သတင်း

ထိုင်း−မြန်မာနယ်စပ်တွင် ဇုန်တစ်ခုထောင်ပြီး ကူညီရန် ထိုင်းကြိုးပမ်းမည်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ်နိုင်ငံနှင့် ပူးပေါင်းပြီး ထိုင်း−မြန်မာနယ်စပ်တွင် ဘေးကင်းလုံခြုံသည့် ဇုန်တစ်ခု ထူထောင်ကာ လူသားချင်းစာနာမှု အကူအညီများပေးရန် ကြိုးပမ်းမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာ့အကျပ်အတည်းဖြေရှင်းရန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံနှင့် ပူးပေါင်းပြီး ထိုင်း−မြန်မာနယ်စပ်တွင် ဘေးကင်းလုံခြုံသည့်ဇုန်တစ်ခု ထူထောင်ကာ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဝန်ကြီး Parnpree Bahiddha-Nukara က လုံခြုံစိတ်ချစွာ အကူအညီများပေးနိုင်မည့် နေရာတစ်ခုကို ရွေးချယ်မည်ဖြစ်ပြီး မည်သည့်နေရာတွင် ဖြစ်နိုင်မည်ကို စဉ်းစားလုပ်ဆောင်လျက်ရှိသည်ဟု ယမန်နေ့ (ဇန်နဝါရီ ၂၉ရက်) က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားကြောင်း ဘန်ကောက်ပိုစ့်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သူသည် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီများပေးရန် ဖြစ်နိုင်မည့်နေရာကို လေ့လာမည်၊ အဆင်ပြေချောမွေ့ပါက လုပ်ငန်းစဉ်များ ဆက်လုပ်ဆောင်မည်ဟုလည်း Mr Parnpree က ပြောသည်။

အာဆီယံ ဘုံသဘောတူညီချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် အစီအစဉ်ကို ပထမဆုံးစတင်မည်၊ အခြားသော သဘောတူညီချက်များဖြစ်သည့် အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန် ဟူသည့် အချက်များကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု Mr Parnpree က ဆိုသည်။

လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA) က လေ့လာစောင့်ကြည့်သူအဖြစ် အဓိက ပါဝင်မည်၊ ထိုင်းကြက်ခြေနီအသင်းနှင့် မြန်မာကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အကူအညီများ ပေးသွားမည်ဟုလည်း Mr Parnpree က ဆိုသည်။

လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပြုလုပ်ရာ ထိုအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်ဟုလည်း Mr Parnpree က ပြောသည်။

အာဆီယံ ဘုံသဘောတူညီချက်များကို ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ချမှတ်ခဲ့သော်လည်း အကောင်အထည်မပေါ်လာသည့်အတွက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ စစ်ခေါင်းဆောင်နှင့် ၎င်း၏ ထိပ်တန်းလက်ထောက်များကို ဖိတ်ခေါ်မှုမပြုသည့်နည်းဖြင့် အာဆီယံခေါင်းဆောင်များက အရေးယူထားသည်။

ထိုအစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးတာဝန်ယူမထားသူကိုသာ အာဆီယံက တက်ခွင့်ပေးခဲ့ရာ စစ်ကောင်စီကလည်း ထိုအစည်းအဝေးများ မတက်ဘဲ အာဆီယံကို သပိတ်မှောက်ထားခဲ့သည်။

ထို့ကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများဖြစ်ခဲ့သည့် ကမ္ဘောဒီယား၊ အင်ဒိုနီးရှားနိုင်ငံတို့တွင် ပြုလုပ်သည့် အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီ ကိုယ်စားပြုသူကို မတွေ့ခဲ့ရပေ။

ယခု လာအိုနိုင်ငံ အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်လာချိန်တွင် စစ်ကောင်စီက သပိတ်လှန်လိုက်သည်။

လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို စေလွှတ်ခဲ့သည်။

အလှည့်ကျဥက္ကဋ္ဌ လာအိုကလည်း ယခင်နှစ် အလှည့်ကျဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှားနှင့် မတူညီသည့် ခြေလှမ်း လှမ်းခဲ့သည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်လာသော နိုင်ငံခြားရေးဒုဝန်ကြီးဟောင်း Alounkeo Kittikhoun သည် ခန့်အပ်ခံရပြီး ရက်များမကြာမီ မြန်မာနိုင်ငံသို့ သွားရောက်ကာ စစ်ခေါင်းဆောင်အပါအဝင် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ဇန်နဝါရီ ၁၀ ရက်တွင် တွေ့ဆုံခဲ့သည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးဟောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Alounkeo ကို ၂၀၁၄ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

အာဆီယံ၏ လုပ်ဆောင်နိုင်မှု

အာဏာသိမ်း ဗိုလ်ချုပ်များသည် အာဆီယံအသင်းကြီး၏ ဖိအားပေးမှုကို ဂရုစိုက်ဟန် ပြလေ့မရှိခဲ့ပေ။ ပြည်တွင်းရေးဝင်မစွက်ရေးမူ ချမှတ်ထားသည့် အာဆီယံသည် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရကို အပြောင်းအလဲလုပ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

ယခု ၂၀၂၁ ခုနှစ် အာဏာသိမ်းဗိုလ်ချုပ်ကြီးများလက်ထက်တွင် ထိပ်တန်းစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများသို့ ဖိတ်ခေါ်ခြင်းမပြုသည့် အရေးယူမှု ချမှတ်ထားရာ အသင်းကြီး၏ ထူးခြားသည့် ဆောင်ရွက်မှု ဖြစ်လာသည်။

နိုင်ငံတကာအသိအမှတ်ပြုမှု အကြီးအကျယ် ရယူလိုသည့် စစ်ခေါင်းဆောင်များအတွက်မူ ဤအရေးယူမှုက ကြီးမားသည့် ပိတ်ဆို့ဟန့်တားမှု ဖြစ်လာသည်။

စစ်ကောင်စီ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့်များ တက်ခွင့်မရသည့် ထိပ်သီးအစည်းအဝေးကို ကာလရှည် တန်ပြန် ကန့်ကွက်သပိတ်မှောက်ရာမှ ယခုအခါ အတွင်းဝန်အဆင့် အရာရှိတစ်ဦးကို စေလွှတ်လိုက်ရာ ၂ နှစ်အတွင်း စစ်ကောင်စီကိုယ်စားလှယ် အာဆီယံအစည်းအဝေး တက်ရောက်ခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများက ရေးသား ဖော်ပြနေကြသည်။

နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အတွင်းဝန်တစ်ဦး စေလွှတ်ခြင်းကို လာအိုနိုင်ငံက ကြိုဆိုလိုက်သည်။

“ဒါဟာ ဥမင်လိုဏ်ခေါင်းအဆုံးက အလင်းရောင်ကို မြင်ရသလိုပါပဲ။ မြန်မာနိုင်ငံနဲ့ ပိုထိတွေ့ဆက်ဆံလေလေ အခြေအနေကို ပိုနားလည်လေလေပါ” ဟု လာအိုနိုင်ငံခြားရေး၀န်ကြီး Saleumxay Kommasith က ပြောသည်။

“မြန်မာနိုင်ငံက နိုင်ငံရေးဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်ပါဝင်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံရဲ့ ကြိုးပမ်းမှုဟာ သေးငယ်ပေမဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ဖြစ်လာနေတယ်လို့ ကျွန်တော်ထင်ပါတယ်”

အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးရန် စီစဉ်နေမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်က ကြိုဆိုပြီး ယင်းလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံက ပံ့ပိုးကူညီရန် အသင့်ရှိသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးသားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးနိုင်ရန် အစွမ်းကုန်ကူညီသွားမည်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု Saleumxay Kommasith က ပြောသည်။

“တော်တော်အရေးကြီးတဲ့ကိစ္စပါပဲ။ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ထိရောက်တဲ့ အကူအညီတွေ ပေးစွမ်းနိုင်ဖို့ အာဆီယံအဖွဲ့ဝင်အားလုံးက ဆွေးနွေးခဲ့ကြပါတယ်” ဟု Saleumxay Kommasith က ပြောသည်။

“ထိုင်းအစိုးရအနေနဲ့ သက်ဆိုင်ရာ မြန်မာအေဂျင်စီတွေနဲ့ ဆွေးနွေးပြီး မြန်မာပြည်သူတွေကို အကူအညီတွေပေးနိုင်မယ့်လူသားချင်း စာနာထောက်ထားမှု စင်္ကြံတစ်ခုလုပ်ဆောင်ဖို့ ကြိုးစားတာကိုလည်း ကြိုဆိုပါတယ်”

အာဆီယံ ဘုံသဘောတူညီချက်များ ချမှတ်ခဲ့သည်မှာ ၃ နှစ်နီးပါး ကြာမြင့်နေပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နှစ်ဆက် ပြောင်းသွားသည့်တိုင် တိုးတက်လာသည့် အခြေအနေမရှိခဲ့ပေ။

ယခု တစ်ဖန်အလှည့်ကျလာသည့် ဥက္ကဋ္ဌသစ် လာအိုနိုင်ငံသည်လည်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုရှိသည့် နိုင်ငံငယ်ဖြစ်ပြီး အထူးကိုယ်စားလှယ်သစ် Alounkeo ၏ စွမ်းဆောင်ရည်ကို သံသယရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက Myanmar Now ကို ပြောဆိုထားသည်။

Alounkeo သည် ၁၉၉၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ လာအိုနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် ၂၀၁၆ ခုနှစ်အတွင်း လာအိုက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူစဉ် လာအို၏ အာဆီယံရေးရာ ထိပ်တန်းတာဝန်ခံအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ရန် အတွေ့အကြုံများစွာ ရှိသည်ဟု The Diplomat Magazine က ယခုလ ပထမပတ်အတွင်း ရေးသားသည်။

Show More

Related Articles

Back to top button