
စစ်အာဏာသိမ်းအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်နှစ်ဦးကို ပြီးခဲ့သည့်အပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စာရွက်စာတမ်း၊ ကွန်ပျူတာနှင့် ဘဏ်စာရင်းများကို သိမ်းဆည်းသွားကြောင်း ဖောင်ဒေးရှင်းနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ဖမ်းဆီးခံထားရသည့် ဖောင်ဒေးရှင်းအလုပ်အမှုဆောင်နှစ်ဦးမှာ NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ Myanmar Book Centre ပိုင်ရှင်နှင့် စာအုပ်ထုတ်ဝေသူ ဒေါက်တာသန့်သော်ကောင်းတို့ဖြစ်ပြီး ၎င်းတို့ ထိန်းသိမ်းခံထားရသည့် နေရာကို မသိရဟု ထိုသူက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များထံမှ သီးခြားအတည်ပြုချက် မရသေးပေ။
“ဒေါ်အောင်ဆန်းစုကြည်ကို ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ တရားစွဲဖို့ နာမည်ဖျက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဆိုတော့ ဒီဟာတွေကို ကမ္ဘာကနေ အချိန်နဲ့တစ်ပြေးညီ သိရှိပြီး ဒီကိစ္စကို နိုင်ငံတကာက အမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့ ကြားဝင်ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ကွန်ပျူတာများ၊ ငွေစာရင်းစာရွက်စာတမ်းများ၊ ဘဏ်စာအုပ်များအားလုံးကို သိမ်းဆည်းစစ်ဆေးနေသည်ဟု ဆိုသည်။
“စစစ… အမိန့်စာ ရောက်လာတယ်လို့ ပြောပါတယ်။ ဒီဘက်ကလူတွေက တရားရုံးဝရမ်းမဟုတ်တဲ့အတွက် ဒီဟာကို ခွင့်မပြုနိုင်ဘူးလို့ ပထမတော့ ငြင်းဆန်တာတွေ လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကြည့်ရုံတင်ကြည့်မှာပါ၊ ပြီးရင်တော့ ပြန်ပေးမှာပါဆိုတဲ့ အပျော့နည်းနဲ့ အတင်းပြောတဲ့အခါ ရုံးခန်းကို ဖွင့်ပေးလိုက်ရတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ဖေဖော်ဝါရီ ၁ နံနက်အစောပိုင်းတွင် တပ်မတော်က အာဏာသိမ်းယူလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကာ ထိုသို့မထိန်းသိမ်းမီ ၎င်း၏နေအိမ်၌ တရားမဝင်တင်သွင်းထားသော စကားပြောစက်များ သိမ်းဆည်းရရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေအရ တရားစွဲဆိုထားသည်။

ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူအချို့ကို ခေါ်ယူစစ်ဆေးပြီး ပိုမိုကြီးလေးသော ပြစ်ဒဏ်ဖြင့် စွဲချက်တင်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ဖောင်ဒေးရှင်းနှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ မိခင်ဒေါ်ခင်ကြည်ကို ရည်စူး၍ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ တွင် စတင်ထူထောင်ခဲ့သော အဆိုပါဖောင်ဒေးရှင်းသည် နိုင်ငံတစ်ဝန်းတွင် ရွေ့လျားစာကြည့်တိုက်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်းများ ဖွင့်လှစ်ထားသည်။
ဖောင်ဒေးရှင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးပညာတို့ဖြင့် လူငယ်များအလုပ်အကိုင်ရှာဖွေနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ပေးနိုင်ရေးတို့အတွက် နေပြည်တော်၌ လရောင်တောစီမံကိန်းကို အကောင်အထည်ဖော်နေသည်။
ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်း၍ နိုင်ငံ့ခေါင်းဆောင်များကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသော်လည်း လက်ရှိအခြေခံဥပဒေအရ ၎င်းတို့မှာ နိုင်ငံ့အကြီးအကဲများသာဖြစ်နေသေးကြောင်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM) က ဖေဖော်ဝါရီ ၆ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာအပ်လိုက်ရစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လက်ရှိရာထူးအတိုင်းပင် တည်မြဲစွာရှိနေကြောင်း ပြဋ္ဌာန်းထားသည့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များကို ရည်ညွှန်း၍ ရှေ့နေများအသင်းက ထိုသို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။