
သထုံ – တပ်မတော်မှာ တပ်ခွဲတပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိန်ကျော်ဝင်းက ၁၉၉၉ ခုနှစ် ကရင်ပြည်နယ် စစ်မြေပြင်မှာ မိုင်းထိခဲ့တာကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ အများအပြားရရှိခဲ့ပါတယ်။ မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါမဆုံးရှုံးပေမယ့် မျက်စိနှစ်လုံးကိုတော့ စွန့်လွှတ်လိုက်ရပါတယ်။
ဆေးကုသမှုခံယူအပြီးမှာ တပ်မတော်က သူ့ကို နောက်တန်းမှာ ပေါ့ပေါ့ပါးပါးတာဝန်တွေကို ၈ နှစ်ကြာ ပေးပါတယ်။ သူ အငြိမ်းစားယူပြီးနောက်မှာတော့ သူ့မျက်လုံးနှစ်ဖက်ဆုံးရှုံးမှုအတွက် တပ်မတော်က သူ့ကို ပေးအပ်တဲ့ အထောက်အပံ့က အင်မတန် နည်းပါးလွန်းတာနဲ့ ကြုံလိုက်ရပါတယ်။
တပ်မတော်ကနေ အနားယူခါစမှာ အငြိမ်းစားလစာ ကျပ်သုံးသောင်းကျော်၊ ဆုံးရှုံးတဲ့မျက်လုံးအတွက် တစ်ဖက်ကို နစ်နာကြေး ရာဂဏန်းရရှိခဲ့တယ်လို့ ဦးစိန်ကျော်ဝင်းက ဆိုပါတယ်။
“တပ်က ထွက်လာတော့ မျက်လုံးတစ်လုံးအတွက် တစ်လကို ကျပ် ၈ဝဝ ပဲ ရတယ် ဆိုတာ သိရတော့၊ ငါ့မျက်လုံးနှစ်လုံး တိုင်းပြည်အပေါ်မှာ စွန့်လွှတ်ခဲ့ရတဲ့အတွက် ခံစားခွင့်က ကလေးမုန့်ဖိုးတောင်မရှိပါလား၊ တော်တော့်ကို ရယ်လည်းရယ်ချင်၊ စိတ်လည်း တိုခဲ့ရတယ်” လို့ ဦးစိန်ကျော်ဝင်းက ပြောပါတယ်။
မကြာသေးခင်နှစ်များအတွင်း အငြိမ်းစားဝန်ထမ်းလစာတွေ တိုးပေးခဲ့တာကြောင့် ဦးစိန်ကျော်ဝင်းရဲ့ ပင်စင်ငွေက ၉ဝ,ဝဝဝ ကျော်၊ မျက်လုံးဆုံးရှုံးမှုအတွက် တစ်ဖက်ကို ၆,ဝဝဝ နှုန်းနဲ့ လစဉ်ထောက်ပံ့ကြေးက ၁၂,ဝဝဝ ရနေပါပြီ။ သို့သော်လည်း ဒီပမာဏဟာ ကနေ့ခေတ် နေထိုင်မှုစရိတ်ကြောင့် ကလေးမုန့်ဖိုးလို ဖြစ်နေတုန်းပဲလို့ သူက ညည်းပြပါတယ်။
ဦးစိန်ကျော်ဝင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က မိတ်ဆွေတစ်ယောက်ရဲ့ခြံထဲမှာ ခိုလှုံနေတုန်း ကိုယ်လက်အင်္ဂါထိခိုက်တဲ့ စစ်မှုထမ်းဟောင်းတွေအတွက် အိမ်ရာမှာ နေထိုင်ခွင့်လျှောက်ထားရာမှာ ၂ဝဝ၉ မှာတော့ သထုံမြို့နဲ့ ငါးမိုင်ခန့်အကွာမှာရှိတဲ့ သုဓမ္မဝတီမြို့သစ်မှာ နေထိုင်စရာ အိမ်တစ်လုံး ရရှိခဲ့ပါပြီ။ သုဓမ္မဝတီမှာ ဦးစိန်ကျော်ဝင်းလို စစ်ပြန်ရဲဘော် ၆ဝ ခန့်ဟာ မိသားစုနဲ့အတူ နေထိုင်လျက် ရှိပါတယ်။
နိုင်ငံအနှံ့မှာ သုဓမ္မဝတီလို မသန်စွမ်းစစ်မှုထမ်းဟောင်းအိမ်ရာ ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။ နှစ် ၇ဝ နီးပါး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု စွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားအရေအတွက် ဘယ်လောက်ရှိတယ်၊ သူတို့အတွက် ဘယ်လို ဘယ်ပုံထောက်ပံ့နေတယ်ဆိုတဲ့သတင်းအချက်အလက်ကို တပ်မတော်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဆင်းရဲတွင်း
ရဲဘော်ဟောင်းအများအပြားကတော့ စစ်မှုထမ်းဟောင်းအိမ်ရာ အခမဲ့ ရရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။ သို့သော်လည်း သူတို့အများစုဟာ ဘဝရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ နေထိုင်ကြရတယ်လို့ ဆိုကြပါတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း၊ အပိုဝင်ငွေ ရရှိမယ့်နည်းလမ်းတွေ မရှိသလောက်ပါပဲ။
အငြိမ်းစားယူခဲ့ရသူချင်းအတူတူ အရာရှိကြီးတွေ၊ စစ်ဗိုလ်ကြီးတွေရဲ့ မိသားစုတွေ သူတို့ထက် ပိုမိုအဆင်ပြေ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေကြတာကို အားကျမိတယ်လို့ ကရင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်စွန့်လွှတ်လိုက်ရတဲ့ အငြိမ်းစားတပ်ကြပ်ကြီး ဝင်းဌေးက ပြောပါတယ်။
သူက မနက်တိုင်း သထုံ၊ ဘားအံ၊ မုတ္တမမြို့တို့ကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမှာ ပလတ်စတစ်ပုလင်းခွံကောက်ပြီး ပြန်ရောင်းပါတယ်။
“ကျွန်တော့်မိန်းမက ကျန်းမာရေးကလည်း ကောင်းတဲ့သူမဟုတ်တော့ အပြင်ထွက်အလုပ်လည်း မလုပ်နိုင်ဘူးလေ။ မနက်မိုး လင်းတာနဲ့ မိသားစု စားဝတ်နေရေး ဘယ်လိုပြေလည်မလဲလို့တွေးပြီး ဘယ်နေရာ သွားကောက်ရမလဲပဲ စဉ်းစားတယ်။ တစ်နေ့ကို ၁,၅ဝဝ၊ ၂,ဝဝဝ လောက်တော့ ရပါတယ်” လို့ ဦးဝင်းဌေး ဆိုပါတယ်။
သုဓမ္မဝတီမြို့သစ်ရောက် စစ်မှုထမ်းဟောင်းအများစုက သူတို့ရဲ့ သားသမီးတွေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတယ်၊ မိသားစုကို အနည်းနဲ့အများ ပြန်လည် ထောက်ပံ့ကြတယ်လို့ ဆိုကြပါတယ်။
Myanmar Now က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိတစ်ဦးကတော့ မသန်စွမ်း စစ်ပြန်များအတွက် ထောက်ပံ့ရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားကို အရပ်ဘက် ဌာနဆိုင်ရာများကို ပြောင်းရွှေ့ တာဝန်ပေးတာတွေ ရှိတယ်လို့ မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသူတို့ ခြေတု၊ လက်တု တပ်ဆင်နိုင်ရေးအတွက် ကူညီခြင်း၊ နှစ်သိမ့်အားပေးခြင်းလုပ်ငန်းများ လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းမြန်မာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောပါတယ်။ ဦးသန့်ဇင် ကိုယ်တိုင်လည်း ဒုတပ်ရင်းမှူးတစ်ဦးဘဝမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုင်းထိတဲ့အတွက် ညာဘက်ခြေထောက် စွန့်လွှတ်လိုက်ရသူပါ။
ပညာအရည်အချင်းမြင့်တဲ့အရာရှိတွေဟာ ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူး စတဲ့ နေရာတွေ ရသွားကြတယ်၊ ပညာအရည်အချင်း နည်းပါးသူတွေကတော့ ဘဝရပ်တည်ရေးအတွက် အခက်အခဲ ကြီးကြီးမားမား ရှိနေတယ်လို့ ဦးသန့်ဇင်က ဆိုပါတယ်။
“တပ်ရဲ့ စိုက်ပျိုးရေးစီမံကိန်းတွေ ရှိတယ်။ အဲ့ဒီမှာ ဒီလူတွေကို ရွာလေးထောင်ပေးပြီးတော့ အဲ့ဒီမှာ လုပ်ခိုင်း၊ နေခိုင်းတာပေါ့၊ လစာလည်း နည်းတယ်။ အပြင်မှာရှာဖို့ မြို့တက်လာကြတော့ တချို့က ကောင်းကောင်းမွန်မွန် ဖြစ်သွားသလို တချို့ကတော့ တောင်းစားတဲ့ဘဝကို ရောက်သွားတာမျိုးလည်း ရှိတာပေါ့”လို့ ဦးသန့်ဇင်က ရှင်းပြပါတယ်။
မိုင်းဒဏ်ရာရသူ အရေအတွက်ကတော့ တပ်မတော်အတွက် အထူးလျှို့ဝှက်ချက်ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
“မိုင်းထိပြီး ခြေထောက်ဖြတ် ဖို့ ဆေးရုံတက်နေချိန်မှာကို ကျွန်တော်နဲ့အတူ တက်နေတဲ့သူတွေက ၃ဝဝ လောက် ရှိတယ်။ ခြေတုလုပ်တဲ့ စက်ရုံကိုမေးတော့ သိန်းဂဏန်းလောက်ကို ရှိနေတယ်လို့ သိရတယ်၊ အဲ့ဒါက အရပ်သားတွေရော၊ တပ်မတော်သားတွေရောကို ပြောတာ။ စာရင်း တိတိကျကျ သွားကြည့်လို့တော့ မရဘူး။ တပ်မတော်ဘက်မှာလဲ ဒီလိုထိခိုက်တဲ့ တပ်မတော်သားအရေအတွက်က ဘယ်သူ့ကိုမှ မပေးဘူး” လို့ ဦးသန့်ဇင်က ပြောပါတယ်။
အရာရှိများ အထောက်အပံ့ပိုရ
တိုက်ပွဲတွေအတွင်းမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတာချင်းအတူတူ အရာရှိအဆင့် နဲ့ အောက်ခြေအဆင့် ရရှိတဲ့ အခွင့်အရေးက ကွာခြားလွန်းတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောပါတယ်။
အရာရှိအဆင့် အငြိမ်းစားယူခဲ့သူ အများစုကို တပ်မတော်ရဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ လုပ်ငန်းတွေမှာ ပြန်လည်ခန့်ထားပေမယ့် အောက်ခြေအဆင့် စစ်သည်ဟောင်းတွေကိုတော့ ခန့်ထားတာမျိုး မတွေ့ဘူးလို့ ဦးပိုင်လီမိတက်မှာ အစုရှယ်ယာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးကျော်ဇေယျက ပြောပါတယ်။

စစ်မှုထမ်းဟောင်း အိမ်ရာတချို့မှာ ရေ၊ မီးက အစ ပြည့်စုံမှုမရှိသလို စာသင်ကျောင်း၊ အလုပ်အကိုင် ရှိတဲ့ နေရာတွေနဲ့ ဝေးလံတဲ့နေရာတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“စစ်မှုထမ်းဟောင်း အိမ်ရာတွေကို လက်တွေ့ပြန်ဆင်းကြည့်စေချင်တယ်၊ ဘာတွေလိုအပ်နေလဲဆိုတာ။ ဒါကို လက်ရှိအစိုးရနဲ့ တပ်မတော်အနေနဲ့ လုပ်ပေးစေချင်တယ်။ ဒီပင်စင်လခလေးကိုပဲ မှီခိုရတော့ အကျင့် စာရိတ္တတွေလည်း ပျက်ပြားတာမျိုး ဖြစ်လာကြရော” လို့ သူက ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်တွေဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဝင်ရောက်ကိုင်တွယ်ဖို့ မဖြစ်နိုင်သေးဘူးလို့ သူက သုံးသပ်ပါတယ်။
ကြုံရာကျပန်း လုပ်စားနိုင်တဲ့ အခြေအနေ မရှိတဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရသူ အောက်ခြေအဆင့် စစ်သည်ဟောင်းတွေရဲ့ ဘဝ အာမခံချက်အတွက် တပ်မတော်ကရော အစိုးရကပါ စီစဉ်ပေးသင့်ပြီလို့ သူက ဆိုပါတယ်။
“တကယ်ဆို စစ်မှုထမ်းဟောင်းတွေကို အဆင့်မြင့်မြင့်နဲ့ အိမ်ရာတွေ ထားနိုင်ရမယ်၊ ပေးမယ်ဆို ဒါကို ကာကွယ်ရေးဘတ်ဂျက်ကနေ ပေးသင့်တာပေါ့” လို့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောလိုက်ပါတယ်။ ။