သတင်း

AA သိမ်းထားသည့်မြို့များကို လေတပ်က ဗုံးကြဲဖျက်ဆီး

AA ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးစခန်း အများအပြားရှိသော ရခိုင်ပြည်နယ်တွင် လေတပ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည်မှာ ရပ်ကွက် ကျေးရွာများ ဖြစ်နေသည်။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲနေသဖြင့် အရပ်သားများ ထိခိုက်သေဆုံးနေကြသည်။

မတ် ၂၄ ရက် နံနက် ၄ နာရီကျော်ခန့်က မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရစဉ် အသက် ၄၀ အရွယ် ဆေးရုံသန့်ရှင်းရေးဝန်ထမ်း ဒေါ်မြဝါ ဗုံးစများ ထိမှန်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဝန်ထမ်းတစ်ယောက် နာသွားတယ်။ အခြေအနေတောင် မကောင်းဘူး။ ဦးခေါင်းနောက်ဘက်ကို ထိသွားတာ” ဟု ၎င်းက ဆိုသည်။

စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကိုလည်း ဗုံးကြဲခဲ့ပြီး အဆောက်အအုံများ ပျက်စီးသွားကြောင်း၊ ဒေသခံများ မြို့ကိုစွန့်ခွာသွားကြောင်း လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသည့် ထိုသူက ပြောသည်။

“မြို့မှာ လူမကျန်တော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီ။ နည်းနည်းပါးပါးပဲ အိမ်မှာ အိမ်စောင့်ကျန်လိုက်တယ်”

အလားတူ မြေပုံမြို့နယ်၊ သရက်တောင်ရွာကိုလည်း မတ် ၂၃ ရက်နေ့က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဒေသခံနှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်။

ထို့ပြင် မတ် ၂၂ ရက်နေ့ ကလည်း မြေပုံမြို့နယ်၊ ညောင်ကန်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ရဟန်းတစ်ပါးအပါအဝင် ဒေသခံ ၂၀ ခန့် ဒဏ်ရာရရှိသွားသည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေ ဗုံးကြဲခံရတယ်။ ဒဏ်ရာတော့ (လူ) ၂၀ ကျော်လောက် ရတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

AA ကလည်း စစ်ကောင်စီသည် မြို့ရွာများရှိ အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်များ၊ စစ်ဘေးရှောင်နေရာများအပြင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ၊ သာသနိကအဆောက်အအုံများ၊ မြို့ရွာများရှိ ဈေးများနှင့် လမ်းတံတားများကို မိုက်ရူးရဲဆန်စွာ ပိုမို ဗုံးကြဲလျက်ရှိသည်ဟု မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

AA ၏ ထုတ်ပြန်မှု၊ လေတပ်က မြို့များကို ဗုံးကြဲမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင်လည်း ထိုအကြောင်းများကို ဖော်ပြထားခြင်း မရှိပေ။

မင်းပြားမြို့နယ်၊ သာဒါကျေးရွာကိုလည်း မတ် ၁၈ ရက်၊ နံနက် ၁ နာရီခွဲခန့်တွင် ဗုံးကြဲသဖြင့် ရိုဟင်ဂျာ ၂၂ ဦး သေဆုံးကာ ၂၉ ဦး ပြင်းထန်စွာဒဏ်ရာရသွားသည်၊ သေဆုံးသူ ထက်ဝက်ခန့်မှာ ကလေးများ ဖြစ်ကြသည်။

အလားတူ မတ် ၂၁ ရက်ကလည်း မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ရွာကို ဗုံးကြဲသောကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် လေးဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိသွားသည်။

မင်းပြားမြို့နယ်၊ သေကံရွာကို ဖေဖော်ဝါရီ ၂၇ ရက်က တစ်ကြိမ်၊ မတ်၂၄ ရက်က တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံ တိုက်ခိုက်ခံရမှုကို တွေ့ရစဉ်။ (ဓာတ်ပုံ-AA)

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့ကို AA က မတ် ၁၁ တွင် အပြီးသတ်သိမ်းပိုက်ထားသော်လည်း မြို့ပေါ် ၆ ရပ်ကွက်လုံးမှာ အကြိမ်ရေ ရာချီ ဗုံးကြဲခံခဲ့ရပြီးဖြစ်သည်ဟု ဒေသခံတို့က ဆိုကြသည်။

ဖေဖော်ဝါရီ၂၇ ရက်က မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို လေကြောင်းမှ ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၂၀ ရက်တွင် ရမ်းဗြဲမြို့ မြို့မဆေးရုံ၊ မြို့မဈေးနှင့် လူနေအိမ်များပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်( ULA/AA) ၏ စခန်းများ နေရာတိုင်းတွင် ဖွင့်လှစ်ထားသော်လည်း စစ်ကောင်စီသည် အရပ်ဘက်ပစ်မှတ်များကိုသာ ပစ်ခတ်နေသည်ဟု ဦးဖေသန်းက ဆိုသည်။

“သူတို့ကတော့ တပ်တပ်ချင်း ပစ်မနိုင်တော့ ပြည်သူတွေကို ဒုက္ခပေးတဲ့ဗျူဟာပေါ့။ ပြည်သူတွေကို ဒုက္ခပေးခြင်းအားဖြင့် သူတို့တွေကို ထောက်ထားပြီး တိုက်ပွဲရပ်စဲမလား၊ နောက်တစ်ချက်က AA ကြောင့် ဒုက္ခခံရတယ်လို့ ပြည်သူတွေက AA ဘက်ကို မြားဦးတည့်သွားမလား။ အဲလိုရည်ရွယ်ချက်တွေနဲ့ အောက်လမ်းနည်းတွေနဲ့ တိုက်ခိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

“ဒါပေမဲ့ … ပြည်သူကို တိုက်ခိုက်တယ်ဆိုတာ စစ်ရာဇဝတ်မှုမြောက်တယ်”

၂၀၂၃ နိုဝင်ဘာ ၁၃ မှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ စစ်ကောင်စီတပ်ကြောင့် ရခိုင်ပြည်နယ်တွင် အရပ်သား ၁၁၁ ဦးသေဆုံးကာ ဒဏ်ရာရသူ ၃၅၇ ဦးအထိ ရှိကြောင်း၊ စစ်ကောင်စီက အရပ်သား ၂၉၂ ဦးကို ဖမ်းဆီးထားပြီး ဒေသခံ သုံးသိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု AA က ထုတ်ပြန်သည်။

လက်ရှိတွင် AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။

AA သိမ်းထားသောမြို့များပြမြေပုံ။

စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသော မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က မတ် ၂၅ ရက်က ကြေညာထားသည်။

AA သည် မောင်တောမြို့နယ်အတွင်း စခန်းတချို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တစ်လနီးပါးခန့် ပိတ်ဆို့ တိုက်ခိုက်နေသော မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ဆက်လက် ကြိုးပမ်းနေသည်ဟု AA ထုတ်ပြန်ချက်များအရ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်းကို သိမ်းပိုက်ရယူရေးအတွက်လည်း ထိုးစစ် အရှိန်မြှင့်ထားသည်ဟု AA က ထုတ်ပြန်သည်။

စစ်ကောင်စီက မွတ်စလင်များကို စစ်သင်တန်းပေးခြင်း၊ စစ်တွေနှင့် ဘူးသီးတောင်မြို့တွင် ပေါ်ပေါက်လာသော လူမျိုးရေးလှုံ့ဆော်မှု ဆန္ဒပြပွဲများအပြီး AA က ထိုသို့ထုတ်ပြန်လာခြင်း ဖြစ်သည်။

တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ယခုနှစ် ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ယူနန် ပြည်နယ်၊ ဟိုင်ဂင်ဟိုတယ်တွင် ဆွေးနွေး သဘောတူညီချက်အရ ရှမ်းမြောက်တွင် အပစ်ရပ်သွားခဲ့သည်။

သို့ရာတွင် မြောက်ပိုင်းအဖွဲ့ဝင် AA လှုပ်ရှားသော ရခိုင်ပြည်နယ်စစ်ပွဲမှာ ထိုသဘောတူညီချက်တွင် မပါဝင်ခဲ့ဘဲ ထိုးစစ် ဆက်လက်ရှိနေရာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်နေသည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း ရခိုင်ဒေသတွင် အပစ်ရပ်မည့်အခြေအနေ မရှိသေးကြောင်း မတ် ၄ ရက်က ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသည်။

စစ်သည်အင်အား ၄ သောင်းဝန်းကျင်ခန့်ရှိသော AA က ရခိုင်ပြည်နယ်ရှိ စစ်တပ်စခန်းတိုင်းကို တစ်ခုမကျန် တိုက်ထုတ်မည်ဟု မကြာခဏပြောထားသည်။

ကိုးကန့်တပ် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကို ယမန်နှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စတင်ခဲ့ရာ လက်ရှိအချိန်အထိ TNLA က မြို့ ၇ မြို့၊ MNDAA က ကိုးကန့်ဒေသတစ်ခုလုံးပါဝင်သော မြို့ ၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ထိုမြို့များတွင် အုပ်ချုပ်ရေးယန္တရားများ စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။

မတ် ၉ ရက်က ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်အပြီး တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA Info Desk)

Show More

Related Articles

Back to top button