သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့အခြေစိုက် တပ်ရင်းတစ်ရင်းလုံး လက်နက်ချ

တရုတ်နယ်စပ်တွင် အခိုင်အမာတည်ဆောက်ထားသည့် စခန်းကုန်းကြီးတစ်ခုတွင် အခြေစိုက်သော စစ်ကောင်စီတပ်သားများ လက်နက်ချလိုက်သည်ဟု ကိုးကန့်တပ် MNDAA က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ကုန်းကြမ်းမြို့ အခြေစိုက် အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတစ်ရင်းလုံး ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်) က အလံဖြူပြပြီး လက်နက်ချခဲ့သည်ဟု ကိုးကန့်တပ် MNDAA ပြောခွင့်ရ ကိုကျော်နိုင် (ခ) လီကျားဝင်းက ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အောက်ရှိ အမှတ် ၁၂၅ ခြေလျင်တပ်ရင်းသည် ကုန်းကြမ်းစခန်းကုန်းတွင် အခြေစိုက်ထားခြင်းဖြစ်သည်ဟု လီကျားဝင်းက ပြောသည်။

“ကုန်းကြမ်း စခန်းကုန်းကြီးက မနေ့ကပေါ့၊ အလံဖြူထောင်ပြီး အလင်းဝင်လာတာ ဖြစ်ပါတယ်။

ကုန်းကြမ်း တပ်ကုန်းကတော့ သူတို့က မြေအောက်ခန်းတွေရော ရဟတ်ယာဉ်ကွင်းတွေရော ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ ကွမ်းလုံထက်တောင်မှ ခိုင်မာတဲ့ စခန်းကုန်းကြီးဖြစ်ပါတယ်” ဟု ပြောသည်။

ကုန်းကြမ်းမြို့တွင် ၁၉၆၀ ပြည့်နှစ်ကတည်းကပင် စစ်တပ် အခြေစိုက်ခဲ့သည်၊ ၁၉၉၂ ခုနှစ်တွင် တပ်စခန်းကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ က လောက်ကိုင်အခြေစိုက် ခလရ ၁၂၉ တပ်ရင်း တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၂၇ ယောက် လက်နက်ချခဲ့သေးသည်။ တပ်ရင်းတစ်ခုလုံး “ပြည်သူ့ရင်ခွင်” သို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ညီနောင် ၃ ဖွဲ့က ကြေညာချက်ထုတ်ခဲ့သည်။

ကုန်းကြမ်း ခလရ ၁၂၅ မှာ တပ်ရင်းလိုက် လက်နက်ချသည့် ဒုတိယမြောက်တပ်ရင်းဖြစ်သည်။

ယခုလက်နက်ချသည့် တပ်ရင်းတွင် ပါဝင်သူ အရေအတွက်ကို မသိရသေးပါ။

ကုန်းကြမ်းစခန်းကို သိမ်းပိုက်ရရှိသည်မှာ သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်သည်ဟု လီကျားဝင်းက ဆိုသည်။

“ကျွန်တော်တို့ ကိုးကန့်ဒေသမှာ တိုက်ပွဲ ဘယ်လောက်ဖြစ်ဖြစ် သူတို့ ကုန်းကြမ်းကိုတော့ သူတို့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်တဲ့ အနေအထားရှိတယ်။ ဒီလို စခန်းကုန်းတောင်မှ လက်နက်ချ အလင်းဝင်တယ်ဆိုတော့ စစ်ကောင်စီရဲ့ ပြိုကွဲမယ့်လက္ခဏာ သူတို့အတွင်းပိုင်းမှာ ဘယ်လောက် ပျက်စီးနေပြီလဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိနိုင်တယ်” ဟု လီကျားဝင်းက ပြောသည်။

လောက်ကိုင်အခြေစိုက် ခလရ ၁၂၉ တပ်ရင်း တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၂၇ ဦးနှင့် မိသားစုဝင်များ နိုဝင်ဘာ ၁၂ ရက်က လက်နက်ချစဉ်။ (ဓာတ်ပုံ − The Kokang)

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် CDM ဗိုလ်ကြီးဇင်ယော်ကလည်း အောက်ခြေရှိ တိုင်းမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးများမှာ တိုင်းရင်းသားမဟာမိတ်တပ်များ၏  ပိတ်ဆို့တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ၏ အကူအညီကို မရရှိ၍ လက်နက်ချခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“ပစ်ကူလည်း မပေးဘူး၊ စစ်ကူလည်း မလွှတ်ဘူး။ မင်းတို့ ကိုယ့်ဟာကိုယ်တောင့်ထားဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်ထားတော့ မင်းအောင်လှိုင်ရဲ့ လက်ပါးစေ ဗိုလ်ချုပ်တွေရဲ့အမိန့်ကို သူတို့နားမထောင်တော့ဘူး။ နားထောင်လို့လည်း မရတော့ဘူး။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစုရဲ့ ကိုယ့်ဘဝအတွက်ပဲ တွက်ပြီး ပြည်သူနဲ့အတူ ပူးပေါင်းလာတယ်လို့ တွက်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လောက်ကိုင်လက်အောက်ခံတပ်ရင်းများ တဖြည်းဖြည်း လက်နက်ချလာ၍ ဒကစလောက်ကိုင်ကိုလည်း မဟာမိတ်တပ်များ မကြာမီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်တော့မည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

“အလွယ်တကူ ပြည်သူနဲ့အတူ ပူးပေါင်းမယ်ဆိုရင် သူတို့ အသက်ချမ်းသာရမယ်။ မတရားခိုင်းစေနေတဲ့ စစ်ကောင်စီအောက်ကနေ လွတ်မြောက်ပြီးသား ဖြစ်မယ်ဆိုတဲ့ အတွေးတွေ ဝင်လာကြတယ်” ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ပေါင်း သိမ်းပိုက်ထားသည့် တပ်စခန်းပေါင်း ၂၀၀ ကျော်ရှိပြီး ကိုးကန့်အထူးဒေသ (၁) တစ်ခုတည်းတွင် တပ်စခန်း ၁၈၀ ထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းမှု ဆန့်ကျင်သူများ လမ်းပေါ် ပစ်သတ်ခံရပြီး နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသော လက်နက်ကိုင်ခုခံမှုကို ရင်ဆိုင်ရသည့် စစ်ကောင်စီတပ် စစ်ပန်းနေချိန်တွင် ကြိုတင်ပြင်ဆင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ထိုးစစ်ဆင်လိုက်ရာ စစ်ကောင်စီတပ်သားများ အစုလိုက်အပြုံလိုက်လက်နက်ချမှုကို ဆက်တိုက် တွေ့လာရသည်။

အောက်တိုဘာ ၃၀ တွင် လက်နက်ချသည့် ကွမ်းလုံမြို့နယ် ခလရ ၁၄၃ မှ စစ်သား ၄၁ ဦးထဲတွင် ဒုတိယတပ်ရင်းမှူး၊ တပ်ခွဲမှူးနှစ်ဦး ပါဝင်သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာအခြေစိုက် စစ်ကောင်စီ တပ်သား ၂၃ ဦးလည်း နိုဝင်ဘာ ၁၃ ရက်နေ့က လက်နက်ချခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၄ တွင် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၃၂ ဦး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံ လက်နက်ချခဲ့သည်။

Show More

Related Articles

Back to top button