ဆောင်းပါး

ရခိုင်ဒေသ မွတ်စလင်များနှင့် အရေးပေါ် စစ်သင်တန်း

လူအင်အားလိုအပ်နေသော အာဏာသိမ်းတပ်က ဒုက္ခသည်စခန်းမှ မွတ်စလင်လူငယ်များကို ဖမ်းပြီး နိုင်ငံအလယ်ပိုင်းတွင် ပျူစောထီး ခေါ် ပြည်သူ့စစ်များ မွေးထုတ်သကဲ့သို့ စစ်ပညာသင်ပေးနေသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီးရှိ အိမ်ခြေ ၃၀၀ ကျော်ရှိသော မွတ်စလင်ဒုက္ခသည်စခန်းကို လက်နက်ကိုင် ရဲနှင့် စစ်သား ၁၅၀ ခန့်က ဝိုင်းဝန်းပိတ်ဆို့လိုက်ချိန်တွင် စခန်းတွင် နေထိုင်သူအားလုံး လန့်နိုးသွားကြပြီး ၎င်းတို့မလိုလားသည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဟု ယူဆလိုက်ကြသည်။

ဖေဖော်ဝါရီ ၂၈ နံနက် ၄ နာရီတွင် မြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ လယ်ကွင်းပြင်ပေါ် ပုံစံတူအိမ်ငယ်များ စုဝေးနေသည့်   ‘ကျောက်တစ်လုံးမွတ်စလင်ဒုက္ခသည်စခန်း’ ၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်သူတို့က အမျိုးသား ၁၀၀ ကျော်ကို စစ်ကားသုံးစီးပေါ် တက်ခိုင်းလိုက်သည်။

“ပထမတော့ ဟိုအိမ်၊ ဒီအိမ်မှာ လေးငါးဆယ်ယောက်တစ်စု ပုန်းနေကြတာပေါ့။ နောက်ဆုံးမှာ ပုန်းလို့လည်း မရတော့ဘူး။ မထွက်လာရင် ရိုက်မယ်၊ ပုတ်မယ်ပေါ့။ မထွက်လို့မရတော့ဘူး၊ အဓမ္မခေါ်တင်သွားတာ” ဟု ကျောက်တစ်လုံးစခန်းတွင် နေထိုင်သူတစ်ဦးက ဖေဖော်ဝါရီ ၂၈ နံနက်ပိုင်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

ထိုနေ့သည် ထိုအမျိုးသားများ စခန်း၏မြောက်ဘက် ၆ ဖာလုံခန့်အကွာရှိ အမှတ် (၅၄၂) ခြေမြန်တပ်ရင်းစခန်းအတွင်း  စစ်သင်တန်းတက်ရသည့် ပထမဆုံးနေ့ ဖြစ်လာသည်။

ဤသို့ဖြင့် စစ်မှုထမ်းဥပဒေအရ လူငယ်များ စစ်မှုထမ်းရမည်ဟု ကြေညာပြီး တစ်လမပြည့်မီမှာပင် ထွက်ပြေးရန် အခြေအနေမပေးသည့် အမျိုးသားများကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းသည့်ဖြစ်ရပ် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတစ်ခုတွင် ပေါ်ပေါက်လာသည်။

အခြေခံ စစ်သင်တန်း

နံနက် ၄ နာရီတွင် လာရောက် ဖမ်းဆီးခံရပြီး စစ်သင်တန်းတက်နေရသူတို့သည် နိုင်ငံသားစိစစ်ရေးကတ် ရှိပါက နှစ်ပတ်ကြာ စစ်သင်တန်းပြီးလျှင် လစာ ငါးသိန်းနှုန်းဖြင့် စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်က ပြောဆိုထားကြောင်း ထိုအခြေအနေကို သိရှိထားသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

တပ်သားသစ် ရှားပါးလာသည့် စစ်တပ်က နိုင်ငံသားမဟုတ်သည့် စစ်သင်တန်းဆင်းများကို နိုင်ငံသားအဖြစ် အမြန်ဆုံး အသိအမှတ်ပြုပြီး တပ်ထဲထည့်ရန် အစီအစဉ်ရှိမရှိ မသိရသေးပေ။

ကျောက်တစ်လုံးမွတ်စလင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် လွန်ခဲ့သော ၁၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခများမတိုင်ခင်က ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ခဲ့ကြသော မွတ်စလင်များဖြစ်ကြပြီး ထိုအထဲတွင် ကမန်တိုင်းရင်းသားများလည်း ပါဝင်သည်။

၂၀၁၂ ခုနှစ် ပဋိပက္ခများအတွင်း ၎င်းတို့၏ နေအိမ်များ မီးရှို့ခံခဲ့ရပြီး၊ အနာဂတ်မရေရာလှသော ဒုက္ခသည်စခန်းများတွင် ကန့်သတ်ချက်ပေါင်းစုံဖြင့် နေထိုင်နေကြရသူများ ဖြစ်ကြသည်။

ဒုက္ခသည်စခန်းပြင်ပသို့ပင် လွတ်လွတ်လပ်လပ် သွားလာခွင့် ကန့်သတ်ခံထားရသဖြင့် ၎င်းတို့တွင် စစ်သင်တန်းကို ရှောင်လွှဲနိုင်မည့် နည်းလမ်းမရှိပေ။

မွတ်စလင်ဒုက္ခသည်များကို စစ်ယူနီဖောင်း ဝတ်ပေးပြီး စစ်သင်တန်းပေးနေပုံ။

ယခုအခါ ကျောက်တစ်လုံးစခန်းမှ ၁၂၇ ဦး စစ်သင်တန်းတက်ရောက်နေရပြီး ထိုအထဲတွင် ကိုယ်ခန္ဓာတောင့်တင်းသော်လည်း အသက် ၁၈ နှစ်မပြည့်သေးသူ ၅ ဦးခန့် ပါဝင်သလို၊ အသက် ၄၀ အထက် ၂၀ ကျော်လည်း ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။

သင်တန်းကာလ တစ်ပတ်ကျော်အတွင်း လမ်းလျှောက်ချီတက်ခြင်း၊ တန်းစီခြင်း၊ အလေးပြုခြင်း၊ သေနတ် ဖြုတ်၊ တပ်၊ ပစ်ခတ်နည်းများကို သင်ပေးနေပြီ ဖြစ်သည်။

မွတ်စလင်များကို စစ်တပ်က ယုံကြည်သည့်အတွက် စစ်ပညာသင်ပေးပြီး တိုင်းပြည်ကာကွယ်ခိုင်းမည်ဟု စစ်တပ်အရာရှိကြီးတစ်ဦးက သင်တန်းပထမနေ့တွင် လေ့ကျင့်ရေးကွင်းအတွင်း ပြောကြားခဲ့ကြောင်းလည်း ထိုအခြေအနေကို သိရှိခဲ့သူက ဆိုသည်။

သင်တန်း နေ့လယ်စာအတွက် စစ်တပ်က ဒုက္ခသည်စခန်းတစ်ခု၏ တာဝန်ခံများကို ငွေပေးထားပြီး ချက်ပြုတ်စေသည်၊    နံနက် ၁၁ နာရီမတိုင်ခင် စစ်တပ်က ထမင်း၊ ဟင်းများကို သွားရောက် သယ်ဆောင်သည်ဟု သိရသည်။

သင်တန်းကို မတ်လ ၁ ရက်နေ့ (သောကြာနေ့) တစ်ရက်သာ အနားပေးကြောင်း ဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောကြားသည်။

စစ်သင်တန်းဆင်းပြီးလျှင် အစ္စလာမ်ဘာသာရေးအရ ဝတ်ပြုရန် တစ်လခန့် အချိန်ပေးမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်ထမ်းဆောင်စေရန် စစ်ကောင်စီက စီစဉ်ထားသည်ဟု သိရသည်။

စစ်သင်တန်းရုပ်သံမှတ်တမ်း

လက်နက်ကိုင်အင်အား အရေးတကြီး လိုအပ်လာနေသည့် စစ်ကောင်စီတပ်က နိုင်ငံအနှံ့အပြားတွင် အရပ်သားများကို ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့စည်း၊ ရက်တို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးပြီး စစ်သား၊ ရဲတို့နှင့်အတူ တာဝန်ထမ်းဆောင်စေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်တပ်က ၎င်းတို့ ကာလရှည်ကြာ နှိပ်ကွပ်နေသည့် မွတ်စလင်များကိုပါ ပစ်မှတ်ထားကာ ထိုနည်းလမ်းသုံးလာခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းဆင်းများကို စစ်တပ်က လူသားဒိုင်းသဖွယ် အသုံးချဖွယ်ရှိသည်ဟု ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ယူဆသည်။

“မြေပြင်မှာ ပြေးစရာမရှိ၊ ဆယ်စုနှစ်တစ်ခုကျော် ဒုက္ခသည်ဘဝနဲ့ လှောင်ပိတ်ခံထားရသူတွေကို အဓမ္မစစ်သင်တန်းတွေပေးနေတာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတာ” ဟု မွတ်စလင်တစ်ဦးလည်းဖြစ်သည့် NUG ဒုဝန်ကြီးက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို စစ်သင်တန်းပို့ချခြင်း မရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆန်ထားပြီး၊ စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင်လည်း ‘မွတ်စလင်များကို စစ်သင်တန်းပို့ချခြင်း မရှိကြောင်း” အဆက်မပြတ် ထုတ်ပြန်နေသည်။

မွတ်စလင်ဒုက္ခသည်များကို စစ်ယူနီဖောင်း ဝတ်ပေးပြီး စစ်သင်တန်းပေးနေပုံ။ ထိုသူများထံသို့ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ သွားရောက်ခဲ့ပုံ ရုပ်သံမှတ်တမ်းမှာ အွန်လိုင်းတွင် ပျံ့နှံ့နေသည်။

သို့သော် အစိမ်းရောင်စစ်ယူနီဖောင်းဝတ်ဆင်ထားကြသည့် မွတ်စလင်လူငယ်များကို ခန်းမကြီးတစ်ခုအတွင်း တန်းစီထိုင်ခိုင်းထားကာ၊ ထိုနေရာသို့ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး လာရောက်စစ်ဆေးသည့် ရုပ်သံဖိုင်တစ်ခု အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့လာသည်။

တစ်မိနစ်ခန့်ကြာမြင့်သည့် ရုပ်သံဖိုင်အစတွင် ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသည့် စစ်တပ်အရာရှိကြီးတစ်ဦးက ခန်းမထဲမှ ထွက်လာပြီး “ဝါးတီးသွားကြည့်ရအောင်” ဟု ပြောဆိုနေသည်ကို တွေ့ရသည်။

အဆိုပါ စစ်တပ်အရာရှိမှာ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဖြစ်သည်။

မီးသတ်ယူနီဖောင်းဝတ်ထားသူ ၂ ဦး၊ ရဲ ၃ ဦး ခြံရံထားသည့် ဗိုလ်မှူးကြီးကျော်သူရ ထိုနေရာမှ ထွက်သွားပြီးချိန်တွင် မွတ်စလင်တစ်ဦးက ရိုဟင်ဂျာဘာသာစကားဖြင့် “သူက ဘယ်သူလဲ” ဟု မေးမြန်းရာ နောက်ထပ် မွတ်စလင်တစ်ဦးက “သူက နယ်လုံဝန်ကြီး” ဟု ပြန်ဖြေသံ ထွက်လာသည်။

“ကျွန်တော့်အတွက် ဆံပင်ညှပ်စက်၊ သင်တုန်းဓား၊ ဘီးတစ်ခု၊ ဘလိတ်ဓားနှစ်ထုတ်၊ ကတ်ကြေး ပို့ပေးပါ” ဟု ပထမမေးခွန်းထုတ်သူက ဆက်လက်ပြောဆိုသည်။

“မင်းကို ဒီမှာ အဲ့ဒါတွေ လုပ်ခွင့်ပေးမှာလား” ဟု နောက်ထပ် မွတ်စလင်တစ်ဦးက မေးမြန်းရာ သူက “ပေးမယ်ထင်တယ်၊ အဲ့ဒါတွေနဲ့ ဒီမှာ ကျွန်တော် ပိုက်ဆံရှာမယ်” ဟု ပြန်ပြောသည်။

ထိုရုပ်သံမှာ ရခိုင်ပြည်နယ် စစ်စခန်းတစ်ခုအတွင်း မွတ်စလင်လူငယ်များကို ‘ပြည်သူ့စစ်’ ခေါင်းစဉ်ဖြင့် စစ်ပညာသင်နေသည့် သင်တန်းတစ်ခုတွင် ရိုက်ကူးခဲ့သည်ဟု အတည်ပြုနိုင်သော်လည်း အသေးစိတ်ကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

NUG ဒုဝန်ကြီး ဦးအောင်ကျော်မိုးကမူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်များကို အတင်းအဓမ္မ ခေါ်ယူပြီး အခြေခံစစ်ပညာသင်ပေးရာတွင် ပါဝင်နေသည့် စခန်းအရေအတွက် မည်မျှရှိသည်ကို မသိရသေးပေ။

AA ဖိတ်ခေါ်ချက်

၂၀၂၁ ဖေဖော်ဝါရီတွင် မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြသူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။

စစ်တပ် အခက်တွေ့နေသည့် ထိုအခြေအနေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အခွင့်ကောင်းယူပြီး ထိုးစစ်ကြီးများ ဆင်လာရာ အထိနာလာသည့် အာဏာသိမ်းတပ်တွင် စစ်သည်အင်အား လိုအပ်လာသဖြင့် စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး နည်းဥပဒေကို သင်္ကြန်ကာလတွင် ထုတ်ပြန်နိုင်ရန် ပြင်ဆင်လာသည်။

ထိုသို့ ဥပဒေ၊ အမိန့်တို့ဖြင့် တပ်သားသစ်စုဆောင်းမည့် အစီအစဉ် အကောင်အထည်ပေါ်မလာမီ လူငယ်အများအပြားကို ဖမ်းဆီးပြီး စစ်သင်တန်းပေးသည့်သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မွတ်စလင်များကို ပစ်မှတ်ထားပြီး လက်နက်ကိုင်ခိုင်းနေသည့် စစ်ကောင်စီက တစ်ဖက်တွင်လည်း ရခိုင်တိုင်းရင်းသား လူငယ်များကို ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်၊ ပြည်နယ်မှ ထွက်ခွာခွင့် ကန့်သတ်ပိတ်ပင်ထားသည်။

ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ ပြန်လာသော ရာနှင့်ချီသည့် ရခိုင်လူငယ်များကို စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တို့တွင် ဖေဖေဖော်ဝါရီ တတိယပတ်အတွင်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး အများစုမှာ တစ်လနီးပါး ကြာလာသည်အထိ ပြန်မလွတ်သေးပေ။

ရခိုင်လူငယ်များကို လေဆိပ်တွင် ဖမ်းဆီးသည့် ဖေဖော်ဝါရီ တတိယပတ်အတွင်းမှာပင် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့က ကျောက်ဖြူမြို့အနီးရှိ ကျောက်တစ်လုံးမွတ်စလင်ဒုက္ခသည်စခန်းသို့ သွားရောက်ကာ လူဦးရေစာရင်းကောက်ပြီး၊ အမျိုးသားများကို စစ်သင်တန်းတက်စေရန် စတင်စီစဉ်ခဲ့သည်။

ထိုစခန်းတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား မွတ်စလင်အမျိုးသား ၁၆၀ ခန့် ရှိသည်။ စစ်မှုမထမ်းလိုသည့် ဒါဇင်နှင့်ချီသော မွတ်စလင်လူငယ်များသည် ငါးရှာ၊ ဖားရှာထွက်မည့်ပုံစံ ဟန်ဆောင်ကာ စခန်းအတွင်းမှ ခဲရာခဲဆစ် ထွက်ပြေးခဲ့ကြသည်။

ယခုအခါ ထိုလူငယ်များကို ရက္ခိုင့်တပ်တော် (AA) က စောင့်ရှောက်ထားကြောင်း သိရသည်။

မကြာသေးမီက ရခိုင်ဒေသ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်လာသော စစ်ကောင်စီတပ် လက်နက်ကိုင်များ၏ ဓာတ်ပုံမှာ အွန်လိုင်းတွင် ပျံ့နှံ့လာသည်။ ထိုလက်နက်ကိုင်များမှာ ဒုက္ခသည်များကို ပြည်သူ့စစ်သင်တန်းတက်ရန် သွားရောက် ဖမ်းဆီးသူများ ဖြစ်သည်ဟု သိရသည်။

နောက်ထပ်ရက်အနည်းငယ်တွင် ထွက်ပြေးသွားသော မွတ်စလင်များ၏ စခန်းတွင် ကျန်ရစ်သူ မိသားစုဝင်တချို့ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။ ယနေ့ (မတ် ၈) အထိ ပြန်မလွတ်သေးသလို ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲအခြေအနေကိုလည်း မသိရသေးပေ။

ရခိုင်ပြည်နယ်၊ အထူးသဖြင့် ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို လက်လွှတ်ရဖွယ်ရှိသည့် စစ်ကောင်စီသည် မွတ်စလင်များကို စစ်သင်တန်းပေးကာ လက်နပ်တပ်ဆင်ပေးပြီး အသေခံတပ်သားများအဖြစ် စစ်တိုက်ခိုင်းရန် ပြင်ဆင်နေကြောင်း၊ ထိုလုပ်ရပ်သည် လက်နက်ကိုင်ပဋိပက္ခအပြင် လူမျိုးရေးအဓိကရုဏ်းများ ဖန်းတီးရန်ဖြစ်ကြောင်း AA ပြောခွင့်ရအရာရှိ ခိုင်သုခက မတ်လ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲထားသည်။

စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသည့် မွတ်စလင်များ လာရောက်ခိုလှုံနိုင်ကြောင်းလည်း သူက ဖိတ်ခေါ်သည်။

“မွတ်စလင်လူငယ်တွေအနေနဲ့ မလွှဲမရှောင်သာလို့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရရင်တောင်မှ အဲ့ဒီနေရာတွေကနေ ရတဲ့နည်းနဲ့ သူတို့ရုန်းထွက်ပြီး လွတ်မြောက်တဲ့နေရာ၊ လုံခြုံတဲ့နေရာမှာ လာရောက်ခိုလှုံကြ” ဟု AA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

၂၀၁၂ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပြီး၊ ဒုက္ခသည်စခန်းများတွင် လူမှုရေး၊ ပညာ‌ရေး၊ စီးပွားရေးအခွင့်အလမ်းများ နှစ်ပေါင်းအတန်ကြာ ပိတ်ဆို့ခံထားရသော မွတ်စလင်များသည်   ခရီးသွားခွင့် မရပေ။

ရခိုင်ပြည်နယ်ရှိ စစ်စခန်းများကို ဆက်တိုက် သိမ်းပိုက်ထားနိုင်သည့် AA က အကြီးအကျယ် ဆက်လက်ထိုးစစ်ဆင်နေခြင်း၊ စစ်ရေးစွမ်းရည်မပြနိုင်သည့် စစ်တပ်တွင် လက်နက်ကိုင်အင်အား လိုအပ်နေခြင်းတို့ကို ဒုက္ခသည်များ သိရှိကြသည်။

ထိုအခြေအနေတွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ စစ်သား၊ ရဲတို့နှင့်အတူ တာဝန်မထမ်းလိုသော မွတ်စလင်ဒုက္ခသည်များအတွက် ဘေးကျပ်နံကျပ် ဖြစ်နေသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက သူ၏ ခင်ပွန်းသည် စစ်သင်တန်းတက်နေရပြီး မည်သည့် အခြေအနေဆိုးများနှင့် ဆက်လက် ရင်ဆိုင်ရမည်ကို စိတ်ပူနေသည်ဟု ပြောသည်။

“ရှေ့ကို ဘာဆက်ဖြစ်မလဲပဲ စဉ်းစားနေတာ၊ ဒီမှာ ပြေးဖို့နေရာလည်း မရှိဘူး။ သွားဖို့ လမ်းလည်း မရှိဘူး။ အကုန်လုံး ပိတ်ထားတယ်” ဟု ထိုအမျိုးသမီးက ပြောလိုက်သည်။

Show More

Related Articles

Back to top button