သတင်း

ညီနောင် ၃ ဖွဲ့က လက်နက်ချစစ်ကောင်စီတပ်ရင်းကို ငွေပေးပြီး ပြန်လွှတ်

အညံ့ခံသည့် အင်အား ၄၁ ဦးပါ အမှတ် ၁၄၃ ခြေလျင်တပ်ရင်းကို တစ်ဦးလျှင် ကျပ် ၁၅ သိန်း ပေး၍ ပြန်လွှတ်ပေးလိုက်ကြောင်း ကိုးကန့်တော်လှန်ရေးအဖွဲ့ ပြောခွင့်ရသူက အတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်အတွင်း အမှတ် ၁၄၃ ခြေလျင်တပ်ရင်းမှ လက်နက်ချသည့် အရာရှိ စစ်သည် ၄၁ ဦးကို ဆက်လက် ထိန်းသိမ်းခြင်းမရှိဘဲ တစ်ဦးလျှင် ကျပ် ၁၅ သိန်းစီ ပေး၍ ပြန်လွှတ်လိုက်ကြောင်း ကိုးကန့်တော်လှန်ရေးအဖွဲ့က အတည်ပြုသည်။

ထိုဒေသတွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင် ဆင်နွှဲနေချိန်တွင် ကွမ်းလုံမြို့နယ်တောင်ပိုင်း ကံမိုင်းဒေသတွင် တပ်စွဲထားသည့် အဆိုပါ တပ်က တပ်ရင်းလိုက် အညံ့ခံခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်ဆင်ရေးသီတင်းပတ် တစ်ပတ်ပြည့်ပြီဖြစ်ပြီး ၆ ရက်အတွင်း မြို့တချို့နှင့် စစ်ကောင်စီအခြေစိုက် စခန်းကြီးငယ် ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး တတိယမြောက်နေ့ (အောက်တိုဘာ ၂၉) တွင် ထိုတပ်ရင်းကို ကံမိုင်းဒေသ၌ ဝိုင်းဝန်းတိုက်ခိုက်ကာ လက်နက်ချရန် ကမ်းလှမ်းခဲ့ကြောင်း MNDAA ပြောခွင့်ရသူ လီကျာဝင်းက ပြောသည်။

“ကျွန်တော်တို့ MNDAA က ကမ်းလှမ်းခဲ့တာပါ။ ၂၉ ရက်နေ့မှာ နှစ်ဦးနှစ်ဖက် ဆွေးနွေးကြပြီးတော့ ၃၀ ရက်နေ့မှာ အလင်းဝင်လာတာ”

ကမ်းလှမ်းချက်ကို ခလရ ၁၄၃ က နောက်တစ်ရက်တွင် လက်ခံခဲ့သည်၊ လက်နက်ချသည့် ဒုတိယတပ်ရင်းမှူး၊ တပ်ခွဲမှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၁ ဦးလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းတို့ကို MNDAA က “လုံခြုံဘေးကင်းသော နေရာသို့ ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ခဲ့သည်” ဟု ညီနောင် ၃ ဖွဲ့၏ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၈ ရက်နေ့ အချက်အလက်များကို အခြေခံထားသည်။

အမှတ် ၁၄၃ ခြေလျင်တပ်ရင်းမှ လက်နက်ချစစ်သည်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ ၎င်းတို့၏ နောက်ဆက်တွဲကံကြမ္မာများကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း နှုတ်ဆိတ်နေသည်။

လက်နက်ချသည့် တပ်ရင်းထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

ထိုစခန်းတစ်ခုလုံးကို ၂ နာရီအတွင်း အပြီးသတ် ချေမှုန်းနိုင်သော်လည်း အချိန်မီ လက်နက်ချခဲ့ကြသဖြင့် အသက်ချမ်းသာရာ ရခဲ့ကြသည်၊ စစ်ဆင်ရေး ဆက်လုပ်မည်ဖြစ်သောကြောင့် ကျန်စခန်းများတွင် ရှိနေသူများလည်း လက်နက်ချကြရန် ညီနောင် ၃ ဖွဲ့က ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၃၁ ရက်စွဲတပ်ပြီး ထုတ်ပြန်ထားသည်။

အလင်းဝင်ရောက်လာသူများကို အသက်နှင့် အန္တရာယ် လုံခြုံရေးတာဝန်ယူမည်၊ ဂုဏ်သိက္ခာမထိခိုက်၊ ညှဉ်းပန်းနှိပ်စက်မှုမလုပ်၊ ဖမ်းဆီးချုပ်နှောင်ခြင်းမပြု၊ မိသားစုဆွေမျိုးများနှင့် ပေါင်းစည်းခွင့်ပေးမည်၊ ခရီးစရိတ်ကူညီထောက်ပံ့မည်၊ ကျန်းမာရေးမကောင်းသူများကို ဝန်ဆောင်မှုနှင့် စောင့်ရှောက်မှုပေးမည်ဟုလည်း အာမခံထားသည်။

ထို့အတူ ကွမ်းလုံမြို့နယ် ဟဲ့ဟော်ကျေးရွာအနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့မှ ၁၅ ဦးသည်လည်း အောက်တိုဘာ ၃၁ ရက်နေ့တွင် လက်နက်ချ အညံ့ခံခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်သက် နှစ် ၂၀ ရှိသူ၊ မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကာ တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က ရက်တိုအတွင်း အဆုံးအရှုံးများပြားသည့် ထိုဖြစ်စဉ်ကို ကြည့်လျှင် စစ်ကောင်စီတပ်တွင်းအခြေအနေ မည်သို့ဖြစ်နေသည်ကို မြင်သာကြောင်း ပြောသည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရှမ်းပြည်မြောက်ပိုင်း) မှာ ရောက်နေတဲ့ စစ်သားတွေက တရားမဝင်စီးပွားရေးကိစ္စတွေနဲ့ပဲ လုံးပန်းနေတာ များတယ်။ … မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးစီမံချက် အရမ်းကောင်းတယ်။ စစ်တပ်က စစ်ကူတပ်လာမယ့်နေရာတွေကိုပါ သူတို့ ဟန့်တား ထိန်းချုပ်ထားနိုင်တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာ ရှမ်းပြည်နယ် လားရှိုးခရိုင် ကွမ်းလုံမြို့နယ်အတွင်းရှိ အခြားစစ်ကောင်စီစခန်းများကိုလည်း ညီနောင်မဟာမိတ်အဖွဲ့များက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

ကွမ်းလုံမြို့သည် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာကျသည့် လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းပေါ်တွင် တည်ရှိသည်။ တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်မြို့ကို ညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားသည်။ ချင်းရွှေဟော်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး လူမှုဝန်ဆောင်မှုလုပ်ငန်းများ ဖော်ဆောင်နေသည်ဟု လီကျာဝင်းထံမှ သိရသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နာရီပိုင်းအတွင်း လောက်ကိုင်နှင့် ကားလမ်းခရီး တစ်နာရီခန့်သာ ကွာဝေးသည့် ချင်းရွှေဟော်ကို သိမ်းပိုက်ခဲ့သည်။

နောက်ထပ်မြို့သိမ်းတိုက်ပွဲအဖြစ် ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးအရှေ့ဘက် မိုင် ၁၀၀ ကျော်အကွာ တရုတ်နယ်စပ်ရှိ လောက်ကိုင်ကို ပစ်မှတ်ထားနေသည်။ ၂၀၀၉ စစ်တပ်နှင့် တိုက်ပွဲများအပြီးတွင် MNDAA က လောက်ကိုင်ကို လက်လွှတ်ထားခဲ့ရသည်။

အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်အပ် အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်သား ၁၀၀ ကျော် ရှိသည်ဟုလည်း ဆိုထားသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအနှံ့ ခုံခံမှုများစွာ ကြုံတွေ့နေရသည့် စစ်ကောင်စီက လေကြောင်းကို အားပြုတုံ့ပြန်နေရာ အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button