ယမန်နေ့ (မတ် ၁၈) နံနက်အစောပိုင်းက အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးမှ သာဒါကျေးရွာတွင် သေဆုံးသူ ၂၂ ဦးအထိရှိလာပြီး ကလေးငယ် ၉ ဦးပါဝင်သည်ဟု သိရသည်။
မင်းပြားမြို့မြောက်ဘက် ၄ မိုင်ကျော်ခန့်အကွာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ သာဒါ (မွတ်စလင်) ရွာကို စစ်တပ်က ဗုံးနှစ်လုံးကြဲချစဉ် လူ ၂၀ ကျော်သေဆုံးသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူ ၂၉ ဦး ရှိသည်ဟုလည်း ရွာခံများက ဆိုသည်။
ဗုံးကြဲတိုက်ခိုက်ခံရစဉ် အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၈ ဦး ယမန်နေ့က ၂၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၁ နှစ်မှ ၁၄ နှစ်အရွယ် ကလေး ၈ ဦး ပါဝင်သည်ဟု သာဒါရွာမှ ရွာသားသုံးဦးက ယနေ့ ပြောသည်။
အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦး ဒဏ်ရာရသည့်အနက် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ယနေ့နံနက်တွင် သေဆုံးသွားသဖြင့် သေဆုံးသူ ၂၂ ဦး (ကလေး ၉ ဦး) ဖြစ်သွားသည်ဟု အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။
“သေတဲ့သူတွေမှာ အူတွေထွက်သွားတယ်။ ပြီးတော့ ခေါင်းတွေ ကွဲသွားတယ်။ တချို့သူတွေမှာ အောက်ပိုင်းပိုင်းသွားတယ်။ အထက်ပိုင်းရှိတယ်။ တချို့သူတွေမှာ ခေါင်းပြတ်သွားတယ်။ အမျိုးမျိုးပဲ။ တချို့သူတွေမှာ ခန္ဓာကိုယ်တွေ အသားစတွေ ဟိုမှာတစ်ဖဲ့ ဒီမှာတစ်ဖဲ့”
“ဒဏ်ရာရသူတွေမှာတော့ လက်တွေပိုင်းသွားတယ်။ ခြေပိုင်းသွားတာတွေရှိတယ်။ ခြေပြတ်၊ လက်ပြတ်၊ နားပြတ် အဲလိုပါပဲ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
သေဆုံးသူများတွင် ဆင်ကြီးပြင်ရွာမှ စစ်ရှောင်ရောက်နေသူ ၁၂ ဦး၊ မော်လဝီ (ဘာသာရေးဆရာ) ဆရာတစ်ဦးနှင့် ၎င်း၏ ဇနီး၊ တစ်နှစ်အရွယ် သားတစ်ဦးလည်း ပါဝင်ကြောင်း၊ ယနေ့နံနက် သေဆုံးသွားသည့် ဆယ်ကျော်သက်မိန်းကလေးသည်လည်း မော်လဝီဆရာ၏ သမီးဖြစ်ကြောင်း သိရသည်။
လူဦးရေ ၂၀၀၀ ခန့် နေထိုင်သည့် အဆိုပါ ရွာကို ဗုံးမကြဲမီ တစ်ရက်အလို မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် စစ်တပ်က ဒရုန်းဖြင့် ကင်းထောက်ခဲ့သည်ဟု ဆိုသည်။
“နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့လာကြည့်တယ်။ ညနေကျတော့ လေယာဉ်နဲ့လာပြီး ပစ်တော့တာပဲ။ သိပ်အသံကျယ်တယ်။ အိမ်တောင်မှ တုန်သွားတယ်။ ဘာဗုံးအမျိုးအစားမှန်းတော့ မသိဘူး။ တစ်လုံးက မော်လဝီအိမ်မှာ ကျတယ်။ နောက်တစ်လုံးက ရေကန်နားမှာ ကျတယ်” ဟု အသက် ၄၀ ကျော်အရွယ် အထက်ပါ ရွာသားက ပြောသည်။
ဒဏ်ရာအပြင်းအထန်ရရှိထားသူ ၂၉ ဦးသည်လည်း စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု သိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ရွာလုံး မအိပ်ရဲဘဲ ထိုင်နေခဲ့ရပြီး လာမည့်ညတွင်လည်း အလားတူပင်ဖြစ်လိမ့်မည်ဟု အသက် ၂၁ အရွယ် သာဒါရွာသားတစ်ဦးက ပြောသည်။
“ဒီနေရာမှာ တိုက်ပွဲလည်း မရှိဘူး။ ကျွန်တော်တို့ရွာကို တမင်သက်သက် ပစ်တာလို့ မြင်တယ်။ အဲဒီနေ့ကတည်းက တစ်ရက်လည်း မအိပ်ရဲသေးဘူး။ လူတွေကြောက်သွားကြတယ်။ တစ်ခါမှ မပစ်ဖူးဘဲ ခုလိုလာပစ်တော့ …လုံးဝ မအိပ်ရဲဘူး”
နိုင်ငံတကာအနေဖြင့် လူအစုလိုက်အပြုံလိုက်သေဆုံးအောင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော စစ်ကောင်စီကို အရေးယူပေးရန်နှင့် မိမိတို့ကို ကာကွယ်ပေးစေလိုကြောင်းလည်း ထိုလူငယ်က တောင်းဆိုသည်။
“နိုင်ငံတကာကို ကျွန်တော်တို့တင်ပြချင်တယ်။ အခုတော့ ပြောလို့လည်း မရဘူး။ အခုက လိုင်းလည်း ပိတ်ထားတော့ ပြောလို့လည်း မရတော့ဘူး။ ပြောချင်တာကတော့ ပြဿနာလည်းမရှိဘဲ လေယာဉ်ပေါ်ကနေ ဗုံးကြဲတာကို တင်ပြချင်တယ်။ အဲဒါကိုအရေးယူပေးစေချင်တယ်”
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းပြားတွင် အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရမှု အပါအဝင် အကြမ်းဖက်မှုအားလုံးကို ပြစ်တင်ရှုံ့ချကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများတွင် အကြီးအကျယ်ရှုံးနိမ့်နေသည့် စစ်ကောင်စီက အရပ်သားများကိုပါ မချန် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ဆိုသလို ပြုလုပ်နေသည်။
ယခုလ ၁၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၃ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။ အလားတူ မတ်လ ၁၆ ကလည်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မြေပုံမြို့နယ်အတွင်း ဒေသခံ ၃ ဦး သေဆုံးကာ အခြား ၂ ဦး ဒဏ်ရာရရှိသည်။
ထို့အတူ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများရှိနေသည်။ ယခုလ ၁၇ ရက်နေ့က မြောက်ဦးမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရပြီး ပေါက်တောမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသည်။
ရခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့်လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု AA က မတ် ၁၇ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်း ရခိုင်ပြည်နယ်တွင် ထိုးစစ်စတင်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ စခန်းများစွာအပြင် ချင်းပြည်နယ်တောင်ပိုင်းမှ ပလက်ဝမြို့၊ ရခိုင်မြောက်ပိုင်းရှိ မြို့၈ မြို့ကို AA က သိမ်းပိုက်ထားသည်။