနှစ်သက်သည့်အပြင် ၎င်း၏ စီမံခန့်ခွဲမှု အောက်ရှိ ကျန်းမာရေးဆိုင်ရာ အစီအစဉ်များကို မယုံကြည်ခြင်းကြောင့် ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆေးထိုးဖို့ ဆန္ဒမရှိဘူး။ သူတို့ ထိုးပေးမယ်ဆိုလည်း မထိုးဘူး။ သူတို့ကို မယုံကြည်ဘူးဗျ“ ဟု ဦးမောင်က ပြတ်ပြတ်သားသားပြောသည်။

နိုင်ငံတကာတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေးထိုးရန် အလုအယက်ကြိုးပမ်းနေချိန် မြန်မာနိုင်ငံတွင် ဦးမောင်ကဲ့သို့ပင် ပြည်သူအများအပြားမှာ ကိုဗစ်ကာကွယ်ဆေးထိုးရန် စိတ်အားထက်သန်မှု နည်းပါးနေကြသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်သွားကာ စားဝတ်နေရေး ကျပ်တည်းလာသည့် ပြီးခဲ့သည့်တစ်နှစ်လုံး ကာကွယ်ဆေးကို ဝိုင်းဝန်းမျှော်လင့်ခဲ့ကြသော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ကာကွယ်ဆေးအပေါ် လူထုစိတ်ဝင်စားမှု လျော့ကျလာနေခြင်းဖြစ်သည်။ 

NLD အစိုးရ အစီအစဉ်

အာဆီယံဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် စတုတ္ထအများဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် အိန္ဒိယထုတ် Covishield ကာကွယ်ဆေးကို ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ထိုးနှံရန် NLD အစိုးရ စီစဉ်ထားသည်။

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁.၅ သန်း လက်ဆောင်ပေးအပ်ခဲ့ပြီး NLD အစိုးရကလည်း ဆေးအလုံးရေ သန်း ၃၀ ဝယ်ရန် မှာယူထားသည်။

ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီလကုန်ပိုင်းတွင် ပထမဆုံးအကြိမ်ကာကွယ်ဆေး စတင်ထိုးနှံခဲ့ပြီး ဖေဖော်ဝါရီပထမပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အစပြုရန် စီစဉ်ခဲ့သည်။

ပြည်သူများ ကာကွယ်ဆေးထိုးကြရန် ရက်ပိုင်းအလိုတွင် ရွေးကောက်ပွဲမဲစာရင်းမှားယွင်းမှုကို အကြောင်းပြ၍ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။ 

ကိုဗစ်နိုင်တင်းတိုက်ဖျက်ရေးကာလရှည်အတွင်း ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ ရင်ဆိုင်တိုက်ပွဲဝင်ကြသည့် ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာရှင်တိုက်ဖျက်ရေးတွင်လည်း ရှေ့ဆုံးကပင် တိုက်ပွဲဝင်ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုကြောင်း ပြသသည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီ ၃ ရက်နေ့က အစောဆုံးနှင့် အများဆုံး ပါဝင်လာကြသည်။ လုပ်ငန်းခွင်ကို ကျောခိုင်းကာ ပရဟိတဆေးခန်း၊ ပြင်ပဆေးခန်းများတွင်သာ လုပ်ကိုင်ကြသည်။ 

CDM ဝန်ထမ်းပေါင်း နှစ်သိန်းကျော်ရှိပြီး ထိုအထဲတွင် ကျန်းမာရေးဌာနမှ ၁၇,၀၀၀ ကျော်ပါဝင်သည်ဟု CDM2021.org ဝက်ဆိုက်တွင် ဖော်ပြထားသည်။ ကျန်းမာရေးဌာနယန္တရားတစ်ခုလုံး ရပ်တန့်လုနီးပါးဖြစ်နေသော်လည်း ဖေဖော်ဝါရီလအတွင်းမှာပင် စစ်ကောင်စီက ကာကွယ်ဆေးထိုးလုပ်ငန်းများ စတင်ခဲ့သည်။ 

နိုင်ငံစီမံအုပ်ချုပ်ရေး ပုံမှန်နီးပါးဖြစ်ရန် ဆောင်ရွက်နေသည်ဟူသည့် စစ်ကောင်စီက ကာကွယ်ဆေးထိုးနှံရေးကို တွန်းအားပေးနေသော်လည်း ပကတိအခြေအနေတွင် စနစ်မကျမှုများရှိနေသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။  

ကျန်းမာရေးဌာန လှုပ်ရှားမှုသတင်းဓာတ်ပုံများတွင် ထိုအားနည်းချက်များကို တွေ့နိုင်သည်ဟု မန္တလေး နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးမှ သူနာပြု ဒေါ်ခိုင်ခိုင်က ထောက်ပြသည်။ 

“ဆေးထိုးတယ်ဆိုရင် တက်လာတဲ့ပုံတွေဆိုရင် အပ်ကိုင်တာကအစ၊ PPE ဝတ်ထားတာကအစ၊ အပ်ဆိုရင်လည်း တစ်ချောင်းပြီးမှတစ်ချောင်း ထိုးတာမဟုတ်ဘဲနဲ့ လက်ထဲမှာ နှစ်ချောင်း၊ သုံးချောင်း၊ ကိုင်ထားတယ်။ ဆေးကို syringe အပ်နဲ့စုပ်ပြီး အကုန်လုံးတင်ထားတာတို့၊ ကျွန်မတို့ဆိုရင် ဆေးစုပ်ဖို့က တစ်ယောက်၊ ထိုးတာ တစ်ယောက်၊ အဲ့ဒီလိုမျိုးလုပ်ထားတာ။ အခုက စနစ်မကျတာတွေက အများကြီးပေါ့”ဟု  ဒေါ်ခိုင်ခိုင်က ပြောသည်။ 

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး သင်တန်းတက်ရောက်ထားသူ ဒေါ်ခိုင်ခိုင်သည် အာဏာသိမ်းမှုနှင့် ရင်ဆိုင်ရသည့် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက လုပ်ငန်းခွင်ကို ကျောခိုင်းလာသူ ဖြစ်သည်။

၂၀၂၀ ဒီဇင်ဘာလက PPE ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းမာရေးဝန်ထမ်းတစ်ဦး

ဆေးထိုးဖို့ စစ်ကောင်စီ ဖိတ်ခေါ်

ကာကွယ်ဆေးကို ပထမအကြိမ် ထိုးပြီး လေးပတ်အကြာတွင် ဒုတိယအကြိမ် ထိုးနှံရမည်ဖြစ်သည်။

မြန်မာနိုင်ငံက ရရှိထားသည့် Covishield  ကိုဗစ်ကာကွယ်ဆေးအရေအတွက်မှာ  ၃.၅ သန်း ဖြစ်သည်။ 

စစ်ကောင်စီက ထုတ်ပြန်သည့် အချက်အလက်အရ ဧပြီ ၂၁ ရက်နေ့အထိ ပထမအကြိမ် ထိုးခဲ့သည့် အရေအတွက် ၁.၅၄ သန်း၊ ဒုတိယအကြိမ် ထိုးနှံပြီး ဆေးအရေအတွက် ၀.၃၄ သန်း ရှိသည်။

ပထမအကြိမ်ထိုးပြီးနောက် လေးပတ်အကြာတွင် ထပ်မံထိုးရမည့် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံသူမှာ ငါးပုံတစ်ပုံသာရှိသည်။

ဇန်နဝါရီလကုန်ပိုင်းတွင် ပထမဆုံးအကြိမ်ထိုးနှံပြီးဖြစ်သည့် ကျန်းမာရေးဝန်ထမ်းထဲမှ အများစုမှာ CDM လှုပ်ရှားမှုတွင် ပါဝင်နေပြီး ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်များမှာ တိမ်းရှောင်နေကြ သို့မဟုတ် အထိန်းသိမ်းခံထားရသည်။

ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူများ ဆက်လက်ထိုးနှံရမည်၊ ဆေးဝါးပိုလျှံပါက ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးသွားမည်ဟု စစ်ကောင်စီ အာဘော်သတင်းစာတွင် ဖော်ပြထားသည်။  

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှ အသက် ၆၀ အရွယ် အမျိုးသမီးက သူနှင့် ဆွေမျိုးသားချင်းများသည် ကျန်းမာရေးဌာနက ဖိတ်ခေါ်သော်လည်း သွားရောက်ဆေးထိုးခံရန် ငြင်းဆန်ထားကြောင်း Myanmar Now ကို ပြောသည်။

၂၀၂၀ ဧပြီ ၈ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် လူနာကို စစ်ဆေးနေသော ဆရာဝန်များ၊ သူနာပြုများ 

ရန်ကုန်မှ CDM ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်သီဟကလည်း ကာကွယ်ဆေးဆက်မထိုးရန် ဆုံးဖြတ်ထားသည်။ လူထုကိုယ်စားလှယ် အစိုးရခေါင်းဆောင်တို့ကို ပုန်ကန်ပြီး အာဏာသိမ်းထားသူတို့နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု CDM  ဆရာဝန်က ပြောသည်။

“ကာကွယ်ဆေးမထိုးရလို့ ဝမ်းနည်းစရာမရှိပါဘူး။ ကာကွယ်ဆေးမထိုးဘူးဆိုတာက သူပုန်တွေကို မထောက်ခံတာ၊ သူပုန်တွေကို ဆန့်ကျင်တာ၊ သူပုန်တွေလုပ်တာကို လိုက်မလုပ်တာ၊ တိုင်းပြည်နဲ့ လူမျိုးကို သစ္စာစောင့်တာ” ဟု ဒေါက်တာကျော်သီဟက ပြောသည်။ 

အသက်အန္တရာယ်ကြားက ကာကွယ်ဆေး 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊ စစ်ဆေးရုံတို့တွင် ဧပြီလကုန်ပိုင်းက အသက် ၁၈ နှစ်မှ ၆၀ ဝန်းကျင်အထိ အရွယ်စုံ သွားရောက်ဆေးထိုးခံကြသည်ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးမောင်ရွှေက ပြောသည်။   

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရန် ဆုံးဖြတ်ထားသူများမှာ “အစွန်းရောက်ခြင်းသာ” ဖြစ်သည်ဟု  ဆေးထိုးခဲ့ပြီးဖြစ်သည့် ၅၈ နှစ်အရွယ် ဦးမောင်ကိုက ပြောသည်။

“တပ်မတော်ကပဲ ထိုးထိုး၊ ပြည်သူ့ဆေးရုံကပဲ ထိုးထိုး၊ ထိုးရမယ့်အလုပ်ပဲလေ။ တပ်မတော်ဘက်ကလည်း ထိုးပေးတယ်။ ပြည်သူ့ဆေးရုံကလည်းထိုးပေးတော့ လွယ်လင့်တကူ နီးစပ်ရာသွားလို့ ရတာပေါ့။ ကျေးဇူးအများကြီးတင်ဖို့ ကောင်းပါတယ် “ ဟု မှတ်ချက်ပြုသည်။ 

“ကျန်းမာရေးနဲ့ဆိုင်တဲ့အခါကျတော့ တပ်မတော်ဆရာဝန်ပဲဖြစ်ဖြစ်၊ ပြည်သူ့ဆေးရုံပဲဖြစ်ဖြစ်လေ ပြည်သူ့အတွက် ထိုးပေးတယ်ဆိုတာကတော့ အကောင်းဆုံးလို့တော့ ပြောလို့ရတာပေါ့” 

“အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ” တပ်မတော်က ဆေးကုသရေးအဖွဲ့များ စေလွှတ်နေသည်ဟု မေလ ၁၀ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ရေးထားသည်။ 

“ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်” ဟု ဆိုသည်။

သို့သော်လည်း စစ်ကောင်စီ၏ ပွင့်လင်းမြင်သာမှုမရှိသည့် စီမံခန့်ခွဲမှုအောက်တွင် ကိုဗစ်ကာကွယ်ဆေး အမျိုးအစား၊ အရည်အသွေးတို့နှင့် ပတ်သက်ပြီး သံသယဝင်သူများ ရှိနေသည်။ 

NLD အစိုးရက အိန္ဒိယထုတ် Covishield  ကိုသာ တရားဝင်ခွင့်ပြုထားသော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ ထိုးပေးရန် ပြင်ဆင်နေသည်။ 

တရုတ်စစ်တပ် ထောက်ပံ့သည့် sar – Cov 2 (vers cell) အမျိုးအစား ကာကွယ်ဆေးငါးသိန်းမှာ မေလဆန်းပိုင်းက ရောက်ရှိလာပြီး ထိုကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေ ထိုးနှံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အိန္ဒိယထုတ် covishield  သည် အပူချိန် ၂ ဒီဂရီမှ ၈ ဒီဂရီကြား သိုလှောင် သိမ်းဆည်းရန် လိုအပ်သည်။ ဖွဲ့စည်းပုံပျက်နေသည့် ကျန်းမာရေးဌာနသည် ကာကွယ်ဆေးကို သတ်မှတ်စည်းကမ်းအတိုင်း သိုလှောင်၊ သယ်ဆောင်နိုင်မည်မဟုတ်ဟု ယူဆပြီး ဆေးထိုးရန် ငြင်းဆန်သူလည်း ရှိနေသည်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ဦးဖိုးထူးက ဆေးအထိုးခံရန် အဆင်သင့်မဖြစ်သေးပေ။

“ဆေးတွေကလည်း သတ်မှတ်ချက်နဲ့အညီ ထားရတာလို့ သိတယ်လေ။ အခုက ဆရာဝန်တွေ တော်တော်များများလည်း CDM ထဲ ပါနေတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးတွေ သိမ်းတာ ဆည်းတာတွေရော စနစ်တကျ သိမ်းနိုင်ပါ့မလားစိုးရိမ်တယ်။ ဆေးထိုးပြီးတော့မှ ဆေးကြောင့် ပိုလေးတာမျိုးဖြစ်မှာ စိုးရိမ်ရတယ်” ဟု အသက် ၇၀ အရွယ် ဦးဖိုးထူးက ပြောသည်။ 

အသက်ကြီးသူများ ပိုမိုကူးစက်ခံရနိုင်သည် ဆိုသော်လည်း စစ်ကောင်စီလက်အောက်တွင် ကိုဗစ်ကာကွယ်ဆေးထိုးမည်မဟုတ်ဟု ဦးဖိုးထူးက မှတ်ချက်ပြုသည်။ 

ကိုဗစ်ကာကွယ်ဆေးထိုးရန်  ကျန်းမာရေးဌာနက တိုက်တွန်းနေသော်လည်း   ကိုဗစ်ကူးစက်မှုထက် ပိုမို ကြီးမားသော အန္တရာယ်က ရှိနေတတ်သည်။  

မေလ ၅ ရက်နေ့က မန္တ​လေးမြို့၊ အောင်မြေသာစံမြို့နယ် အလုပ်သမားဆေးရုံတွင် ကိုဗစ်ကာကွယ်ဆေးထိုးအပြီး ပြန်ထွက်လာသည့် အမျိုးသမီးတစ်ဦးမှာ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ လက်ချက်ကြောင့်  လက်ဝဲဘက်မျက်လုံး ကျည်ထိမှန်ပြီး နောက်ပိုင်းတွင် သေဆုံးခဲ့သည်။ 

နေပြည်တော်တွင် ကိုဗစ်နိုင်တင်းကာကွယ်ဆေး စတင် ထိုးနှံပေးသည့် ဇန်နဝါရီ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများထဲ ဝန်ထမ်းတစ်ဦးကို ထိုးပေးနေပုံ။ အာဏာဖီဆန်သည့် ကျန်းမာရေးဝန်ထမ်းများသည် ဒုတိယအကြိမ်ထိုးရမည့် အစီအစဉ်တွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

ကိုဗစ်နှင့် ကြီးမားသော ရန်သူ  

အိမ်နီးချင်း အိန္ဒိယတွင် ကိုဗစ်ကူးစက်နှုန်း တစ်ရှိန်ထိုးမြင့်တက်နေဆဲဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင်လည်း ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်လာသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်သူဦးရေ၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်မှာ ရောဂါလက္ခဏာမပြဘဲ စစ်ဆေးကြည့်မှသာ သိရှိရသည့်အတွက် ကိုဗစ်နိုင်တင်းကူးစက်မှု တတိယလှိုင်းဖြစ်လာနိုင်ခြေရှိကြောင်း ဒေါက်တာခင်ခင်ကြီးက သတင်းထောက်များကို ဧပြီလကုန်ပိုင်းတွင် ပြောကြားထားသည်။  

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးနိုင်မှုက ယခင်ထက် ၁၀ ဆနီးပါး လျော့နည်းသွားသည်။ တစ်ရက်လျှင် တစ်ထောင်ကျော်သာ စစ်ဆေးနိုင်ပြီး ဧပြီလလယ်မှစ၍ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိသူ အရေအတွက်မှာ ၁၀ ဦးနှင့်အထက် ရှိနေကြောင်း ကျန်းမာရေးဌာနထုတ်ပြန်ချက်များတွင် တွေ့ရသည်။ 

ကာကွယ်ဆေးမထိုးရသေးသော်လည်း ပိုးကူးစက်မှုကာကွယ်နိုင်သည့် နည်းလမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဆရာဝန်များက အကြံပြုသည်။ 

“ကာကွယ်ဆေးထိုးတာက ၈၀ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်တယ်။ တခြားနိုင်ငံတွေမှာလည်း ကာကွယ်ဆေးထိုးပြီးရင် နှာခေါင်းစည်း သေချာတပ်ဖို့၊ လက်သေချာဆေးဖို့က ပါတာပဲလေ။ ကာကွယ်ဆေးမထိုးလိုက်ရလို့ ပြဿနာမရှိဘူး။ တိုင်းပြည်နဲ့ လူမျိုးကို သစ္စာစောင့်သိရာရောက်တယ်။ အဓိကတော့ နှာခေါင်းစည်း သေချာတပ်ဖို့၊ လက်သေချာဆေးဖို့ပဲ” ဟု ရန်ကုန်မှ  CDM ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်သီဟက အကြံပြုသည်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသူအရေအတွက်မှာ မေလအထိ တစ်သိန်းလေးသောင်းကျော်လာပြီဖြစ်ပြီး အများစုမှာ ပိုးကင်းစင်သွားပြီဖြစ်သည်ဟု ကျန်းမာရေးဌာနက ဆိုသည်။

သို့သော်လည်း ပြည်သူအများအပြားမှာ အာဏာရှင်တော်လှန်ရေးကို ပိုမိုစိတ်အားထက်သန်နေသည်။ 

တမူးမြို့နယ်မှ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက “ကိုရိုနာဆိုတာကတော့ ဖြစ်တိုင်းလည်း သေတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ရတယ်။ အာဏာရှင်ဆိုတာက အိမ်ထဲမှာနေရင်တောင် ဘယ်လိုမှ မလုံခြုံဘူး။ ဘယ်မှာပဲနေနေ မလုံခြုံဘူး။ အမြဲတမ်းနှောင့်ယှက်ပြီး စိတ်မလုံခြုံရဘူး” ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်စတင်ကူးစက်ခံရသည့် ၂၀၂၀ မတ်လမှ မေလအထိ ၁၄ လ အတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၂၁၂ ဦးရှိသည်။ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ၃ လအတွင်း ၇၈၈ ဦး သေဆုံးခဲ့သည်။

Myanmar Now က ကောက်ယူထားသည့် အချက်အလက်များအရ ဖက်ဆစ်တော်လှန်ရေးနေ့ (မတ် ၂၇ ရက်နေ့)တစ်ရက်တည်းတွင် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ 

ကူးစက်ရောဂါနှင့် နှိုင်းယှဉ်ပါက စစ်အာဏာရှင်အုပ်ချုပ်မှုကို ပိုမိုစိုးရိမ်သည်ဟု မြင်းခြံမြို့သား ဦးမောင်က ဖွင့်ဟသည်။ 

“စစ်အာဏာရှင်ကျဆုံးသွားမယ်ဆိုရင် ပြည်သူ သန်း ၅၀ လုံးရဲ့ ဘဝတွေ ကောင်းမွန်လာမှာပါ။ ကိုဗစ်ဖြစ်လို့ သန်း ၅၀လုံး မသေနိုင်ပါဘူး” ဟု ကာကွယ်ဆေးထိုးရန် ငြင်းဆန်ထားသည့် ဦးမောင်က ပြောလိုက်သည်။

(ဆောင်းပါးတွင် ပါရှိသူတို့၏ လုံခြုံရေးအတွက် ၎င်းတို့၏ အမည်များကို လွှဲပြောင်းဖော်ပြထားပါသည်)

Show More

Related Articles

Back to top button