သတင်း

ရခိုင်ပြည်နယ်အစပ် စေတုတ္တရာတွင် စစ်တပ်မီးရှို့မှုကြောင့် ရွာလုံးကျွတ်ပြာကျ

ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်တပ်က စေတုတ္တရာမြို့မြောက်ဘက် မုန်းချောင်းဘေးရှိ လုံးကြီးရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ်အလုံး ၁၁၀ ရှိသည့်အနက် ၁၀၃ လုံး မီးလောင်သည်။

ရခိုင်ပြည်နယ်အစပ်ရှိ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် ယခုလ ၂၅ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်တပ်က မီးရှို့သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားသည်ဟု သိရသည်။

ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်တပ်က စေတုတ္တရာမြို့မြောက်ဘက် မုန်းချောင်းဘေးရှိ လုံးကြီးရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ်အလုံး ၁၁၀ ရှိသည့်အနက် ၁၀၃ လုံး မီးလောင်သည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ထံမှ သိရသည်။

“မီးလောင်သွားတာကတော့ ၁၀၃ အိမ်ပါ။ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေပါမကျန် အကုန်လုံး လောင်သွားတဲ့အနေအထားပါ။ ဘုန်းကြီးကျောင်းက ရွာထဲမှာရှိတာ။ စာသင်ကျောင်းက ရွာနဲ့ အဝေးမှာ တမင်တကာကို ရှို့သွားတဲ့အနေအထားပါ” ဟု မင်းဘူးခရိုင် အမှတ် (၃) PDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းတွင် စလင်းမြို့အခြေစိုက် အမှတ် ၂၅၃၊ ၂၅၄၊ ၂၅၅ ခြေလျင်တပ်ရင်းများနှင့် စေတုတ္တရာအခြေစိုက် အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လုံးကြီးရွာနှင့် သုံးမိုင်ခန့်အကွာ မုန်းချောင်းတစ်ဖက်ကမ်း လက်ပန်ကျင်းရွာမှ ပြည်သူ့စစ်များ အပါအဝင် စုစုပေါင်း အင်အား ၁၅၀ ကျော်ပါသည်ဟု သိရသည်။

ယင်းနေ့ နံနက် ၉ နာရီဝန်းကျင်မှ မွန်းလွဲ ၁ နာရီခန့်အထိ လုံးကြီးရွာနှင့် လက်ပန်ကျင်းရွာကြား မုန်းချောင်းတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု မင်းဘူးခရိုင်၊ အမှတ် (၃) PDF တပ်ရင်းက ဆိုသည်။

“ထိပ်တိုက်တွေ့တော့ ၄ နာရီကြာ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က အင်အား အဆမတန်သာလွန်တာရယ်၊ လက်နက်ခဲယမ်း အင်အားနည်းလို့ ခွာစစ်ဆင်လိုက်တဲ့အချိန်မှာ ရွာကို မီးရှို့သွားတဲ့ အနေအထားပါ” ဟု အထက်ပါ မင်းဘူးခရိုင် PDF တာဝန်ရှိသူက ပြောသည်။

လုံးကြီးရွာကို မီးရှို့ခဲ့ပြီး နေ့ချင်းပင် လက်ပန်ကျင်းရွာသို့ စစ်တပ်ပြန်ဆုတ်သွားပြီးနောက် PDF တပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များက ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) တွင် ရွာအတွင်း ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု သိရသည်။

လုံးကြီးရွာပြမြေပုံ။

ဒေသခံများထံမှ ရရှိသည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရွာတွင်းအခြေအနေကို ရိုက်ကူးထားသော ရုပ်သံဖိုင်များနှင့် ဓာတ်ပုံများအရ မီးခိုးတအူအူထွက်နေဆဲ စပါးပုံများနှင့် အပြီးတိုင်လောင်ကျွမ်းထားသည့် အိမ်များတွေ့ရသည်။

ရွာလုံးကျွတ်မီးရှို့ခံရသဖြင့် လုံးကြီးရွာဒေသခံ ၄၅၀ ကျော်မှာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ လူသားစာနာအဖွဲ့၊ ဒေသအခြေစိုက် စစ်ရှောင်အရေးကူညီနေသူများက ကူညီထောက်ပံ့မှုပေးနေသော်လည်း ဆေးဝါးနှင့် စားနပ်ရိက္ခာ၊ အသုံးအဆောင်လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။

“ဒေသခံတွေက ဘေးအန္တရာယ် ကင်းရှင်းပေမဲ့ အိမ်မှာရှိတဲ့ပစ္စည်းတွေ၊ သိုလှောင်ထားတဲ့ ဆန်၊ စပါးတွေ အကုန်လုံး မီးရှို့ခံရတဲ့အထဲ ပါသွားပါတယ်။ ..အခုချိန်က ရာသီအကူးအပြောင်းအနေနဲ့ ကျန်းမာရေးအခက်အခဲတွေ၊ စားနပ်ရိက္ခာ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသည့် People Supporter Foundation အဖွဲ့တာဝန်ခံ မဝတီက ပြောသည်။

ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းရှိ စေတုတ္တရာမြို့နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်ရာဒေသဖြစ်ပြီး ရခိုင်ပြည်နယ် မင်းပြားနှင့် အမ်းမြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ 

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဆောမြို့နယ်နှင့် ထိစပ်နေသည့် စေတုတ္တရာမြို့နယ်မြောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်ဟု သိရသည်။

စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည့် စေတုတ္တရာမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း စစ်တပ်က စစ်ကြောင်းထိုးခဲ့ဖူးသည်။

“စစ်ကြောင်းက လက်ပန်ကျင်းမှာပဲ ရှိသေးတယ်။ ကျွန်တော်တို့ကို သူတို့က မင်းဘူးခရိုင်ထဲက နှင်ထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီး လာခဲ့တာပါ။ ကျွန်တော်တို့က ဒီအချိန်မှာတော့ ခုခံစစ်ကို ကောင်းကောင်းပြင်ဆင်နေတဲ့ အနေအထားမှာရှိပါတယ်” ဟု မင်းဘူးခရိုင် အမှတ် (၃) PDF တပ်ရင်းမှ တာဝန်ရှိသူ အမျိုးသားက ဆိုသည်။

စေတုတ္တရာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မင်းပြားမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီ၏ အခြေစိုက်စခန်းများကို ဇန်နဝါရီလဆန်းမှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလဆန်းတွင် မင်းပြားမြို့ကို AA က ထိန်းချုပ်နိုင်ခဲ့သည်။

မင်းပြားမြို့တွင် နောက်ဆုံးလက်ကျန် စစ်တပ်စခန်းဖြစ်သည့် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ဖေဖော်ဝါရီ ၂၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ကြေညာခဲ့ရာ မင်းပြားမြို့နယ်တစ်ခုလုံး AA လက်အောက် ရောက်ရှိသွားဖြစ်သည်။

ရခိုင်တောင်ပိုင်း အမ်းမြို့နယ်တွင်လည်း စစ်တပ်နှင့် AA တို့ ပြီးခဲ့သည့်လပိုင်းကတည်းက စစ်ရေးတင်းမာနေသည်။ နိုဝင်ဘာလကုန်ပိုင်းမှစတင်ပြီး စစ်တပ်နှင့် AA တို့ တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ပြည်မမှ ဆက်သွယ်နိုင်သည့် ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်တပ်က ဖြတ်တောက် ပိတ်ဆို့ထားသည်။

စစ်တပ်က မီးရှို့ဖျက်ဆီးသည့် အခြေအနေများကို စာရင်းကောက်ယူပြုစုနေသည့် Data for Myanmar အဖွဲ့မှ ယမန်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ လက်ချက်ကြောင့် နေအိမ် ၇၈,၇၃၇ ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး မကွေးတိုင်းက ဒုတိယအများဆုံးဖြစ်သည်။

လုံးကြီးရွာ မီးရှို့ခံရအပြီး မြင်ကွင်းများ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button