
နိုင်ငံတစ်ဝန်း နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စခန်းများလက်လွတ်ဆုံးရှံးသည်သာမက ဘက်ပေါင်းစုံ အရေးမလှဖြစ်နေချိန် အာဏာသိမ်းစစ်တပ်က ပြစ်မှုကျူးလွန်ထားသည့် တပ်ပြေးများကိုပင် ပြန်လည်လက်ခံမည်ဟု ကြေညာလိုက်သည်။
အကြောင်းအမျိုးမျိုးဖြင့် တပ်မှ ထွက်ပြေးသူများကို ပြင်းထန်စွာအပြစ်ပေးအရေးယူလေ့ရှိသည့် စစ်တပ်က ခွင့်မဲ့/စစ်ပြေးများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးကာ ပြန်လည်လက်ခံမည်ဟု ယနေ့ (ဒီဇင်ဘာ ၄) ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာထားသည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ပြန်ထမ်းလိုကြောင်း တပ်ပြေးများက ကိုယ်တိုင် ဆက်သွယ်လာခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်တွေ့၌မူ ရှမ်းမြောက်ဒေသ၌ တပ်ရင်းလိုက်လက်နက်ချခြင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်နီဒေသတို့တွင် စခန်းစွန့်ခွာထွက်ပြေးခြင်းနှင့် လက်နက်ချအညံ့ခံခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
တပ်ပြေးနှင့် ပြစ်ဒဏ်ကျသူများကို ပြန်လက်ခံခြင်းမှာ ပထမဆုံးကြားဖူးခြင်းဖြစ်သည်ဟု စစ်မှုထမ်းသက် နှစ်ပေါင်း ၄၀ ရှိ အရာခံဗိုလ်ဟောင်းတစ်ဦးနှင့် အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးတစ်ဦးက မှတ်ချက်ပြုသည်။
“အရင်က တပ်ရင်းမှူးတွေက စစ်သားလိုအပ်ချက်အရ နားလည်မှုတွေနဲ့ ပြန်လက်ခံတာပဲရှိတယ်။ အထက်က မသိအောင် လိမ်ပြီးလက်ခံတာ။ ထွက်ပြေးတဲ့တပ်က ပြန်လက်မခံရင်တောင် အခြားတိုင်းနဲ့ ပြည်နယ်ဆီမှာ ပြန်ဝင်ရင် လက်ခံတယ်။ တပ်သားသစ်တော့ ပြန်ဖြစ်တာပေါ့” ဟု အသက် ၇၀ အရွယ် အရာခံဗိုလ်ဟောင်းက ဆိုသည်။
လူမှုရေးကိစ္စပြစ်မှုဖြင့် ထွက်ပြေးနေသည့် စစ်သားများက ဆက်သွယ်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို လက်ရှိတာဝန်ထမ်းနေသူများနှင့် တန်းတူလစာပေးကာ လက်ခံထားကြောင်း ပဲခူးတိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်အရာရှိတစ်ဦးက ပြောသည်။
“အကြွေးတွေ ပတ်လည်ဝိုင်းနေလို့၊ မိန်းမပြသာနာရှုပ်လို့ ပြေးတဲ့ကောင်တွေ၊ အပြင်ရောက်တော့ ဘာမှ မလုပ်တတ်တော့ တပ်ရေးဗိုလ်ကြီးဆီ ပြန်ဆက်သွယ်ဝင်လာကြတာ” ဟု ၎င်းက ဆိုသည်။
မည်သည့်နိုင်ငံနှင့် တပ်မတော်မှ တပ်ပြေးများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ခွင့်လွှတ်ရိုးထုံးစံမရှိဟု အာဏာမသိမ်းမီ ၂၀၂၀ ဒီဇင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုဖူးသည်။
၁၉၅၉ စစ်တပ်အက်ဥပဒေအရ စစ်ပြေးမှုနှင့် အားပေးကူညီမှုများကို အရေးယူရန် ပုဒ်မ ၃၇၊ ခွင့်မဲ့ပျက်ကွက်မှုကို အရေးယူရန် ပုဒ်မ ၃၈ စသည်ဖြင့် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ စစ်ပြေးမှုကို ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ စီရင်နိုင်ပြီး၊ စစ်ပြေးမှုကျူးလွန်ရန် အားထုတ်ပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်။
ထို့ပြင် စစ်ပြေးကို လက်ခံပါက ထောင် ၇ နှစ်နှင့် ၎င်းကိစ္စကို မျက်ကွယ်ပြုပြီး တိုင်ကြားခြင်းမရှိပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၈ အရ ခွင့်မဲ့ပျက်ကွက်ပါက ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။
စစ်တပ်သည် ခွင့်မဲ့စစ်ပြေးများကို မဆွေးသည့်အမှုမျိုးဟု သတ်မှတ်ထားကာ မည်သည့်အကြောင်းနှင့်မျှ ခွင့်လွှတ်လေ့မရှိဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ စစ်ကောင်စီအနေဖြင့် တပ်သားသစ် စုဆောင်းရန် ခက်ခဲလာသဖြင့် စစ်ပညာသင်ကြားပေးထားပြီးသူများကို ပြန်အသုံးချရန် ကြံစည်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
“အင်အားက အရေးတကြီး အရမ်းကို အပူတပြင်းလိုနေပြီ။ သူတို့မှာ မရှူနိုင်မကယ်နိုင်၊ တပ်တွင်းအင်အားနဲ့ မရတော့ဘူးဆိုတာကို ဖော်ပြလိုက်တာ၊ ဖော်ပြတာ မဟုတ်ဘူး၊ ဝန်ခံလိုက်ရတာ”
တပ်မှထွက်ပြေးပါက ၂၁ ရက် စောင့်လေ့ရှိကြောင်း၊ ထို့နောက်တွင် ခွင့်မဲ့ပျက်ကွက်အဖြစ် အလိုအလျောက်စာရင်းဝင်သွားကာ စစ်ပြေးအဖြစ် သတ်မှတ်လေ့ရှိသည်ဟုလည်း သိရသည်။
တရုတ်-မြန်မာနယ်စပ်နှင့် ရှမ်းမြောက်ဒေသတစ်ခွင်တွင် ဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်စခန်းအမြောက်အမြား လက်လွတ်ဆုံးရှုံးသည်သာမက တပ်ရင်းတပ်ဖွဲ့လိုက် လက်နက်ချခြင်းများလည်း ရှိနေသည်။
ကိုးကန့်ဒေသ ကုန်းကြမ်းမြို့အခြေစိုက် အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတစ်ခုလုံး နိုဝင်ဘာ ၂၉ ရက်နေ့က အလံဖြူထောင် လက်နက်ချခဲ့သည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ကြေညာထားသည်။ ယင်းမတိုင်မီကလည်း လောက်ကိုင်အခြေစိုက် အမှတ် ၁၂၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၂၇ ဦး MNDAA ထံ လက်နက်ချခဲ့သည်။
အလားတူပင် ကရင်နီတော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် လွိုင်ကော်၌ လွန်ခဲ့သည့်လလယ်ပိုင်းတွင် စစ်ကောင်စီဘက်မှ စစ်သား ၃၀ ကျော် လက်နက်ချခဲ့သည်။ ကရင်နီတပ်ဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသည့် တပ်ရင်းနှစ်ခုမှ လက်ကျန်စစ်သား ၃၂ ဦး အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
စခန်းစွန့်ခွာပြီးနောက် ထွက်ပြေးလွတ်မြောက်လာခဲ့သည့် စစ်သားများကိုပင် စစ်ကောင်စီက စစ်ကြောင်းထိုးရာတွင် ပြန်လည်အသုံးပြုနေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချခဲ့သူ စစ်သားများက ဆိုသည်။
နိုဝင်ဘာလအတွင်း အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ စစ်သားအများအပြား တစ်ဖက်နိုင်ငံဘက်ခြမ်း ထွက်ပြေးခိုလှုံကြသည်။ ၎င်းတို့ကို အိန္ဒိယက မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
စစ်ကောင်စီလက် ပြန်ရောက်ပြီး နောက်တစ်ရက်တွင် တမူးမြို့အနီး တိုက်ပွဲဖြစ်ရာသို့ စေလွှတ်ခံရသည်ဟု စစ်ကိုင်းတိုင်းအနောက်ပိုင်း တမူးမြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချခဲ့သည့် စစ်သားနှစ်ဦးအနက် တစ်ဦးက ဆိုသည်။
“၁၉ ရက်နေ့မှာ တမူးမြို့ကို ရောက်တယ်။ ညနေ ၄ နာရီခွဲလောက် ရောက်တယ်။ ရောက်တော့ တမူးမြို့ထဲက တပ်ကုန်းမှာ ကျွန်တော်တို့ကို လက်နက်တွေတပ်ဆင်ပြီးတော့ ည ၇ နာရီခွဲလောက်မှာ ၄ မိုင်ရဲစခန်းကို တာဝန်ပေးတာ။ အဲ့ဒီမှာ သွားနေဆိုပြီးတော့။ ၂၀ ရက်နေ့ကျတော့ ၁၂ နာရီလောက်မှာ ထန်းတပင်ကို သွားတိုက်ခိုင်းတာ” ဟု ၎င်းက ပြောသည်။
ပုံမှန်အခြေအနေတွင် စခန်းစွန့်ခွာထွက်ပြေးပါက သေဒဏ်အထိ အပြစ်ပေးနိုင်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မျက်နှာဖွင့်နေရသည့် လက်ရှိအခြေအနေတွင် ထွက်ပြေးသူများကို အရေးမယူဘဲ ရောက်သည့်နေရာ၌ ပြန်တာဝန်ပေးနေခြင်း ဖြစ်နိုင်သည်ဟု စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ CDM ဗိုလ်ကြီးကောင်းသူဝင်းက ဆိုသည်။