သတင်း

တပ်မတော်က ပထမဆုံးသော ရေငုပ်င်္ဘောကို ထုတ်ဖော်ပြသ  

ပထမဆုံးပိုင်ဆိုင်ထားသည့် ‘မင်းရဲသိင်္ခသူ’ ဟု အမည်ပေးထားသော ရေငုပ်သင်္ဘောကို ရေတပ်စစ်ရေးလေ့ကျင့်ခန်းတွင် တပ်မတော်က ယနေ့ (အောက်တိုဘာ ၁၅) တွင် ထုတ်ဖော်ပြသလိုက်သည်။

အိန္ဒိယနိုင်ငံမှ ရေငုပ်သင်္ဘောဝယ်ယူထားကြောင်း တပ်မတော်တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး တိုက်ခိုက်ရေးရေငုပ်သင်္ဘောကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ 

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုက်နက်နယ်မြေကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းရည်ထက်မြက်မြင့်မားစေရန် လေ့ကျင့်ခန်းများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်၌ ပြုလုပ်သည့် ရေတပ်စစ်ရေးလေ့ကျင့်ခန်းတွင် တိုက်ခိုက်ရေးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူပါဝင်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါရေငုပ်သင်္ဘောသည် ရေအနက် ပေ ၈၀၀ ကျော်အထိ ငုပ်လျှိုးနိုင်ပြီး ရေတပ်သား ၅၂ ယောက်နှင့် ပင်လယ်ပြင်တွင် ၄၅ ရက်ကြာ တာဝန်ထမ်းဆောင်နိုင်သည်ဟု တပ်မတော်၏ ဆောင်ရွက်ချက်များအပါအဝင် စစ်ရေးဆောင်ရွက်ချက်များကို လေ့လာနေသည့် ရန်ကုန်အခြေစိုက် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။ 

အိမ်နီးချင်းနိုင်ငံများတွင် ရေငုပ်သင်္ဘောများပိုင်ဆိုင်နေသည့်နည်းတူ မြန်မာနိုင်ငံက ရေငုပ်သင်္ဘောပိုင်ဆိုင်လာခြင်းသည် မြန်မာ့ရေပိုင်နက်အတွင်း နိုင်ငံခြားစစ်‌ရေယာဉ်များဝင်ရောက်မလာနိုင်ရန် ကြိုတင်ဟန့်တားနိုင်သည့် စွမ်းရည်ရနိုင်သည်ဟုလည်း ၎င်းက ပြောသည်။ 

“စစ်လက်နက်ပစ္စည်းအသစ်အဆန်းတွေ ပိုင်ဆိုင်တယ်၊ ထုတ်လုပ်နိုင်တယ်၊ သုံးစွဲနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက် အဓိကကတော့ Deterrent power ပေါ့၊ ကြိုပြီးဟန့်တားနိုင်တဲ့စွမ်းရည်ကို ရရှိခြင်းပါပဲ” ဟုလည်း ဦးသိန်းထွန်းဦးက ပြောသည်။

အဆိုပါတိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် ၁၉၈၀ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံက ထုတ်လုပ်ခဲ့သည့် Kilo Class အမျိုးအစား ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်ပြီး အိန္ဒိယနိုင်ငံက ပြန်လည်ပြင်ဆင်ပြီး မြန်မာနိုင်ငံကို ရောင်းချခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံကို တစ်ပတ်ရစ် ရေငုပ်သင်္ဘောတစ်စင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယတာဝန်ရှိသူများကို ကိုးကားလျက်ရှိ အိန္ဒိယနိုင်ငံအခြေစိုက် မီဒီယာတစ်ခုက ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ဖော်ပြခဲ့ပြီး အဆိုပါရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံမှ Hindustan Shipyard Limited (HSL) ကုမ္ပဏီက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက စစ်လက်နက်ပစ္စည်းရောင်းချခွင့်နှင့် ပတ်သက်၍ တပ်မတော်ကို အရေးယူ ပိတ်ပင်ထားသော်လည်း ရုရှား၊ တရုတ်နှင့် အန္ဒိယတို့က ဆက်လက်ရောင်းချနေဆဲဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချနေသည့် နိုင်ငံပေါင်း ၇ နိုင်ငံအနက် အိန္ဒိယနိုင်ငံလည်းပါဝင်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည်။ 

Show More

Related Articles

Back to top button