
ကရင်လက်နက်ကိုင်တပ် KNU/KNLA နှင့် မဟာမိတ်တို့၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသည် ယမန်နေ့ ညနေပိုင်းက နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည့် ဖြစ်ရပ်ကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းမထုတ်ပြန်ဘဲ နှုတ်ဆိတ်နေသည်။
ထိုင်းဘက် ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် ကျိုက်ဒုံ၏ အရှေ့တောင်ဘက် ၁၇ မိုင်ကျော်အကွာ ထိုင်း-မြန်မာနယ်စပ်အနီး မဲသရောထရွာရှိ စစ်ကောင်စီတပ်စခန်းမှဖြစ်ကြောင်း ပူးပေါင်းတပ်ထံမှ သိရသည်။
ထိုတပ်စခန်းကို KNU ၏လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ (SOF) နှင့် Special Operation Group – SOG စသည့် တပ်ဖွဲ့များက မတ်လ ၁၅ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် KNLA နှင့် ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကို မခံနိုင်သည့်နောက် မတ်လ ၁၈ ရက်တွင် ထိုင်း- မြန်မာနယ်စပ်ရှိ ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းသို့ ဆုတ်ခွာသွားကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာအခြေချသည့် စခန်းကို ပူးပေါင်းတပ်က ဇန်နဝါရီလ ၁၉ ရက်တွင် ထပ်မံ တက်ရောက်ချေမှုန်းရာ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံထဲ လက်နက်တချို့နှင့်တကွ ထွက်ပြေးသည့်နောက် စခန်းကို သိမ်းမိကြောင်း KNLA တပ်မဟာ ၆ ထံမှ သိရသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း ကျိုက်ဒုံမြို့နယ်ထဲရှိ စစ်ကောင်စီ၏ ရေတံလျှောက်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ကူပေးကြောင်း ပူးပေါင်းတပ် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က များစွာ ခုခံခြင်း မရှိဟု KNLA တပ်မဟာ ၆ ဗျူဟာမှူးဖြစ်သူ နယ်ဒါးထူးက ပြောသည်။
“မဲသရောထပွဲရော၊ ဆုတ်ခွာသွားရာကို လိုက်လံတိုက်ခိုက်တာရော တိုက်ပွဲဖြစ်ပွားချိန် သိပ်မကြာပါဘူး။ သိပ်ပြီးခံမတိုက်ဘဲ ဆုတ်တဲ့ အနေအထားကိုပဲ တွေ့ရပါတယ်” ဟု ဗျူဟာမှူးက Myanmar Now ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလာနိုင်ခြင်းမရှိဟုလည်း သူက ဆိုသည်။
တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅ လောင်း စစ်မြေပြင်တွင် ကျန်ပြီး လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၁ လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းမိကြောင်း SOF က ထုတ်ပြန်သည်။
SOF က ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိမ်းမိသည့် လက်နက်များထဲတွင် စစ်ကောင်စီထုတ် MA စီးရီးဝင် ချေမှုန်းရေးရိုင်ဖယ်များ၊ ငါးကြင်းမြီးစက်သေနတ် ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ RPG ခေါ် ပခုံးထမ်းဗုံးပစ်လောင်ချာ ၂ လက်လည်း ပါဝင်ကြောင်း တွေ့ရသည်။
ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသည် ထိုင်းနိုင်ငံ Umphang ခရိုင်ထဲရှိ Poeng Khloeng (ပိုင်ခလိုင်) ရွာထဲ ဝင်သွားပြီး ထိုင်းစစ်တပ်ထံ လက်နက်ချခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ KNLA တပ်မဟာ ၆ ဘက်က ပြောသည်။
SOF ၏ တပ်ဖွဲ့မှူးဖြစ်သူ ရဲဘော်အောင်စံရှားကလည်း ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးကြသည်မှာ ၄ ကြိမ်ထက်မနည်းရှိနေပြီဟု ဆိုသည်။

“သိတဲ့အတိုင်းပဲ ကျိုက်ဒုံမှာ ဗျူဟာမှူးကိုယ်တိုင် လက်နက်ချအညံ့ခံခဲ့တယ်။ ဗျူဟာလို စခန်းမျိုးတောင် လက်နက်ချအညံ့ခံတယ်ဆိုတော့ ကျန်တဲ့စခန်းက လက်နက်ချရင်ချ မချရင် ထွက်ပြေး ဒီ ၂ ခုပဲ ရှိတယ်။ သူတို့မှာ တခြားရွေးချယ်စရာ လမ်းမရှိဘူး” ဟု ၎င်းက ဆိုသည်။
လက်နက်ချလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအရေးအတွက် ထိုင်းအာဏာပိုင်များက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လတ်တလောမသိရသေးပေ။
ယခင်ကလည်း ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်း နယ်ကျော်ဝင်လာသည့် စစ်ကောင်စီလက်နက်ကိုင်များကို မြန်မာစစ်ကောင်စီထံ ပြန်လွှဲပေးလေ့ရှိသည်။
မကြာသေးသည့် မတ်လ ၁၂ ရက်ကလည်း မြဝတီတောင်ဘက် ဖလူးကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲ ထွက်ပြေးပြီး ထိုင်းစစ်တပ်ထံ လက်နက်ချခဲ့သည်။
လက်ရှိတွင် ကျိုက်ဒုံမြို့ကို ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး ကျိုက်ဒုံမြို့ဝန်းကျင်တွင် စစ်ကောင်စီ၏ ဖုချိမုနှင့် ရေတလျှောက်ဆိုသည့် တပ်စခန်း ၂ ခုသာ ကျန်သည်။
ယင်းတပ်စခန်း ၂ ခုကိုသာ ပူးပေါင်းတပ်က သိမ်းသွားနိုင်လျှင် ဟောင်သရောမြစ်အရှေ့ဘက်ကမ်းရှိ ကျိုက်ဒုံမြို့မှ ထိုင်းနယ်စပ်အထိသည် စစ်ကောင်စီတပ် ကင်းစင်နယ်မြေ ဖြစ်သွားနိုင်သည်။