သတင်း

အလိမ်အညာ အွန်လိုင်း အလုပ်ကြော်ငြာများဖြင့် စစ်တပ်က တပ်သားသစ်စုဆောင်းနေ

စစ်ကောင်စီသည် စစ်တပ်အတွက် လူသစ်စုဆောင်းသည်ဟု ရှင်းရှင်းလင်းလင်း ထုတ်မပြောဘဲ ဝန်ထမ်းရှာဖွေရေးအလုပ်ကြော်ငြာများ အယောင်ဆောင်ကာ တပ်သားသစ်များကို စုဆောင်းနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသဖြင့် အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် စစ်တပ်အတွက် လူသစ်စုဆောင်းသည်ဟု ထုတ်မပြောဘဲ ဝန်ထမ်းရှာဖွေရေးအတွက် အင်တာနက်လူမှုကွန်ရက်များတွင် အတုအယောင် အလုပ်ကြော်ငြာများလွှင့်တင်ပြီး တပ်သားသစ်များကို စုဆောင်းနေသည်။

ပစ်မှတ်က အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အမျိုးသားများဖြစ်သည်။ ပုဂ္ဂလိလုပ်ငန်းခွင်ဟု ယူဆကာ အလုပ်သွားလျှောက်ကြသူများသည် တပ်သားသစ်များဖြစ်သွားကြပြီး ရှေ့တန်းစစ်မျက်နှာများဆီ ပို့ဆောင်ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ထိုအဖြစ်အပျက်နှင့် ရင်ဆိုင်ခဲ့ရသူ အမျိုးသားနှစ်ဦးနှင့် Myanmar Now က တွေ့ဆုံခွင့်ရခဲ့သည်။

ထိုနှစ်ဦးထဲမှ တစ်ဦးသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချကာ CDM စစ်သားအဖြစ် ပူးပေါင်းနေသည်။ စစ်ကောင်စီလက်ထဲတွင် ၎င်းတို့မိသားစု၏ အချက်အလက်များရှိနေသောကြောင့် ယခုသတင်းဆောင်းပါးတွင် အမည်လွှဲများအသုံးပြုထားသည်။

၎င်းတို့နှစ်ဦးကြုံခဲ့ရသည့် စစ်တပ်အရာရှိကို အလုပ်ရှာဖွေနေသူ အယောင်ဆောင်ကာ Myanmar Now သတင်းထောက်က ဆက်သွယ်မေးမြန်းနိုင်ခဲ့ပြီးနောက် စစ်တပ်၏ အလုပ်ပေးမည်ဟုဆိုကာ တစ်ပတ်ရိုက်ပြီး လူသစ်စုဆောင်းမှုများကို အတည်ပြုနိုင်ခဲ့သည်။

စစ်ကောင်စီ၏ လှည့်စားမှုက Facebook တွင် ယာဉ်မောင်း၊ စက်ပြင်နှင့် စက်ရုံအလုပ်သမားများ လိုနေကြောင်း၊ နေရာထိုင်ခင်း၊ လစာနှင့် သင်တန်းများလည်း ပေးမည်ဟု အလုပ်ခေါ်စာလွှင့်တင်ခြင်းဖြင့် စတင်လေ့ရှိသည်။

အဆိုပါ အလုပ်ခေါ်စာများကို ‘ဦးကျော်’ နှင့် ‘ဗန်ဒိန်း ဗန်ဒိန်း’ အမည်ရှိ Facebook အကောင့်နှစ်ခုက အလုပ်အကိုင်ရှာဖွေရေး Facebook Group များတွင် အကြိမ်များစွာ ကာလရှည်ကြာ တင်ထားခဲ့သည်။

အဖွဲ့ဝင်သုံးသောင်းကျော်ရှိ “မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီမြို့နယ် အနီးတစ်ဝိုက်မှ အလုပ်အကိုင်များ” Facebook Group တွင် ‘ဦးကျော်’ က ယမှန်နှစ် အောက်တိုဘာလမှ ယခုနှစ် ဇွန်လကုန်ထိ အဆိုပါ ကြော်ငြာကို ၂၃ ကြိမ်ထိ တင်ခဲ့သည်ကို တွေ့ရှိရသည်။

အလုပ်ခေါ်စာတွင် စစ်တပ်အတွက်ဟု မဖော်ပြဘဲ ဝန်ထမ်းရှာဖွေနေကြောင်း၊ ကားမောင်းစက်ပြင်သင်တန်း၊ မြေတူးကားကဲ့သို့ လုပ်ငန်းသုံးယာဉ်များမောင်းနှင်ခြင်းသင်တန်း၊ အင်ဂျင်နီယာသင်တန်းများ ပေးမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ပဲခူးတိုင်း၏ မြို့တစ်မြို့မှ အသက် ၂၀ ကျော်အရွယ် ကိုသူရသည် ၂၀၂၂ နိုဝင်ဘာလအတွင်းက ရန်ကုန်တက်လာပြီး အလုပ်အကိုင်အသစ်တစ်ခု ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

အလုပ်ခေါ်စာတွင် ပါဝင်သည့် ဖုန်းကို ဆက်သွယ်ပြီးနောက် လူတွေ့မေးမြန်းရန်ဟုဆိုကာ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ထဲမှ ကျိုက္ကလော့ဘုရားဝင်းအတွင်း ဖွင့်ထားသည့် လဖက်ရည်ဆိုင်တစ်ခုထံ ချိန်းဆိုခဲ့သည်ဟု ကိုသူရက ပြောသည်။

အလုပ်ရှာနေသည့် ကိုသူရက ထိုအင်တာဗျုးသည် သူ့ကို စစ်ကောင်စီတပ်သားသစ်အဖြစ် စုဆောင်းခြင်းဖြစ်ကြောင်း အချိန်လွန်မှ သိခဲ့ရသည်ဟု ဆိုသည်။

“ကုမ္ပဏီအလုပ် ဘယ်နေရာမှာ လုပ်ချင်တယ် မေးတယ်။ လစာက ၂၃၀၀၀၀ ရမယ်၊ ပညာအရည်အချင်းအပေါ် မူတည်ရမယ်ပြောတယ်။ ပထမဆုံးသင်တန်း တက်ရမယ် ပြောတယ်၊ စစ်သင်တန်းလို့ မပြောဘူး” ဟု ကိုသူရက သူ၏အတွေ့အကြုံကို ပြန်ပြောပြသည်။

လူတွေ့မေးမြန်းရန် ချိန်းဆိုသည့်နေရာက မင်္ဂလာဒုံမြို့နယ် ဝါယာလက် ကားမှတ်တိုင်ဘေးရှိ လဖက်ရည်ဆိုင်တွင် ဖြစ်ပြီး သူ့ကဲ့သို့ အလုပ်လာလျှောက်သူ ၅၀ ခန့် တွေ့ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

မှတ်ပုံတင်မပါလာသူများကို လဖက်ရည်ဆိုင်ထဲတွင်ပင် ပက်စပို့ဓာတ်ပုံရိုက်ကူးပေးပြီး ကိုယ်ရေးအချက်အလက်တချို့ တောင်းကာ နာရီဝက်ခန့်အကြာတွင် လက်ဗွေမပါသည့် မှတ်ပုံတင်များ လာပေးသည်ဟု ကိုသူရက ပြောသည်။

ထို့နောက် ကုမ္ပဏီဝင်းထဲ လိုက်ပြမည်ဟုဆိုကာ အလုပ်လာရှာကြသူများကို အရပ်ဘက်ကားများပေါ် တက်ခိုင်းခဲ့သည်။ ၁၀ မိနစ်ခန့် ကားမောင်းရသည့်ကားက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ဒညှင်းကုန်းရှိ အမှတ် (၁) စစ်သားစုဆောင်းရေးတပ်ထဲသို့ဝင်သွားချိန်မှ ကိုသူရနှင့် အတူပါလာသူတို့က တပ်သားသစ်စုဆောင်းခံရမှန်း သဘောပေါက်သည်ဟု ဆိုသည်။

“ကျနော့ Personal file (စာရွက်စာတမ်း) တွေယူ ဖုန်းတွေအကုန်သိမ်း။ တပ်ဧရိယာက သက်သာဆိုင် ခေါ်သွားတာဗျ…. မင်းထွက်လို့မရဘူး၊ ထွက်ရင် မင်းမိသားစု ဒုက္ခရောက်မယ်၊ ခု စစ်ထဲဝင်ရမယ် ပြောတာ၊ ဆိုင်ထဲမှာတင် ဓားထုတ်လိုက်၊ သေနတ်ပြလိုက်နဲ့ ခြိမ်းခြောက်တာ” ဟု ဆိုသည်။

တစ်နေ့သုံးကြိမ် အပြင်ထွက်တန်းစီရခြင်းမှအပ ကိုသူရတို့တစ်ဖွဲ့လုံး အခန်းတစ်ခုထဲတွင် ပိတ်လှောင်ခံထားရသည်။

ထမင်းကိုလည်း ထောင်သားများကဲ့သို့ အပြင်ကလူပေးပြီး အခန်းထဲတွင်သာ စားရသည်။ ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ်မြင်တွေခဲ့ရသည်ဟု ကိုသူရက ဆိုသည်။

“မနက်တန်းစီလည်း ပါးရိုက်ခံရတယ်။ နေ့ခင်းတန်းစီလည်း ပါးရိုက်ခံရတယ်၊ ညနေတန်းစီလည်း ပါးရိုက်ခံရတယ်”

“တန်းစီနေရင်း ပြန်ချင်တာ ပြောတဲ့အချိန် နှစ်ယောက်ကို ဆွဲခေါ်ပြီး လက်ပြန်ကြိုးတုပ်ပြီး ပါးတွေနားတွေ ရိုက်တယ်။ တုတ်တွေနဲ့ ရိုက်တယ်”

ရန်ကုန်တွင် သီတင်းနှစ်ပတ်ကြာ ပိတ်လှောင်ခံရပြီးနောက် ကိုသူရတို့ကဲ့သို့ လိမ်လည်စုဆောင်းခံရသူ ၇၀ ခန့်ကို လက်ထိတ်များခတ်ကာ အရပ်သုံးကားများဖြင့် မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်ဝင်းထဲသို့ ပို့ဆောင်လိုက်သည်။

ထိုတွင်လည်း သူတို့အားလုံးကို စစ်တန်းလျားတစ်ခုတွင် ပိတ်ထားကာ အစောင့်စစ်သားနှစ်ယောက်က အမြဲစောင့်နေသည်ဟုဆိုသည်။ အပေါ့အပါးသွားလျှင်ပင် ၅ မိနစ်ထက် ပိုမကြာရဟု ဆိုသည်။

ထိုတပ်ဝင်းထဲတွင် တစ်လခန့် ပိတ်လှောင်ခံထားရပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းသို့ ခေါ်ကာ ဆေးစစ်ခြင်း၊ လက်ဗွေနှိပ်ခြင်း၊ တရားဝင် စာရင်းသွင်းခြင်းတို့ လုပ်ရသည်ဟု ကိုသူရက ဆိုသည်။

“မိဘနာမည်တွေကောက်တယ်။ ကျနော်တို့နာမည်တွေ ကောက်တယ်၊ လက်ဗွေတွေလည်း သူတို့ဘာသာသူတို့ နှိပ်တယ်။ လက်မှတ်လည်း သူတို့ထိုးတာ၊ အသက်မပြည့်လည်း အသက်ပြည့်အောင်လုပ်တာပဲ”

ဆေးစစ်သူများထဲတွင် ခုခံကျဆင်းမှုကူးဆက်ရောဂါနှင့် အသည်းရောင်အသားဝါရောဂါဖြစ်နေသူတချို့ ပါလာသော်လည်း စစ်ကောင်စီက ပြန်လွှတ်ပေးခြင်းမရှိဘဲ စစ်သင်တန်းတက်ခိုင်းခဲ့ကြောင်း ၎င်းက ပြောသည်။

မိသားစုက ငွေပေးပြီး ပြန်ထုတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ သင်တန်းကျောင်းကို လိုက်လာသည့် မိသားစုဝင်များနှင့်ပင် ပေးမတွေ့ဟု ၎င်းက ဆိုသည်။

“(စစ်သားတွေက) ကျနော်က စစ်တပ်ထဲကို ဝင်ချင်တယ်၊ စစ်တပ်ထဲက မထွက်ချင်ဘူးဆိုပြီး (မိသားစုကို) ပြောလိုက်တယ်။ ပြီးတော့ ကျနော့်ကိုတော့ ခေါ်ပြီး ရိုက်နှက်နှိပ်စက်တာပဲ” ဟု ဆိုသည်။

မန္တလေတပ်ဝင်းအတွင်း တစ်လခန့် နေထိုင်ရပြီးနောက် ဘဝတူ စစ်ထဲလိမ်လည်စာရင်းသွင်းခံရသူများနှင့်အတူ ၂၀၂၃ ဇန်နဝါရီတွင် ရမည်းသင်းမြို့နယ်ရှိ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေးတပ်သို့ ပို့ဆောင်ပြီး စစ်သင်တန်း ၆ လ တက်ခိုင်းခဲ့သည်။

ကိုသူရတို့ တပ်ခွဲတွင် တပ်သားသစ် ၁၆၀ ခန့်ရှိပြီး တပ်ခွဲပေါင်း ၇ ခု သင်တန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။ သင်တန်းဆင်းပြီးနောက် ထိုတပ်သားသစ်များအားလုံး မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲပြင်းထန်ရာဒေသများဆီ အသုတ်လိုက်ပို့ဆောင်ခံရသည်။

ကိုသူရကတော့ မန္တလေးတိုင်းအတွင်းထဲမှ ကျေးရွာတစ်ရွာတွင် တပ်ဆွဲထားသည့် စစ်စခန်းသို့ ပို့ခံခဲ့ရသည်။ ထို့နောက် သူက နယ်ခံတော်လှန်ရေးတပ်များထံ လက်နက်ချခဲ့သည်။

နယ်မြို့တစ်မြို့မှ အလုပ်ရှာရန် စီးပွားရေးမြို့တော် ရန်ကုန်သို့ ရောက်နေသည့် ကိုထက်ကလည်း ကိုသူရတွေ့ခဲ့သည့် အလုပ်ခေါ်စာကို သွားလျှောက်ခဲ့သည်ဟု ဆိုသည်။

“သူတို့နဲ့ လာတွေ့ပါဆိုပြီး ဆက်သွယ်ရေး၊ ကားမောင်း၊ စက်ပြင်၊ နည်းပညာ၊ ကွန်ပျူတာ ကြိုက်နှစ်သက်ရာ လုပ်ဆိုပြီး ဖုန်းနဲ့ပြောတော့ နောက်နေ့ကျ သူတို့ဆီ သွားလိုက်ပါတယ်”။

အလုပ်ခေါ်သူများ ချိန်းဆိုသည့် နေရာက ကိုသူရ အင်တာဗျုးဖြေခဲ့သည့် ဝါယာလက် ကားမှတ်တိုင်ဘေးမှ လက်ဖက်ရည်ဆိုင်ပင် ဖြစ်ကြောင်း သူက ဆိုသည်။

အလုပ်အင်တာဗျူးအတွက် လာပါက အဆင်ပြေလျှင် တစ်ခါတည်း အလုပ်တန်းခန့်မည်ဖြစ်သဖြင့် အဝတ်ထုပ်ပါ ယူလာရန်ပြောကြောင်း၊ အလုပ်မဝင်မီ နေပြည်တော် (သို့မဟုတ်) ပုသိမ်တွင် သင်တန်းတက်ရမည်ဖြစ်ကြောင်း သိရသည်ဟု ကိုထက်က ဆိုသည်။

“စစ်သင်တန်း မပြောဘူးဗျ အလုပ်ဝင်ဖို့ သင်တန်းတက်ရမယ် ပြောတာ။ ကျနော်လဲ အဲဒီသင်တန်းတက်ရမယ်ဆိုမှ စစ်တပ်က လိမ်ခေါ်တာ ရိပ်မိတာပဲ။ အဲဒါနဲ့ မနည်းရုန်း ပြန်လာခဲ့ရတယ်။ အတင်းကို မရရအောင်ခေါ်တာ သူတို့က” ဟု ဆိုသည်။

၎င်းတို့နှစ်ဦးညွှန်းဆိုသည့် တယ်လီဖုန်းနံပါတ်ကို အလုပ်ရှာနေသည့် လူငယ်ဟန်ဆောင်ကာ Myanmar Now က ဒီဇင်ဘာ ၁၈ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့သည်။

ငါးမိနစ်နီးပါးကြာ တယ်လီဖုန်းဆက်သွယ်မှုအတွင်း အစိုးရအလုပ်ဖြစ်ကြောင်း ဖုန်းဖြေဆိုသူက ၂ ကြိမ်တိုင် ရှင်းပြခဲ့သော်လည်း စစ်တပ်အတွက် ခေါ်ဆိုသည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းပြောကြားခြင်းမရှိခဲ့ပါ။

အလုပ်အတွက် စာချုပ်သက်တမ်းက ၅ နှစ်ဖြစ်ကြောင်း ဖုန်းဖြေဆိုသူက ပြောကြားပြီး မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ မရှိပါကလည်း ၎င်းတို့ လုပ်ဆောင်ပေးမည်ဟု ဆိုသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် တပ်သားသစ်လိုအပ်ချက် များပြားနေပြီးနောက် တပ်ပြေးများကို တပ်ထဲတွင် ပြန်လက်ခံမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံအနှံ့အကျဉ်းထောင်များထဲ ရောက်နေသည့် တပ်သားမှ တပ်ကြပ်ကြီးအဆင့် စစ်သားဟောင်း ထောင်သားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ စစ်ကောင်စီတပ်ထဲ ပြန်လည်အမှုထမ်းခိုင်းခဲ့သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံလက်နက်ကိုင်ခုခံမှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အနည်းဆုံးမြို့ ၁၅ မြို့ထက်မနည်းနှင့် ရာနှင့်ချီသော စစ်စခန်းများကို တော်လှန်ရေးတပ်များလက်ထဲ စွန့်လွှတ်ထားရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ကုန်းကြမ်း မြို့တို့ကို ကိုးကန့်တပ် MNDAA ကလည်းကောင်း၊ နမ့်ဆန့်နှင့် နမ့်ခမ်း မြို့တို့ကို တအာင်းတပ် TNLA ကလည်းကောင်း၊ စစ်ကိုင်းတိုင်းထဲမှ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး မြို့တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မဟာမိတ်များကလည်းကောင်း၊ ချင်းပြည်နယ်ထဲမှ ရေဇွာ၊ လိုင်လင်းပီ၊ ရိခေါဒါရ် မြို့တို့ကို ချင်းတပ်ပေါင်းစုများကလည်းကောင်း ထိန်းချုပ်ထားသည်။

အလားတူ နိုင်ငံအရှေ့ပိုင်း ကရင်နီဒေသမှ မယ်စဲ့မြို့ကို ကရင်နီတပ်ပေါင်းစုက အလုံးစုံထိန်းချုပ်ထားပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှားတောမြို့များတွင်လည်း နယ်မြေအများစုကို စိုးမိုးထားသည်။

စစ်ကောင်စီသည် ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်တိုက်ယူနိုင်ခြင်းမရှိသေးသလို ထိုဒေသများမှ တပ်ဖွဲ့ဝင်များသည်လည်း တော်လှန်ရေးတပ်များထံ လက်နက်ချအညံ့ခံမှုများ ဆက်တိုက်ဖြစ်နေသည်ကို ကြုံနေရသည်။

ရှေ့တန်းစစ်မျက်နှာများဆီသို့ မြေပြင်တပ်စစ်ကူစေလွှတ်ရန် တပ်သားလိုအပ်ချက်ရှိလာသည့် စစ်ကောင်စီသည် ကျေးလက်ဒေသများတွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးတပ်များဖွဲ့ကာ လူသစ်စုဆောင်းနေပြီး မြို့ပေါ်တွင်တော့ အလုပ်အကိုင်ရှာဖွေရေးအမည်ခံကာ လူသစ်စုနေသည်။

၁၀၂၇ စစ်ဆင်ရေးမစတင်မိ လွန်ခဲ့သည့် လပေါင်းများစွာအတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီ တုံ့ပြန်သည့် နည်းလမ်းများတွင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် အဝေးမှ ပစ်ခတ်ခြင်း၊ စစ်သားများကို  ရဟတ်ယာဉ်ဖြင့် လျှပ်တစ်ပြက် ပို့ဆောင်ပြီး စစ်ကြောင်းထိုးစေခြင်း၊ တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေးသည်ဟု ယူဆရသည့် ရွာများကို မီးတင်ရှို့ခြင်းတို့ ပါဝင်သည်။

နိုင်ငံအနှံ့ တစ်ပြိုင်နက်တိုက်ခိုက်ခံနေရသည့် လတ်တလောကာလတွင်မူ ၎င်း၏ အင်အားကို ချွေတာသည့်အနေဖြင့် ခြေလျင်စစ်ကြောင်းထိုးခြင်းကို လျှော့ချလိုက်ရုံမျှမက တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်လိုက်သည့် မြို့အများစုကိုပင် ပြန်လည်ရယူရန် စစ်အင်အားထိရောက်စွာ သုံးစွဲခြင်း မရှိတော့သည်ကို တွေ့ရသည်။

လေကြောင်းမှ ဗုံးကြဲခြင်း၊ အထိုင်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ဆက်လက် ပြုလုပ်နေသော်လည်း တပ်သားအင်အားရှားပါးလာသည့် စစ်ကောင်စီအတွက် ပင်မတပ်စခန်းကြီးများမကျရေးနှင့် နောက်ထပ်မြို့ကြီးများမကျရေးမှာ စစ်ကောင်စီ၏ ပြောင်းလဲလာသော တုံ့ပြန်မှုများဖြစ်သည်။

ဆက်စပ်သတင်း

Show More

Related Articles

Back to top button