သတင်း

AA သိမ်းထားသည့် ပုဏ္ဏားကျွန်း အတိုက်ခံရ၊ အရပ်သား ၃ ဦးသေပြီး ၁၁ ဦးဒဏ်ရာရ

AA သိမ်းထားသည့် မြို့အတွင်း ရေတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကျကာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေကြသော လူငယ် ၂ ဦး ၊ အသက် ၆၀ တစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရသွားသည်။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားသည့် ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင်များကို ကူညီပေးရန် လာသည့် အရပ်သား ၃ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။

ယမန်နေ့ (မတ် ၁၄ ) နံနက်က ပေါက်တောမြို့နယ်၊ ဆယ့်သုံးတန်ကျေးရွာမှ ဒေသခံ ၁၄ ဦး စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ပြီးနောက် ပုဏ္ဏားကျွန်းမြို့တွင် ရှိနေစဉ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်လူငယ်အစည်းအရုံး (PYA) မှ မြေပြင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တစ်ယောက်က ပွဲချင်းပြီး သေတယ်။ ကျန်တဲ့နှစ်ယောက်က ဆေးရုံကို သွားတဲ့လမ်းမှာ သေတာ။ ကျန်တဲ့လူတွေက ခြေပိုင်း၊ လက်ပိုင်း ဖြစ်သွားတယ်။ ဒဏ်ရာပြင်းတဲ့လူတွေပါ ပါတယ်။ အားလုံးက ခြေပိုင်း၊ လက်ပိုင်း ဖြစ်သွားပါတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ အသက် ၆၀ ဝန်းကျင် ဦးစိန်ထွန်းကျော်၊ ကိုဦးလှမောင်၊ ကိုမောင်လှချေတို့ ဖြစ်ကြသည်။

စစ်တွေမြစ်တွင် ရှိသည့် စစ်ကောင်စီရေယာဉ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“မနေ့ကဖြစ်စဉ်တော့ စစ်တွေ (မြစ်) ဘက်က ပစ်တာလို့ ပြောတယ်။ ကျွန်တော်တို့ဖြစ်စဉ်ကို လေ့လာကြည့်တော့ အမှန်ဖြစ်နေပါတယ်။ ပုဏ္ဏားကျွန်းမှာ ကျတာနဲ့ စစ်တွေက ပစ်တာနဲ့ ကွက်တိကျနေပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ် ၁၂ ကလည်း ပေါက်တောမြို့နယ်၊ လှခိုင်ကျေးရွာမှ စစ်ဘေးရှောင်၍ မိမိရွာသို့ ပြန်လာသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ဒေသခံ ၄ ဦးလည်း ရွာဆိပ်ကမ်းသို့အရောက် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားသည်။

၎င်းတို့ကို စစ်တွေမြို့၊ ပါဒလိတ်ကျေးရွာရှိ လက်နက်ကြီးစခန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

AA သည် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီ ၂၁ မှစတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး မတ် ၄ တွင် မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ မြို့ရှိ နေအိမ်အအောက်အအုံ ၈၀ ရာခိုင်နှုန်း မှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုတို့ကြောင့် ပျက်စီးသွားသည်။

မြို့ကို AA သိမ်းထားသော်လည်း မြို့သူမြို့သားများသည် တိုက်ခိုက်ခံရမည့်အန္တရာယ်ကြောင့် နေရပ်မပြန်နိုင်ကြသေးပေ။ လက်ရှိတွင် မြို့နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့်ရှိသည်ဟု သိရသည်။

မတ် ၁ ရက်က တွေ့ရသော ပုဏ္ဏားကျွန်းဒေသခံ စစ်ရှောင်များ။ (ဓာတ်ပုံ- PYA)

စစ်ဘေးရှောင်များအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်များထံမှ အလှူကောက်ခံထောက်ပံ့နေသော်လည်း တစ်မြို့နယ်လုံးအတွက် မထောက်ပံ့နိုင်သေးဟု ပုဏ္ဏားကျွန်းမြို့နယ်လူငယ်အစည်းအရုံးမှ တာဝန်ရှိသူက ပြောသည်။

“ပုဏ္ဏားကျွန်းမှာ တခြားအဖွဲ့တွေလည်း ရပ်သွားကြပြီ။ ကျွန်တော်တို့တစ်ဖွဲ့တည်း ရုန်းနေရတော့ တစ်မြို့နယ်လုံးကို လက်လှမ်းမမီဘူး” ဟု သူက ဆိုသည်။

“အရင်က ပေးပြီးသားရွာတွေကို ရှောင်ရင်းရှောင်ရင်း မရသေးတဲ့ရွာတွေကို ပေးရင်းနဲ့ ဟိုဘက်က ကျပ်တည်းသွားတယ်။ နောက် ဟိုဘက်ကို လိုက်ဖို့ကြပြန်တော့ ပိုက်ဆံမရှိတော့ဘူး။ အခက်အခဲပေါင်းချုပ်ဖြစ်နေပါတယ်”

လက်ရှိတွင် စစ်ဘေးရှောင်များ မိုးရာသီမတိုင်မီ အမိုးအကာအောက် ရောက်ရှိရေးအတွက် အရေးကြီးနေပြီး အကူအညီအပြင်းအထန်လိုအပ်နေသည်ဟု ဆိုသည်။

WFP, ICRC တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီလည်း မတွေ့ရသေးကြောင်း ပြောသည်။

“အခုအချိန်ထိတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထိထိရောက်ရောက်လုပ်ပေးတာ မရှိသေးဘူး။ NGO အနည်းငယ်တော့ရှိတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်လုပ်နိုင်တာ မရှိဘူး။ စစ်ဘေးရှောင်စခန်း ၁၀၀ မှာ ၅ ခုလောက်ပဲ ပေးနိုင်တယ်။ ကျန် ၉၅ ခုဟာ NGO အကူအညီမရ” ဟု ပုဏ္ဏားကျွန်းမြို့နယ်လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ အမျိုးသားက ပြောသည်။

“ရွာက ထောက်ပံ့ပေးကြတယ်။ ကျွန်တော်တို့လို ဒေသခံအဖွဲ့အစည်း နည်းနည်းပါးပါးက အဆင်ပြေအောင် လုပ်ပေးကြတယ်။ ဒီလောက်နဲ့ပဲ လည်ပတ်နေရတာပါ။ တခြားအဖွဲ့အစည်းတွေ လုံးဝမလာဘူး”

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၃ သိန်းကျော်အထိ ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က အခက်အခဲဖြစ်နေသည်။

AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲတို့ကို သိမ်းထားသည်။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့ရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေပြီး ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်ကောင်စီတပ်စခန်းတိုင်းကို တိုက်မည်ဟု ကြေညာထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တစ်ကျော့ပြန်ပဋိပက္ခများ ဖြစ်ပွားချိန်ကစတင်၍ ရေလမ်း၊ ကားလမ်းများပိတ်ထားခြင်းကြောင့် စားနပ်ရိက္ခာရှားပါးမှုနှင့် အခြားသောကုန်စည်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပွားနေသလို မရှိမဖြစ်ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းများ မြင့်တက်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်ထားသည်။

သိမ်းပိုက်ရရှိထားသော ရဲစခန်းရှေ့ရှိ AA တပ်ဖွဲ့ဝင်များကို မတ် ၉ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA Info Desk)

Show More

Related Articles

Back to top button