ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်ကျွန်းရှိ ကမ်းခြေတစ်ခုတွင် ရေငုပ်သင်္ဘောဖျက် တော်ပီဒိုဟု ယူဆရသည့် ဒုံးကျည်တစ်ခု သောင်တင်နေသည်ကို ဒေသခံများကို ယနေ့ (ဇူလိုင် ၁၃) နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်။
ထိုဖျက်အားပြင်း ဒုံးလက်နက်ကို မာန်အောင်မြို့နယ်အတွင်းရှိ မိန်းမကြွယ်ကျေးရွာကမ်းခြေတွင် တွေ့ရခြင်းဖြစ်သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
“မပေါက်ကွဲသေးတာလား ပေါက်ကွဲပြီလားဆိုတာကို မသိဘူး။ တွေ့တော့ မကြောက်ဘဲ ဘယ်နေမလဲ။ စိုးရိမ်ကြတာပေါ့။ အဲဒီအလုံးက ဒီရေတက်တဲ့အချိန် ဒီရေနဲ့ ပါလာတာထင်တယ်။ LWT-XT D&P Torpedo လို့ ရေးထားတာ…” ဟု မိန်းမကြွယ်ရွာသားက ပြောသည်။
လူမှုကွန်ရက်တွင် တွေ့ရှိရသော ဓာတ်ပုံနှင့် ရုပ်သံများအရ ပင်လယ်ကမ်းစပ်တွင် သောင်တင်နေသော လိမ္မော်ရောင်နှင့် ငွေရောင်စပ်ကြားရှိ ထိုတော်ပီဒိုတွင် LWT XP D&P TORPEDO စာတမ်းပါဝင်သည်ကို တွေ့ရသည်။
တော်ပီဒိုနှင့် ပတ်သက်၍ စစ်ကောင်စီရေတပ်စခန်း တာဝန်ရှိသူများကို အကြောင်းကြား အကူအညီတောင်းထားသည်ဟု မာန်အောင်ကျွန်း မိန်းမကြွယ်ကျေးရွာမှ ဘုန်းကြီးတစ်ပါးက ဆိုသည်။
ထိုရေငုပ်သင်္ဘောဖျက် တော်ပီဒိုမှာ မည်သူပိုင်ဖြစ်သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ယခုလဆန်းပိုင်းက ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် စစ်ကောင်စီက ရေတပ်စစ်ရေးလေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့သည်။
စစ်သင်္ဘောမျိုးစုံနှင့် ထိုစစ်ရေးလေ့ကျင်မှုအတွင်း တော်ပီဒိုအသုံးပြု ဖရီးဂိတ်စစ်သင်္ဘော (ကိုယ်ပျောက်သင်္ဘော) များ ပါဝင်သည့်နည်းတူ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ရရှိထားသည့် ရေငုပ်သင်္ဘောနှစ်စင်းလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
ယနေ့ တွေ့ရှိရသော ဓာတ်ပုံမှတ်တမ်းများအရ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောဖျက် အပေါ့စားတော်ပီဒိုဒုံးများနှင့် ဆင်တူသည်ကို တွေ့ရသည်။ ထိုစဉ်က အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၈ သန်းဖိုး တော်ပီဒိုများ ဝယ်ယူခဲ့သည်။
မာန်အောင်ကျွန်းတွင် ယနေ့ တွေ့ရှိရသော တော်ပီဒိုနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာတွင် သေချာမသိရသေးသောကြောင့် မှတ်ချက်မပေးလိုကြောင်း၊ သေချာလေ့လာပြီးမှသာ ပြောနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ရေတပ် CDM တပ်ကြပ်ကြီး မြတ်မင်းသူက “အတုဖြစ်ဖို့များတယ် လေ့ကျင့်ရေးမှာ သုံးတာနေမှာ” ဟု Myanmar Now ကို မှတ်ချက်ပြုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



