သတင်း

အထူးအစည်းအဝေးခေါ်ရန် ပြည်ထောင်စုလွှတ်တော် ငြင်းဆန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့ ဦးဆောင်တောင်းဆိုသကဲ့သို့ ဒုတိယအကြိမ်လွှတ်တော်၏ လက်ကျန်သက်တမ်း ရက် ၂၀ ကာလအတွင်း အထူးအစည်းအဝေးခေါ်ယူမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ယနေ့ (ဇန်နဝါရီ ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။

တသီးပုဂ္ဂလ၊ အခြားပါတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်အနည်းစုအပါအဝင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်၏ အထူးအစည်းအဝေးခေါ်ရန် တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်က ၂၄ နာရီအတွင်း ငြင်းပယ်လိုက်ခြင်းဖြစ်သည်။​

ယင်းတောင်းဆိုမှုကို ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၃၆ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၀၊ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD) ကိုယ်စားလှယ်တစ်ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦးတို့က ဇန်နဝါရီ ၁၁ တွင် လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။ 

တောင်းဆိုသူ စုစုပေါင်း၂၀၃ ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် လွှတ်တော်၏ အမတ်များမှာ ၃၀ ရာခိုင်နှုန်းကျော် ရှိသည်။

တောင်းဆိုမှုမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံထောက်ခံမှုရှိရမည်ဟူသော အခြေခံဥပဒေက သတ်မှတ်ထားသည့် စည်းမျဉ်းနှင့် ကိုက်ညီသော်လည်း ယခုအချိန်သည် ကိုဗစ်နိုင်တင်းရောဂါကာလဖြစ်ခြင်း၊ ဒုတိယအကြိမ်လွှတ်တော်၏ လက်ကျန်သက်တမ်း ရက် ၂၀ ခန့်သာ ကျန်ရှိချိန်တွင် ကိုယ်စားလှယ်များကို ၁၅ ရက် ကြိုတင်အကြောင်းကြား၍ အစည်းအဝေးခေါ်ယူရမည့် အခြေအနေဖြစ်နေခြင်းဟူ၍ ပြည်ထောင်စုလွှတ်တော်က အကြောင်းပြကာ ငြင်းပယ်ထားသည်။

ထို့အပြင် တင်ပြတောင်းဆိုသည့်စာတွင် ပါဝင်သော အကြောင်းပြချက်များမှာလည်း အထူးအစည်းအဝေးခေါ်ယူကျင်းပရမည့် ကိစ္စမဟုတ်ဟု ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်တိုင်ကြားမှုများအတွက် ပြည်သူ့ကိုယ်စားလှယ်များနှင့် စုပေါင်းတိုင်ပင်အဖြေရှာဆုံးဖြတ်နိုင်ရန်ဟု ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့ ဦးဆောင်တောင်းဆိုထားသည့်စာတွင် ပါဝင်သော်လည်း ယင်းမှာ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်သာဖြစ်ပြီး လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စများမဟုတ်ကြောင်း ဆိုထားသည်။ 

တောင်းဆိုမှုတွင် ဦးဆောင်ပါဝင်သူ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးကမူ လွှတ်တော်၏ ဆုံးဖြတ်ချက်သည် တရားနည်းလမ်းမကျဟု တုံ့ပြန်သည်။ 

“လွှတ်တော်ထဲမှာ တိုင်ပင်ဆွေးနွေးဆုံးဖြတ်စရာ မလိုဘူးဆိုတဲ့အချက်နဲ့ ပယ်ချတယ်။ တရားနည်းလမ်းကျကျ ဖြေရှင်းပေးမှုမျိုး မဟုတ်ဘူး” ဟု ဦးသောင်းအေးက Myanmar Now ကို ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်အတွင်း မဲမသမာမှု၊ မဲစာရင်းမှားယွင်းမှုကဲ့သို့သော အမည်းစက်စွန်းထင်းခြင်းကို ပယ်ဖျက်နိုင်ရန် နည်းလမ်းပေါင်းစုံသုံး၍ ဆက်လုပ်မည်ဟု ဦးသောင်းအေးက ပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်မပြောနိုင်သေးကြောင်း ဆိုသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းကမူ မှတ်ချက်ပြုရန်မရှိဟု Myanmar Now ကို ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို လေ့လာစောင့်ကြည့်နေသည့် အာနန္ဒာအဖွဲ့ ဒါရိုက်တာ ကိုထင်ကျော်အေးကမူ ယခုပေါ်ပေါက်နေသည့် အထူးအစည်းအဝေးခေါ်ယူရန်ကိစ္စ အငြင်းပွားမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကို နှစ်ဖက်စလုံးက လိုသလိုအသုံးချနေကြခြင်းဖြစ်သည်ဟု ဝေဖန်သည်။ 

“နိုင်ငံရေးအရ တစ်ဖက်နဲ့တစ်ဖက် အမြတ်ထုတ်ကြတဲ့ ကိစ္စပါပဲ။ တောင်းဆိုတဲ့ဘက်ကကျတော့ နိုင်ငံရေးအရ ညှိနှိုင်းမခံရဘူး၊ လူရာသွင်းမခံရဘူး၊ အရှုံးကကြီးတဲ့အခါကျတော့ အခြေခံဥပဒေက ပေးထားချက်ကို ကိုးကားပြီး တောင်းဆိုတာပေါ့။ အခုလိုတုံ့ပြန်တော့ နိုင်သွားတဲ့သူတွေက ဖွဲ့စည်းပုံနဲ့အညီ မလုပ်ပါဘူးဆိုတဲ့ အမြတ်ကို ထုတ်တာမျိုးပါ” ဟု ကိုထင်ကျော်အေးက ပြောသည်။ 

၂၀၂၀ နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာအနက် လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာ ၉၂၀၊ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာ အနိုင်ရရှိခဲ့ပြီးနောက် မဲစာရင်းကွဲလွဲမှု၊ မဲမသမာမှုများ ရှိသည်ဟု ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့က အဆက်မပြတ် ဝေဖန်ပြောဆိုနေခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ဖေဖော်ဝါရီ ၁ တွင် စတင်မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီ ၅ တွင် စတင်ကျင်းပမည်ဟု လွှတ်တော်က ထုတ်ပြန်ကြေညာထားသည်။

မကြာမီ အစိုးရသက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်က လာမည့်အစိုးရသစ်ကို ခေါင်းဆောင်မည့် သမ္မတ၊ ဒုသမ္မတများကို ရွေးချယ်မည်ဖြစ်သည်။

Show More

Related Articles

Back to top button