အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်မြို့ဖြိုခွင်းခံရမှု သေဆုံးသူ ၁ ဦးထပ်တိုး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် ယမန်နေ့ (ဧပြီ ၇) က စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူတစ်ဦး ထပ်တိုးလာသဖြင့် စုစုပေါင်း အရပ်သားပြည်သူ ၈ ဦး ကျဆုံးခဲ့ရပြီဖြစ်သည်။ 

တန့်ဆည်မြို့တွင် ၈ ဦးမြောက် ကျဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ (ဧပြီ ၈) နံနက်ပိုင်းတွင် ထပ်မံ ကောက်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

သေဆုံးသူများမှာ အသက် ၃၀ ဝန်းကျင်နှင့် ၅၀ ကြားအရွယ် အမျိုးသားများဖြစ်ပြီး ဦးခေါင်းပွင့်ဒဏ်ရာ၊ ရင်ဘတ်၊ ဆီးခုံ၊ ဗိုက်နှင့် လည်ပင်းထိမှန်ဒဏ်ရာများဖြင့် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။  

ကျဆုံးသူ ၈ ဦးမှာ တန့်ဆည်မြို့ပေါ်နှင့် နနွင်းတော၊ ချောင်းဦး၊ ချောင်းရိုး၊ အင်းရှည်၊ အောင်ချမ်းသာ၊ တွေးဒီနှင့် ဆင်သီကုန်း စသည့်ကျေးရွာများမှ ဖြစ်သည်။ 

ယမန်နေ့ ညနေပိုင်းက တန့်ဆည်မြို့ရှိ ဆန္ဒပြပြည်သူများကို ဖြိုခွဲရန် ရေဦးလမ်းမှတဆင့် ဝင်လာသည့် လက်နက်ကိုင်တပ်များကို ဒေသခံများက ဟန့်တားမှုများပြုလုပ်သည့်အတွက် တနယ်ရွာနှင့် ကျွဲဆွဲရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

“သူတို့က စပြီး ဝင်လာကတည်းက ဖြိုခွဲတာမျိုးမဟုတ်ဘဲ သူတို့က ကျည်အစစ်တွေနဲ့ချည်းပဲ ပစ်တာ။ စက်သေနတ်တွေရော၊ စနိုက်ပါတွေရော ပါတယ်။ လမ်းဘေးဝဲယာတွေကို ချိန်ပစ်တာမျိုးမဟုတ်ဘဲ  ဆက်တိုက်ဆက်တိုက် ပစ်တဲ့အခါကျတော့ ပြည်သူတွေက စနစ်တကျ နေရာယူနိုင်တာမျိုးမဟုတ်တော့ အဲ့မှာ မှန်ကုန်တာပေါ့ဗျာ”ဟု တန့်ဆည်မြို့ခံတစ်ဦးက ပြောသည်။ 

လက်နက်ကိုင်တပ်များက စက်သေနတ်များ၊ စနိုက်ပါများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဒေသခံများဘက်က တူမီးသေနတ်များ၊ ဂက်စ်သေနတ်များ ပြန်လှန်ခုခံမှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

တန့်ဆည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြပွဲများ၌ သောင်းနှင့်ချီသော ဒေသခံများ ပါဝင်လေ့ရှိပြီး ယမန်နေ့တွင် ပထမဆုံးအကြိမ် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။ 

ယနေ့ နံနက်ပိုင်းတွင် တန့်ဆည်မြို့လယ်၌ အင်အား ၁၀၀ ကျော်ရှိ စစ်တပ်နှင့် ရဲများ နေရာယူထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“အဝိုင်းပတ် ဘေးပတ်လည်မှာ တပ်ဖြန့်နေရာယူပြီးတော့ လာသမျှကို စစ်တာမေးတာတွေ လုပ်နေတော့ မြို့ပေါ်မှာ ဘယ်သူမှ အပြင်မထွက်ရဲတဲ့အနေအထားမှာ ရောက်နေတယ်” ဟု တန့်ဆည်မြို့ခံတစ်ဦးက ပြောသည်။ 

ပင်စောက်မဟာစည်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ညီနောင်အားမာန် ပရဟိတဆေးခန်းကိုလည်း ယနေ့ နံနက် ၁၁ နာရီခန့်တွင် လက်နက်ကိုင်တပ်များက တစ်နာရီကျော်ကြာ ဝင်ရောက်စီးနင်းပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

တန့်ဆည်မြို့နယ်တွင် အင်တာနက်ပြတ်တောက်နေသည့်အတွက် သတင်းအချက်အလက်ပေးပို့ရန် ခက်ခဲနေကြောင်းလည်း ဒေသခံများက ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button