သတင်း

မြောက်ဦးမှရွာကို စစ်တပ်ဗုံးကြဲ၊ ကလေး ၄ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး

မြောက်ဦးမြို့အရှေ့ဘက်ရှိ အထက်လေညှင်းတောင်ရွာကို နံနက် ၈ နာရီကျော်တွင် စစ်တပ်က ဗုံးသုံးလုံးကြဲချသည်ဟု အသက် ၄၀ အရွယ် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့အနီးမှ ရွာကို ယမန်နေ့ (မတ် ၂၁) နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၄ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိသည်ဟု သိရသည်။

မြောက်ဦးမြို့အရှေ့ဘက်ရှိ အထက်လေညှင်းတောင်ရွာကို နံနက် ၈ နာရီကျော်တွင် စစ်တပ်က ဗုံးသုံးလုံးကြဲချသည်ဟု အသက် ၄၀ အရွယ် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သေတာကတော့ ငါးယောက်။ တစ်အိမ်တည်းမှာ သားအမိသုံးယောက်နဲ့ မြို့က စစ်ဘေးရှောင်လာတဲ့ တစ်ယောက်။ နောက်တစ်ယောက်ကတော့ လမ်းမှာ သွားနေတဲ့ မိန်းကလေးတစ်ယောက်ပါ” ဟု ဗုံးကြဲခံရစဉ် သေဆုံးသွားသူများနှင့် အိမ်နီးချင်းလည်းဖြစ်သူ ၎င်းက ဆိုသည်။

သေဆုံးသူများတွင် သုံးနှစ်အရွယ် ကလေးနှစ်ဦး၊ ရှစ်နှစ်အရွယ်နှင့် ဆယ်နှစ်အရွယ် ကလေးနှစ်ဦးတို့ ပါဝင်ပြီး ကျန်အမျိုးသမီးမှာ အသက် ၃၀ ဝန်းကျင်ဟု သိရသည်။

ဗုံးကြဲခံရသဖြင့် နေအိမ်သုံးလုံး မီးလောင်ပြာကျသွားကာ ဒဏ်ရာရသူများတွင် နှစ်နှစ်အရွယ်ကလေးများပင် ပါဝင်ကြောင်း၊ ခြေပြတ်လက်ပြတ်သည်အထိ ဒဏ်ရာပြင်းထန်ကြောင်း အထက်ပါရွာသေခံအမျိုးသမီးက ပြောသည်။

“ကျွန်မတို့အိမ်တွေလည်း ပျက်စီးသွားတယ်။ ဘုရားကျောင်းလည်း ပျက်သွားတယ်။ ကလေးတွေလည်း မြေကြီးမှာ ထိုင်နေကြတာဖြစ်လို့။ အိမ်ပေါ်မှာဆိုရင် အားလုံးသေတယ်။ ကံကောင်းသွားတယ်။ မဟုတ်ရင် မိသားစုလိုက် တစ်တွင်းတည်းမှာ မြှုပ်ရမယ်”

“ထဘီစုတ်တောင် မရလိုက်တော့ဘူး။ အိမ်မှာမီးလောင်လို့။ အခု လက်ပြတ်ခြေပြတ်နဲ့ ဒဏ်ရာရတဲ့သူတွေ ရောက်လာဦး။ အိမ်တစ်ဆောင်လည်း အကောင်းမရှိ။ အားလုံး မီးကျွမ်းသွားပြီ”

ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ရွာခံအများစု ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟုလည်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့် မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မကြာခဏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးနေသည်။

ယခုလ ၁၇ ရက်တွင် မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကြက်လျှာကျွန်းရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ထို့အတူ မတ် ၂၀ ရက်နေ့ကလည်း စစ်တွေအခြေစိုက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ရှုံးနေသည့် စစ်တပ်က အရပ်သားများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

“သူတို့က AA ကို တိုက်မနိုင်ရင် ပြည်သူကိုပဲ နိုင်တယ်။ AA ကို တိုက်မနိုင်လို့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်တာလို့ထင်တယ်”

မတ်လ ၁၈ ရက်နေ့ကလည်း မင်းပြားမြို့နယ် သာဒါရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရိုဟင်ဂျာ ၂၂ ဦး သေဆုံးပြီး ၃၀ နီးပါး အပြင်းအထန်ဒဏ်ရာရခဲ့သည်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ အထိ စစ်ကောင်စီကြောင့် ရခိုင်ပြည်နယ်တွင် အရပ်သား ၁၁၁ ဦးသေဆုံးကာ ဒဏ်ရာရသူ ၃၅၇ ဦးထိရှိကြောင်း၊ စစ်ကောင်စီက အရပ်သား ၂၉၂ ဦးကို ဖမ်းဆီးထားပြီး ဒေသခံ သုံးသိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု AA က ထုတ်ပြန်သည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေး ၄ လကျော်အတွင်း ပလက်ဝ အပါအဝင် ရမ်းဗြဲ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့တို့ကို AA က သိမ်းပိုက်ထားသည်။

မတ် ၂၀ ရက်က မြောက်ဦးမြို့အနီး လက်နက်ကြီးတစ်ခု ကျရောက်ပေါက်ကွဲထားသည့်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ-APM)

Show More

Related Articles

Back to top button