သတင်း

မင်းပြားတွင် ညအချိန် လေကြောင်းမှ ဗုံးကြဲ၍ ၂၁ ဦးအထိသေဆုံး

သာဒါရွာကို ဗုံးနှစ်လုံးကြဲချစဉ် ရွာခံ ၉ ဦးနှင့် ဆင်ကြီးပြင်ဆိုသောရွာမှ စစ်ရှောင်ရောက်နေသူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး ပွဲချင်းပြီးသေဆုံးသည်။

ယနေ့ (မတ် ၁၈) နံနက်အစောပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂၁ ဦးအထိ သေဆုံး ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။

နံနက် ၁ နာရီခွဲခန့်တွင် မင်းပြားမြို့မြောက်ဘက် ၄ မိုင်ကျော်ခန့်အကွာရှိ သာဒါရွာကို ဗုံးနှစ်လုံးကြဲချစဉ် ရွာခံ ၉ ဦးနှင့် ဆင်ကြီးပြင်ဆိုသောရွာမှ စစ်ရှောင်ရောက်နေသူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး ပွဲချင်းပြီးသေဆုံးကြောင်း၊ မွတ်စလင်ရွာများဖြစ်ကြောင်း ဒေသခံများနှင့် နီးစပ်သူများက ဆိုသည်။

“ဒီနေ့ မနက် ၁ နာရီကျော်လောက်က စစ်ကောင်စီလေယာဉ်တွေက ဗုံးကြဲတယ်။ ၂၁ ယောက် သေပြီး အများအပြား ဒဏ်ရာရတယ်။ မြေပြင်သတင်းအရရော အွန်လိုင်းသတင်းတွေအရရော သိရှိရပါတယ်” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

လူအများအိပ်မောကျနေသော ညအချိန် တမင်ရည်ရွယ်တိုက်ခိုက်သောကိစ္စသည် မဖြစ်သင့်ဟုလည်း ၎င်းက ဝေဖန်သည်။

“ညအိပ်မောကျနေတဲ့အချိန် သူတို့ (စစ်တပ်) က ဗုံးကြဲတာကိုး။ ဗုံးနှစ်လုံးလို့ ပြောသံကြားတယ်။ တော်တော်ကို ပြင်းအားရှိတဲ့ဗုံးတွေ ဖြစ်မှာပါ။ ပေါင် ၅၀၀ ဗုံးတို့ ဖြစ်နိုင်တယ်။ အဲဒါကြောင့်လည်း တစ်ထိုင်တည်းနဲ့ ပွဲချင်းပြီး ၂၁ ယောက်လုံး သေတယ်ဆိုတာက မွတ်စလင်ရွာတွေကလည်း လူများပါတယ်။ အဲလိုမျိုး (ဗုံး) သွားကျတော့ မဖြစ်သင့်ဘဲ ဖြစ်သွားတာပေါ့”


လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၅ ဦး ထက်မနည်း ဗုံးစထိမှန်၍ ဒဏ်ရာအပြင်းအထန်ရကာ နေအိမ် ၁၀ လုံးခန့် ပျက်စီးသွားကြောင်း၊ ဒဏ်ရာရလူနာများမှာ အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း Arakan Princess Media တွင် ဖော်ပြထားသည်။

မင်းပြားမြို့နယ် သာဒါရွာ လေကြောင်းတိုက်ခိုက်ခံရစဉ် ထိခိုက်သေဆုံးသူများ၏ အမည်၊ အသက်နှင့် အခြေအနေ အသေးစိတ် မသိရသေးပေ။

သေဆုံးသည့်ရုပ်အလောင်းများထဲတွင် ကလေးငယ် ၅ ဦးထက်မနည်း ပါဝင်ကြောင်း၊ အိပ်ပျော်နေစဉ် သေဆုံးသွားသည့်သူများကိုလည်း တွေ့ရသည်။

“ဗုံးကြဲတဲ့အသံကိုတော့ ကျွန်တော်တို့လည်း ကြားလိုက်တယ်။ အိပ်ရင်းကနေ လန့်နိုးသွားတယ်။ လူအတော်တော့ သေတယ်။ အတိအကျကြီး မသိရပါဘူး။ သေသွားတာ များတယ်။ ဗုံးသံက အသံရှည်ကြီး ကြားရတာပါ။ ကျွန်တော်တို့မြို့တောင်ဘက်ကနေကို အသံအကျယ်ကြီး ကြားရတာပါ” ဟု မင်းပြားမြို့ခံတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

မင်းပြားမြို့အနီးရှိ ခြေမြန် တပ်ရင်းသုံးခုကို ဖေဖော်ဝါရီ ၆ တွင်လည်းကောင်း၊ လက်ကျန် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ဖေဖော်ဝါရီ ၂၆ တွင်လည်းကောင်း အပြီးသတ်သိမ်းပိုက်ပြီးနောက် မင်းပြားမြို့နယ်တစ်ခုလုံး ကို AA က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

“မြေပြင်မှာက စစ်တပ်ဘက်က ဘာမှမရှိတော့ဘူး။ ရက္ခိုင့်တပ်တော်ကပဲ ထိန်းချုပ်ထားတာပါ။ လေယာဉ်ကတော့ မကြာမကြာ လာကြဲနေတာ၊ တစ်နေ့ကလည်း ကြဲတယ်။ အဲ့ဒီအရင်ရက်တွေကလည်း ကြဲတယ်” ဟု အထက်ပါ မင်းပြားမြို့ခံ အမျိုးသားက ပြောသည်။

ယခုလ ၁၃ ရက်ကလည်း မင်းပြားမြို့တွင်းကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂ ဦးသေဆုံးကာ ထိခိုက်ရာရသူတချို့ရှိသည်ဟု AA က ထုတ်ပြန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ထိခိုက်သေဆုံးသွားသည်ဟု ယူဆရသည့် ကလေးငယ်တစ်ဦး။ (ဓာတ်ပုံ-APM)

ယခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့အပါအဝင် AA ထိန်းချုပ်ထားသည့်မြို့များတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးသည့်ဖြစ်စဉ်များရှိသည်။

အလားတူ ပြည်နယ်မြို့တော် စစ်တွေ၌ ဖေဖော်ဝါရီလကုန်နှင့် ယခုလအတွင်း နှစ်ကြိမ်တိုင် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး လူ ၃၀ ထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီဘက်ကမူ စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်၊ ကျေးရွာများအတွင်းသို့ AA က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ်သည်ဟု ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ လေးလကျော်ရှိပြီဖြစ်ကာ စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ 

စစ်ကောင်စီလက်ခအောက်ခံ တပ်စခန်းအမြောက်အမြားသာမက ချင်းပြည်နယ်တောင်ပိုင်းမှ ပလက်ဝ အပါအဝင် မြို့ပေါင်း ၉ မြို့အထိကို AA က သိမ်းပိုက်ထားသည်။

“ရခိုင်မှာတော့ စစ်ရေးတင်းမာနေတာပေါ့။ ရှေ့ဆက်လည်း မြို့သိမ်းတိုက်ပွဲတွေဆိုတော့ အခြေအနေက တင်းမာဦးမှာပဲ။ စစ်ကောင်စီတပ်တွေကတော့ ထိုးစစ်မဟုတ်ဘဲ ခံစစ်အနေအထားနဲ့ သူတို့အထိုင်ချတဲ့နေရာမှာ ခုခံစစ်အနေနဲ့ နေတာ တွေ့တယ်” ဦးဖေသန်းက ပြောသည်။

စစ်ရှုံးကာ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည်တို့ကို ပစ်မှတ်ထားတိုက်ခိုက်နေသည် ဟု AA က ၎င်း၏ ထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မတ် ၆ ရက်ထုတ်ပြန်ချက်အရ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်သည့် AA နှင့် စစ်တပ်တို့၏ တိုက်ပွဲများအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တို့တွင် အိုးအိမ်စွန့်ခွာရသူ ၁၄၈,၅၀၀ ခန့် ရှိကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button