အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်မြို့ ရဲစခန်းတစ်ခု စီးနင်းမီးရှို့ခံရ၊ လေတပ် သွားရောက်ပစ်ခတ်

ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမ နယ်မြေရဲစခန်းကို ယမန်နေ့(ဖေဖော်ဝါရီ ၂၁) နံနက်ပိုင်းက  ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ကံထူးမကျေးရွာရှိ ထိုစခန်းကို နံနက် ၂ နာရီ ဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းအတွင်းရှိ အဆောက်အအုံများကို ဒေသကာကွယ်ရေးအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကူများရောက်လာနိုင်သည့် အန္တရာယ်ကြောင့် ပြန်ဆုတ်သွားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

စခန်းအတွင်း ဘန်ကာ ၈ ခုရှိသည့်အနက် နောက်ဆုံးကျန်ရှိသည့် ဘန်ကာကို သိမ်းပိုက်ချိန်တွင် တပ်ဆုတ်ခဲ့ရခြင်းမှာ စစ်ကောင်စီဘက်မှ စစ်ကူလာသည့်သတင်းကြောင့် ဖြစ်သည်ဟု တိုက်ပွဲဝင်ပါဝင်ခဲ့သည့် တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်က ပြောသည်။

တန့်ဆည်မှ ကားဖြင့် သွားပါက မိနစ် ၄၀ ခန့်ကြာသည့် ရေဦးမြို့နယ်မှ စစ်ကူရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများမှာ PDF နှင့် ပကဖတပ်များက ကြားဖြတ်တိုက်ခိုက်သဖြင့် ညနေ ၄ နာရီခန့်မှ ကံထူးမစခန်းသို့ ရောက်လာကြောင်း သိရသည်။

တိုက်ခိုက်သိမ်းယူပြီးသည့် ဘန်ကာများကို ရှင်းလင်းရာတွင် ရဲများကိုင်ဆောင်သည့် သေနတ် ၅ လက်နှင့် ခဲယမ်းတချို့ကို သိမ်းယူနိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နံနက် ၄ နာရီဝန်းကျင်မှစတင်ကာ ညနေ ၃ နာရီဝန်းကျင်အထိ စစ်တပ်က လေကြောင်းပစ်ကူ အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။ 

“စခန်းကို စီးနိုင်တာက အစောကြီးပဲ၊ လေယာဉ်လာရင် ဆုတ်လိုက်.. ပြန်သွားရင် တွယ်လိုက်နဲ့ လုပ်ခဲ့ရတာ” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်က ၃ ဦး သေဆုံးခဲ့သည်။

စခန်းတိုက်ခိုက်မှုတွင် ရဲ ၉ ဦး သေဆုံးခဲ့သည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ရေးသားကြသည်။ ထိုကိန်းဂဏန်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အရပ်သားထိခိုက်မှု

လေတပ်တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ကံထူးမရွာ အနောက်ဘက်ရှိ ၁၁ မိုင်အကွာ ပသာကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရောက်လာသည့် လေယာဉ်သည် ပစ်မှတ် တိတိကျကျ ရှိပုံမရဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မည်းမည်းမြင်ရာကို လိုက်ပစ်တာပဲ၊ ပြည်သူတွေက သစ်ပင်အောက်တွေမှာ အတင်းဝင်ပုန်းနေရတာ​၊ လိုက်ဝဲနေတာ၊ တိုက်ပွဲဖြစ်တဲ့နေရာကြဲလိုက်၊ ဘေးတွေကို ပစ်လိုက်နဲ့ လေယာဉ်က ဆက်တိုက်လာနေတာပဲ” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေဦး-ကလေးဝ ကားလမ်း၊ မြို့အနောက်ဘက်ရှိ တောင်ကျောင်း၊ ပန်းထိန်ကုန်းတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

မူးမြစ်အနောက်ဘက်ကမ်းရှိ တန့်ဆည်မြို့နယ်သည် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ဒေသဖြစ်သည်။

ထိုအဖွဲ့များက မြို့ပေါ်ရှီ စစ်ကောင်စီတပ် နေရာယူထားသည့် အထက်တန်းကျောင်း၊ ဆေးရုံနှင့် ဘောလုံးကွင်းတို့ကို ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

၂၀၂၂ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ကံထူးမနယ်မြေရဲစခန်းကို တိုက်ခိုက်ခဲ့ဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button