အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကြေညာရန် အသင့်ဖြစ်နေ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးဆောင်ဖွဲ့စည်းမည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၏ အမည်စာရင်းကို သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ တွင် ထုတ်ပြန်ကြေညာသွားမည်ဟု အမည်မဖော်လိုသည့် CRPH အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်များ သဘောတူဖွဲ့စည်းထားသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ပါဝင်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်စာချုပ်ပါ လမ်းပြမြေပုံအတိုင်း တစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ပထမသက်တမ်းကုန်ဆုံးမည့် မတ် ၃၁ တွင် CRPH က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အစည်းအဝေး အကြိမ်ကြိမ်ကျင်းပခဲ့ပြီးနောက် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

မတ် ၃၀ ရက်နေ့က ဆက်သွယ်မေးမြန်းစဉ် CRPH ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန် ခေါ် မောင်တင်သစ်က ၎င်းတို့ဖွဲ့မည့် အစိုးရသည် ပုံမှန်မဟုတ်သည့် အခြေအနေတွင် တာဝန်ထမ်းဆောင်ရမည်ဟု ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အားလုံးသိတဲ့အတိုင်းပဲ တိုက်ပွဲကာလ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကာလမှာ ဖွဲ့စည်းရတဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင်တော့ တိုက်ပွဲဝင်အစိုးရတစ်ရပ် ပေါ်ထွက်လာမယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု Myanmar Now ကို ဖြေကြားသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်

စစ်အာဏာရှင်ခေတ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းကြောင်းကို CRPH က ကြေညာခဲ့ပြီး ကြားကာလဖွဲ့စည်းပုံအခြေခံမူအဖြစ် ကျင့်သုံးမည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter)တစ်ခုကို ဧပြီ ၁ တွင် ထုတ်ပြန်ခဲ့သည်။

ရက်ပိုင်းအတွင်းမှာပင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကလည်း အဆိုပါ ပဋိညာဉ်စာတမ်းကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ဟူ၍ ပါရှိသည့် ထိုပဋိညာဉ်တွင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆောင်ရွက်ရမည့် အချက်များကို အဆင့်အလိုက်ဖော်ပြထားသည်။

ဖက်ဒရယ်ပဋိညာဉ် အစိတ်အပိုင်း (၁) ၏ နိုင်ငံရေးလမ်းပြမြေပုံတွင် အဆင့် ၈ ဆင့် ပါဝင်ပြီး အဆင့် (၄) အရ  ကြားကာလအစိုးရ ဖွဲ့စည်းပြီးနောက် ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်သည်။

ထို့နောက် တိုင်းပြုပြည်ပြုညီလာခံ ခေါ်ယူကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး လူထုဆန္ဒခံယူပွဲ ကျင်းပအတည်ပြုသွားရမည် ဖြစ်သည်။

ကြားကာလအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစနစ်တွင် ဝန်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်ဒီမိုကရေစီစနစ် (Parliamentary System) ကို ကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတ (၁)၊ (၂) တို့ ပါဝင်မည်ဟု ဖက်ဒရယ်ပဋိညာဉ်တွင် ဖော်ပြထားသည်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်မှာ ဒေါက်တာဇော်ဝေစိုးဖြစ်လာနိုင်ပြီး NLD ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်၊ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးတို့ ပါဝင်လာနိုင်သည်ဟု CRPH နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။ 

သို့သော်လည်း ဤပြောဆိုချက်များကို အတည်ပြုရန် Myanmar Now က ကာယကံရှင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ

ကြားကာလအစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများနှင့် လုပ်ငန်းအဆင့်ဆင့်တွင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းသွားရမည်ဖြစ်သည်။ 

CRPH အဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များ NUCC တွင် ပါဝင်မည်ဖြစ်သည်။

NUCC ၏ ဥက္ကဋ္ဌမှာ ၁၉၈၈ လူထုလှုပ်ရှားမှု အထင်ကရခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ဖြစ်လာနိုင်သည်ဟု CRPH နှင့် နီးစပ်သူတချို့က ပြောသည်။

ထိုဖက်ဒရယ်ပဋိညာဉ်ကို ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း နယ်စပ်ဒေသတွင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းပြီးရေးဆွဲခဲ့သူတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ ဖြစ်ကြသည်။ 

ဒီမိုကရေစီအင်အားစု၏ ဆွေးနွေးသဘောတူညီချက်ဖြစ်သော်လည်း နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထု၏ အာဏာရှင်ဆန့်ကျင်ရေး အုံကြွမှုဖြစ်ပေါ်နေသည့် ယနေ့အချိန်ကာလရောက်မှ နိုင်ငံရေးဖြစ်စဉ်တွင် စတင်ပါဝင်လာခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button