သတင်း

တပ်ကုန်းမြို့ စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ လုပ်ကြံသတ်ဖြတ်ခံရ

ဇန်နဝါရီ ၁၆ ရက်နေ့က မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ တပ်ကုန်းမြို့နယ်ဥက္ကဋ္ဌဖြစ်သူ အငြိမ်းစား ဗိုလ်ကြီးသိန်းမြင့် နေအိမ်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံများက Myanmar Now ကို အတည်ပြုသည်။

နေပြည်တော်၊ တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ “သိန်းနီစံ” မုန့်ဖိုပိုင်ရှင်လည်းဖြစ်သူ အသက် ၆၀ ခန့်အရွယ် ဦးသိန်းမြင့်ကို “9mm အတိုနှစ်လက်ဖြင့် ပစ်ကာ သုတ်သင်ရှင်းလင်းခဲ့သည်” ဟု Fight For Justice-Tatkon အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

“သူ ပစ်သတ်ခံရမဲ့ မတိုင်ခင်လေးမှာ တစ်ယောက်က လာမေးတယ်တဲ့၊ သူက စာကလေးခွေလုပ်ငန်းလုပ်တာကိုး၊ မုန့်ယူချင်လို့ဆိုပြီး ဈေးနှုန်းဘာညာမေးတာ၊ အဲဒီဗိုလ်ကြီးရဲ့ အမျိုးသမီးနဲ့ အရင် စကားပြောတာ။ အဲဒါနဲ့ ဗိုလ်ကြီးနဲ့ စကားပြောချင်တယ်ဆိုတော့ သူ့အမျိုးသမီးက သွားခေါ်တာ။ အဲဒါနဲ့ တံခါးဖွင့်လိုက်တော့ စောစောက မုန့်ကိစ္စလာမေးတဲ့သူက ပျောက်သွားပြီးတော့ ပစ်မဲ့သူက ဝင်ပစ်သွားတာ” ဟု Fight For Justice-Tatkon အဖွဲ့နှင့် နီးစပ်သူက Myanmar Now ကို ပြောသည်။

ဦးခေါင်းနှင့် ဝမ်းဗိုက် လေးချက်ပစ်ခံရပြီး တပ်ကုန်းမြို့နယ်ဆေးရုံအရောက်တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု မြို့ခံနှစ်ဦးထံမှ သိရသည်။

နေအိမ်သို့ စစ်အရာရှိကြီးတစ်ဦးက ဇန်နဝါရီ ၁၆ ညနေတွင် လုံခြုံရေးလမ်းကြောင်းဖြင့် ရောက်ရှိလာပြီး နာရေးသတင်းမေးနေချိန်တွင်လည်း နေအိမ်အနီး ဗုံးပေါက်ကွဲခဲ့သေးသည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“လုံခြုံရေးကားက ရှေ့တစ်စီး၊ နောက်တစ်စီးပါတယ်။ တိုင်းမှူးအဆင့်လား၊ ဘာလားတော့ မသိဘူး။ သူ ရောက်နေတဲ့အချိန် နာရေးအိမ်နားမှာ ဗုံးထပေါက်တာ။ လူတွေတော့ ဘာမှမဖြစ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဗိုလ်မင်းရောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

ပစ်သတ်ခံရသည့်နေ့နှင့် နောက်တစ်နေ့တို့တွင် စစ်ကောင်စီက တပ်ကုန်းမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အရပ်သား ၁၈ ဦးခန့်ကို ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် မြို့ခံစီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတလုပ်ကိုင်သူများလည်း ပါဝင်သည်ဟု မြို့ခံများထံမှ သိရသည်။  

ဗိုလ်ကြီး(ငြိမ်း)သိန်းမြင့်သည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွင် တာဝန်ကြီးကြီးယူထားကာ ပျူစောထီးအဖွဲ့ဝင်များကိုလည်း လျှို့ဝှက်ထောက်ပံ့နေသူတစ်ဦးဖြစ်ကြောင်း၊ စစ်ကောင်စီလက်ပါးစေများကို ဆက်လက်သုတ်သင် ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း Fight For Justice-Tatkon ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နောက်တစ်ချက်က သပိတ်တွေထွက်တုန်းကလည်း သူတို့စစ်မှုထမ်းဟောင်းအနေနဲ့ စာတွေပို့ပြီး ဖိအားပေးတယ်။ သပိတ်တွေလုပ်လို့ ကျန်တဲ့သူတွေက အေးအေးချမ်းချမ်း မနေရဘူးတို့ ဘာတို့ တစ်လျှောက်လုံး ဖိအားပေးတာ” ဟု Fight For Justice-Tatkon အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

“သူ(သိန်းမြင့်)နဲ့ တွဲလုပ်နေတာက ဗိုလ်ကြီးပြုတ် ဇော်ဝင်း၊ သူ့ကိုလည်း ကြိမ်းထားတယ်။ ပျူစောထီးအတွက် အဓိကလုပ်ပေးနေသူတွေထဲက တစ်ယောက်ပေါ့” 

အောင်ဇေယျရပ်ကွက်ရှိ တပ်ကုန်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို ယခင်က ပုံမှန်ဖွင့်သော်လည်း ဦးသိန်းမြင့် သတ်ဖြတ်ခံရပြီးနောက် ရုံးခန်းတံခါးကို သော့ပိတ်ထားသည်ဟု မြို့ခံနောက်တစ်ဦးက ပြောသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး တပ်ကုန်းမြို့မရဲစခန်း ၀၆၇၈၀၇၀၆၂၅ ထံ Myanmar Now က သုံးကြိမ်တိုင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

ခုခံတိုက်ခိုက်မှုများကြောင့် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း စစ်မှုထမ်းဟောင်းအချို့ကို မက်လုံးပေးပြီး ပြန်လည်ခေါ်ယူနေကြောင်း ကသာမြို့နယ်၊ စစ်မှုထမ်းဟောင်းတစ်ဦးက Myanmar Now ကို ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ပြောဖူးသည်။

တပ်မတော်၏ အရန်အင်အားဖြစ်သည့် စစ်မှုထမ်းဟောင်းအဖွဲ့သည် လက်ရှိအချိန်တွင် လုံခြုံရေးပါဝင်ဆောင်ရွက်နေကြောင်းနှင့် ထိခိုက်သေဆုံးရသည့် စစ်မှုထမ်းဟောင်းများအတွက် ဝမ်းနည်းကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၆ က နေပြည်တော်၌ ပြုလုပ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ(၂၀၂၁) မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button