ပင်စင်စားနှင့် နုတ်ထွက် စစ်သားဟောင်းများကို လစာ၊ ရိက္ခာ အပြည့်ပေးမည်၊ နောက်တန်းစခန်းများတွင် တာဝန်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးပြီး တပ်ထဲပြန်လာရန် စည်းရုံးနေကြောင်း စစ်မှုထမ်းဟောင်းများထံမှ သိရသည်။
စစ်သားဟောင်းများကို တပ်ထဲပြန်ခေါ်မည့် အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်းကြောင်း ဖေဖော်ဝါရီ ၁၃ တွင် ကြေညာပြီးနောက် ထိုသို့ စည်းရုံးနေခြင်းဖြစ်သည်။
တပ်ထဲမှ ထွက်ထားသူများနှင့် ပင်စင်စားစစ်သားများကိုလည်း စစ်ခေါင်းဆောင်က ထိုဥပဒေအရ အရန်တပ်ဖွဲ့ဝင်အဖြစ် အချိန်မရွေး ဆင့်ဆိုခေါ်ဆိုနိုင်သည်။
ဆင့်ခေါ်ခံရသူက လိုက်နာရန် ငြင်းဆိုပါက ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထိုဥပဒေ ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း စစ်မှုထမ်းဟောင်းအဖွဲ့က စစ်သားဟောင်းများကို ဆက်သွယ်ပြီး စစ်ထဲပြန်ခေါ်ရန် ဖြစ်နိုင်သူများစာရင်းကို ကောက်ခံနေသည်ဟု ရန်ကုန်တိုင်းအတွင်းမှ အသက် ၆၇ နှစ်အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးက ဆိုသည်။
တပ်တွင်းနှင့် မြို့တွင်းလုံခြုံရေး ယူရမည်၊ စစ်ပညာသင်ကြားပေးမည့် နည်းပြများအဖြစ် အသုံးပြုမည်ဟု စစ်မှုထမ်းဟောင်းအဖွဲ့မှ ဗိုလ်မှူးအဆင့်အရာရှိက ပြောကြောင်း ၎င်းက ဆိုသည်။
“အသက်အရွယ်နဲ့တော့ (ရှေ့တန်း) တာဝန်ပေးမှာ မဟုတ်ဘူး၊ အဓိကက ကျန်းမာရေး လုပ်နိုင်တဲ့အပေါ် ကြည့်ပြီး ရွေးမယ်ထင်တယ်။ (အသက်) ၆၀ ကျော်လည်း သန်မာတဲ့သူတွေရှိသေးတယ်၊ ၅၀ ကျော်တောင် ကျန်းမာရေးမကောင်း၊ ရွဲနေတဲ့သူတွေ ရှိတယ်လေ” ဟု ၎င်းက ပြောသည်။
၂၀၂၁ တွင် အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။ ခုခံသူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ရာ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ် သိသိသာသာ အထိနာလာပြီး တပ်သားအင်အား လျော့နည်းနေကြောင်း ပိုမို ထင်ရှားလာသည်။
ကနဦးတွင် အရပ်သားများကို ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များထဲ ထည့်သွင်းရန် စီစဉ်ခဲ့ပြီး ယခုအခါ အသက်ပြည့်ပြီးသူများ စစ်မှုထမ်းရမည့် ဥပဒေ၊ စစ်သားဟောင်းများကို တပ်ထဲပြန်ခေါ်မည့် အရန်တပ်ဖွဲ့ဥပဒေတို့ကို ထုတ်ပြန်ထားသည်။
စစ်ထဲပြန်ဝင်ရန် စာရင်းပေးထားသူများထဲတွင် ငွေလိုသူများ ပါဝင်သည်ကို တွေ့ရသည်ဟု ဆက်သွယ်ရေးတပ်မှ အရာခံဗိုလ်ဟောင်းတစ်ဦးက ပြောသည်။
“လမ်းဂိတ်တွေမှာ စောင့်ရတော့ ငွေရတာရှိတယ်၊ တရားဝင်မဟုတ်ဘဲ တရားမဝင်လုပ်တဲ့နည်းကနေ ရတဲ့ငွေနဲ့ အဆင်ပြေနေတာကို အားကျလို့ ဝင်တဲ့သူတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထိုအစီအစဉ်ကို စားဝတ်နေရေးကျပ်တည်းနေသည့် အောက်ခြေအဆင့် စစ်သားဟောင်းများက စိတ်ဝင်စားဖွယ်ရှိသည်ဟုလည်း အဆိုပါ အရာခံဗိုလ်ဟောင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ၏ ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အငြိမ်းစားစစ်မှုထမ်းဟောင်း ၂ သိန်းခွဲခန့်ရှိပြီး ထိုအရေအတွက်သည် တစ်နိုင်ငံလုံးမှ ပင်စင်စားအားလုံး၏ ၂၈ ရာခိုင်နှုန်းဖြစ်သည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေက ပင်စင်လစာ ကျပ်သိန်း ၃၀ ရနေသော်လည်း ပင်စင်စားတပ်သား အမြင့်ဆုံးပင်စင်ငွေမှာ ကျပ် ၁၆၀,၀၀၀ ဖြစ်သည်။
ပင်စင်စားစစ်သား ၂ သိန်းခွဲအနက် တပ်သားမှ အရာခံဗိုလ်အဆင့် အရေအတွက်သည် ၂၁၀,၀၀၀ ကျော် ရှိပြီး စုစုပေါင်းပင်စင်သားစစ်သားများ၏ ၈၅ ရာခိုင်နှုန်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့နှင့် ရင်ဆိုင်နေကြရသည့် ဝင်ငွေနည်း အောက်ခြေစစ်သားဟောင်းများသည် စစ်ကောင်စီတပ်ထဲ ပြန်ဝင်ရန် စိတ်ဝင်စားနိုင်ကြောင်းလည်း အဆိုပါ အရာခံဗိုလ်ဟောင်းက ပြောသည်။
“စစ်မှုထမ်းတဲ့သူတွေက တပ်ထဲကို ပြန်ဝင်ပြီး မင်းအောင်လှိုင်ကို ကြိုက်တဲ့သူလည်းရှိတယ်၊ မကြိုက်ပေမဲ့ စားဖို့ခက်ခဲလို့ ဝင်တဲ့သူ အမျိုးမျိုးပါပဲ” ဟု ၎င်းက ဆိုသည်။