သတင်း

ကျောက်တော်တွင် စစ်သား ၂ ဦး တပ်မှ ထွက်ပြေး

တိုက်ပွဲများ ပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ၂ ဦး ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။ 

မြို့ပေါ်မှ ၈ မိုင်ခန့်အကွာ မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကြောင်းမှ စစ်သား ၂ ဦး စက်တင်ဘာ ၁၀၊ ညနေ ၃ နာရီခွဲခန့်က ထွက်ပြေးသွားခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် ယင်းညမှာပင် စစ်တပ်က အနီးရှိ မဟာမုနိရွာနှင့် ဘုရားဝင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းမှ တဲအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ထိုနေရာ၌ နေထိုင်သူများက ပြောသည်။

“ည ၇ နာရီလောက်မှာ ဝင်လို့ စစ်ဆေးခဲ့တယ်။ တချို့လူတွေကိုကျတော့ မှတ်ပုံတင်တွေ စစ်တယ်လို့ ပြောတယ်။ တချို့လူတွေကိုကျတော့ အေးဆေးနေလို့ရပါတယ်၊ ကျွန်တော်တို့လူတွေ ရောက်လာလားလို့ မေးတယ်လို့ ပြောတယ်” ဟု ထိုမဟာမုနိဘုရားနှင့် အနီးဝန်းကျင်မှ ရွာသားတစ်ဦးက ပြောပြသည်။

“စစ်ဘေးရှောင်စခန်းက အသက်ကြီးပိုင်းတွေကိုလည်း ဘာမှမဖြစ်ဘူး။ မကြောက်ကြဖို့နဲ့ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ပြောခဲ့တယ်လို့ သိရတယ်။ စစ်ဘေးရှောင်စခန်းကိုလည်း စစ်တယ်။ အဲဒီနားက မဟာမုနိရွာကို ဝင်စစ်တယ်”

စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများကို  အနှောင့်အယှက်မပေးသော်လည်း အနီးဝန်းကျင် မဟာမုနိကျေးရွာ၊ သရက်တစ်ပင်ကျေးရွာမှ ရွာသားတချို့မှာ ကြောက်လန့်ထွက်ပြေးကြရကြောင်း ဆိုသည်။

ထိုစစ်သား၂ ဦးမှာ AA ထံ ထွက်ပြေးခိုလှုံသွားသည်ဟု ကြားသိရကြောင်း၊ လက်နက် ပါမပါ မသိရကြောင်း ထိုအနီးဝန်းကျင်မှ ဒေသခံ နောက်တစ်ဦးက ပြောသည်။ 

“အဲဒီထွက်ပြေးသွားတဲ့ စစ်သားနှစ်ယောက်က AA ဆီမှာ အလင်းဝင်သွားတယ်လို့ သတင်းလည်းထွက်နေတယ်။ ဟုတ်မဟုတ် အတိအကျကိုတော့ မပြောနိုင်ပါဘူး” ဟု သူက ဆိုသည်။

ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်သော မဟာမုနိဘုရားမှာ စစ်တွေ – ရန်ကုန် အာရှကားလမ်းမကြီးနှင့် ကပ်လျက် တည်ရှိပြီး ယခင်ကတည်းက အင်အား ၂၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည်။

ပြီးခဲ့သည့် မေ ၂၂ ကလည်း ကျောက်တော်မြို့ ထိုစစ်ကြောင်းမှ စစ်သားတစ်ဦး လက်နက်မဲ့ ထွက်ပြေးခဲ့ပြီး စက်တင်ဘာ ၆ ကလည်း ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခုမှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး ထွက်ပြေးခဲ့သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များ AA ထံ ထွက်ပြေးသွားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သော်လည်း ၎င်းတို့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ခိုလှုံနေသည်ဟု AA ဘက်က တရားဝင်ပြောထားသည်။ 

လက်ရှိတွင် မိုင်တိုင် ၄၀ ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုနှင့် ယမန်နေ့ (စက်တင်ဘာ ၁၀) က မောင်တောမြို့နယ်ရှိ ခမရ ၃၅၂ စခန်းကို ဆုံးရှုံးထားသလို ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု ဆယ်နှင့်ချီ ရှိနေသည်။

စက်တင်ဘာ ၁၀ နံနက် ၆ နာရီက မောင်တောမြို့နယ် ကြိမ်ချောင်း- ဂုပ္ပီသို့ ဆက်သွယ်ထားသည့် မေယုတောင်ကျော်လမ်းပေါ်ရှိ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၅၂ ၏ စခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း ညပိုင်း၌ ထုတ်ပြန်သည်။

ထိုကဲ့သို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးခိုလှုံမှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဘက်မှ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ 

လတ်တလောတွင် မောင်တောဒေသအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံအများအပြား ထွက်ပြေးနေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button