သတင်း

ကလေးတက္ကသိုလ်ဝန်ထမ်းများအပါအဝင် လူ ၁၄၀ ကျော်ကို စောင့်ရှောက်ထားဟု NUG ဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တက္ကသိုလ်မှ Non CDM ပညာရေးဝန်ထမ်းများ အပါအဝင် လူဦးရေ ၁၄၀ ကျော်ကို ခေါ်ထုတ်စောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တက္ကသိုလ်မှ Non CDM ပညာရေးဝန်ထမ်းများ အပါအဝင် လူဦးရေ ၁၄၀ ကျော်ကို ခေါ်ထုတ်စောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။

မြို့အနောက်မြောက်ပိုင်း ကလေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအင်အားစုများက ယမန်နေ့ (ဖေဖော်ဝါရီ ၂၆) နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကြားဖြစ်နေတဲ့အတွက်ကြောင့်မလို့ ထိခိုက်မှုတွေဖြစ်မှာစိုးလို့ ခေါ်ထုတ်ပြီး စောင့်ရှောက်ထားတဲ့သဘော ဖြစ်ပါတယ်။ Non CDM ဆရာ၊ ဆရာမတွေ ဖြစ်တယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ယနေ့ နံနက်က ပြောသည်။

ယမန်နေ့က ခေါ်ထုတ်လာသူများမှာ ကလေးတက္ကသိုလ်မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ၁၁ ဦး၊ ဝန်ထမ်းနှင့် ကျောင်းသားများအပါအဝင် ၁၄၄ ဦး ပါဝင်ပြီး ၎င်းတို့ကို ဘေးကင်းလုံခြုံရာနေရာတွင် စောင့်ရှောက်ထားကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဩဇာကလည်း ပြောသည်။

ကလေးမြို့တက္ကသိုလ်မှ ဝန်ထမ်းနှင့် ကျောင်းသား၊ ကျောင်းသူများကို PDF များက ဖမ်းဆီးသွားကြောင်း၊ စစ်တပ်က ၂၈၅ ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း အချို့ကို PDF များက ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် ဆက်လက်ကယ်ထုတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။

PDF များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဆရာဆရာများ၊ ကျောင်းသားများကို အကာအကွယ်ယူပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ စစ်ရာဇဝတ်မှုများ ကျူးလွန်ရာရောက်သည်ဟု အာဏာသိမ်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

စစ်တပ်က တက္ကသိုလ်တွင် တပ်စွဲပြီး ကျောင်းသားနှင့် ဝန်ထမ်းများကို အကာအကွယ်ယူ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် ကယ်ထုတ်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများဘက်က တုံ့ပြန်သည်။

“ဒီနေရာမှာ ဝင်ပြီးတော့ အစောပိုင်းက အနည်းအကျဉ်းပေါ့။ နောက်ပိုင်းမှာတော့ တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးရေး ထိန်းချုပ်ရေးကိစ္စတွေ ဆောင်ရွက်လာတဲ့အခါမှာ သူတို့အဲ့ဒီအထဲမှာ အခိုင်အမာနေရာယူပြီးတော့ ဆရာဆရာမ ကျောင်းသူကျောင်းသားတွေကို ထွက်ခွင့်မပေးတာမျိုး လုပ်လာပြီးတော့ အခိုင်အမာနေရာယူပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ ရှင်းလင်းကယ်ထုတ်တဲ့ ကိစ္စကို တစ်ပါတည်း တိုက်ပွဲများနဲ့အတူ ဆောင်ရွက်ရတာဖြစ်ပါတယ်” ကိုဩဇာက ဆိုသည်။

ယမန်နေ့က ခေါ်ထုတ်လာသူများအနက်မှ Non CDM များနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည့် CDM မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

“ဘာဆက်လုပ်မှာလဲဆိုတာကတော့ ကျွန်တော်တို့မှာ CDM မူဝါဒရှိတယ်။ အဲ့ဒီ CDM မူဝါဒတွေအတိုင်း သေချာ စိစစ်ပြီးတော့ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

ယမန်နေ့က ကလေးမြို့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသည့် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားပြီး ပိတ်မိနေသည့် ပါမောက္ခချုပ်အပါအဝင် လူဦးရေ ၂၀၀ ကျော်ကို တော်လှန်ရေးအင်အားစုများက ခေါ်ထုတ်ပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။

ထိုသူများအနက် ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီယန္တရားများတွင် မပါဝင်ရန် ကတိဝန်ခံချက် လက်မှတ်ရေးထိုးပြီး ကယား (ကရင်နီ) ဒေသပြင်ပသို့ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ ၅ ဦးကို ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ မကွေးတိုင်း၊ ချင်းပြည်နယ်တို့နှင့် သုံးပွင့်ဆိုင်ထိစပ်နေသည့် ကလေးမြို့နယ်တွင် ဒေသအခြေစိုက်ကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ထားပြီး တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည်။

ကလေးမြို့အနောက်မြောက်ဘက်ရှိ ချင်းတောင်သို့သွားရာ လမ်းပေါ်တွင်ရှိသည့် ကလေးတက္ကသိုလ်တွင် စစ်တပ်က တပ်စွဲထားသလို မကွေးတိုင်းနှင့် ဆက်သွယ်ထားသည့် မြို့တောင်ဘက်အထွက်ရှိ ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ နည်းပညာတက္ကသိုလ်တွင်လည်း စစ်တပ်က‌ အခိုင်အမာတပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

“တက္ကသိုလ်တွေက မြို့ပြင် ဗျူဟာလမ်းတွေမှာပဲ ရှိနေတော့ တက္ကသိုလ်တွေမှာ တပ်စွဲတဲ့သဘောပဲ။ စာသင်ကျောင်းသားတွေကို လုံခြုံရေးစောင့်ရှောက်မှုပေးတယ် ဝန်ဆောင်မှုသဘောဆိုတာထက် ပိုတယ်။ ခံစစ်သဘော ခံကတုတ်ကျင်းကြီးတွေ၊ ဘန်ကာတွေနဲ့ သေချာလုပ်ပြီးတော့ တပ်စွဲထားတာ။ မုခ်ဦးရှေ့ကို ထွက်ပြီးတော့ ကားတွေ၊ ဖြတ်သန်းသွားလာတဲ့ လူတွေဆီမှာ အရင်ကတော့ မုန့်ဖိုးဆိုတာမျိုးကနေ နောက်ဆို တရားဝင်နီးနီး တောင်းပြီးယူတာတွေလည်း အများကြီးပဲ” ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ကာ ကလေးမြို့ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စွဲထားရာနေရာများကို တော်လှန်ရေးအင်အားစုများက စတင်တိုက်ခိုက်လျက်ရှိပြီး စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့် စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ကို သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေသည်။

သီတင်းတစ်ပတ်ကြာ တိုက်ပွဲပြင်းထန်နေသည့် ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

စစ်ရေးတင်းမာနေသည့် ကလေးမြို့တွင် လေကြောင်းမှ အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုများဘက်မှလည်း ကလေးမြို့ဝန်းကျင်နှင့် မြို့ထဲတွင် စစ်ရေးအရှိန်အဟုန်မြှင့် တိုက်ခိုက်မည်ဖြစ်သဖြင့် မြို့ထဲရှိ ပြည်သူများအနေဖြင့် မြို့တွင်းမှ ထွက်ခွာရန် ကလေးမြို့နယ်ပကဖက ယနေ့ ထုတ်ပြန်ထားသည်။

အာဏာမသိမ်းမီက ကလေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၄၀၀၀ နီးပါး တက်ရောက်လေ့ရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီလက်ထက် ကျောင်းပြန်ဖွင့်လှစ်ချိန်တွင် တက်ရောက်သည့် ကျောင်းသားဦးရေ ရာဂဏန်းသာ ရှိကြောင်း ကလေးတက္ကသိုလ်မှ CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆရာတစ်ဦးက ပြောသည်။

ယမန်နေ့က ကယ်ထုတ်ခံရသည့် ကျောင်းသားများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလမှ  စတင်သည့် ပညာသင်နှစ်အတွက် ကလေးတက္ကသိုလ်ကျောင်းဆောင်တွင် နေထိုင်ပြီး တက်ရောက်နေသူများဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button