နိုင်ငံအနှံ့အပြား ခုခံ တော်လှန်မှုများကြောင့် အင်အားချည့်နဲ့လာသည့် စစ်တပ်သည် အငြိမ်းစား စစ်မှုထမ်းဟောင်းများကို တပ်ထဲ ပြန်လာကြရန် ဆင့်ခေါ်နေပြီဟု အငြိမ်းစား စစ်တပ်အရာရှိများက ပြောသည်။
စစ်တပ်တွင် ပြန်လည် တာဝန်ထမ်းဆောင်ရန် ပြဋ္ဌာန်းထားသည့် အရန်တပ်ဖွဲ့ဥပဒေအရ ဇွန်လဆန်းပိုင်းတွင် အငြိမ်းစား စစ်တပ်အရာရှိများကို နေပြည်တော်သို့ ဆင့်ခေါ်နေသည်၊ စစ်ဘက်တာဝန်များပေးမည်ဟု နေပြည်တော်မှ တပ်တွင်းသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
“ထောက်ပို့တပ်မှာ လုပ်ခဲ့တဲ့အရာရှိက ထောက်ပို့ကို တာဝန်ယူ၊ စစ်သင်တန်းဆရာလုပ်တဲ့သူက စစ်သင်တန်းပေး၊ အဲဒီလို ကျွမ်းကျင်တဲ့ စစ်ဘက်တာဝန်တွေ ပြန်ထမ်းဆောင်ခိုင်းမှာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။
အရန်တပ်ဖွဲ့ဆင့်ခေါ်ရေးဗဟိုအဖွဲ့တွင် ညှိုနှိုင်းကွပ်ကဲရေး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း) နှင့် စစ်ရေးချုပ်ရုံးမှ စစ်ရေးချုပ်တို့က ဒုတိယဥက္ကဋ္ဌများ ဖြစ်သည်။
အရာရှိ ၁၀၀ ကျော်ကို နေပြည်တော်ရှိ ရွာတော် တည်းခိုရိပ်သာသို့ ခေါ်ယူပြီး ဆေးစစ်ခြင်း၊ စစ်ဘက်တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွဲဝေခြင်းတို့ကို ဇွန် ၃ ရက်နေ့မှ စတင်လုပ်နေသည်ဟု ထိုနေရာအနီး နေထိုင်သည့် တပ်မိသားစုဝင်တစ်ဦးက ပြောသည်။
ရွာတော် တည်းခိုရိပ်သာသို့ စစ်ကားအစီးရေ ၅၀ ထက်မနည်းဖြင့် စစ်မှုထမ်းဟောင်းများကို ခေါ်လာသည်၊ အချို့အရာရှိများက ကိုယ်ပိုင်ကားများဖြင့် လာရောက်ကြသည်ကိုလည်း မြင်တွေ့ရသည်ဟု ၎င်းက ပြောသည်။ ဆင့်ခေါ်ခံရသည့် အရာရှိများထဲတွင် ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
အာဏာသိမ်းပြီး နိုင်ငံအနှံ့ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နာမည်ပျက်နေသော စစ်တပ်တွင် ပြန်လည်ဝင်ရောက်လုပ်ကိုင်ရန် တက်ကြွနေသူတချို့လည်း ရှိသည်ဟု ဆိုသည်။
“ငွေရှာလို့ရတဲ့နေရာကို ပြန်ရောက်ပြီး အရင်ရာထူးနဲ့ လုပ်ပိုင်ခွင့်ပြန်ရမယ့် သူတွေကတော့ စစ်မှုပြန်ထမ်းဖို့ တက်ကြွနေကြတာ” ဟု ယင်းတပ်မိသားစုဝင်က ပြောသည်။
တပ်သားမှ အရာခံဗိုလ်အဆင့် စစ်မှုထမ်းဟောင်းများက ဒေသဆိုင်ရာတပ်ရင်းတပ်ဖွဲ့များထံ သတင်းပို့ရသည်၊ တပ်ရင်းမှူးများက တာဝန်ပြန်လည်ခွဲပေးသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ပဲခူးတိုင်းမှ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။
“စစ်မှုပြန်ထမ်းဖို့ အကြောင်းကြားစာရောက်လာပြီး တစ်လပဲကြာတယ်၊ ကလေးဘက်ကို တစ်ခါတည်းပို့ပစ်တာ” ဟု မေလတွင် ပြန်လည် တာဝန်ထမ်းဆောင်ရသည့် ထိုစစ်မှုထမ်းဟောင်းက ပြောသည်။
သူနှင့် သိကျွမ်းသည့် စစ်မှုထမ်းဟောင်း ၃၀ ထက်မနည်းလည်း မေလဆန်းမှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် မြို့များအတွက် လုံခြုံရေးတာဝန်ယူရသည် ဆိုသည်။
ပင်စင်ယူပြီးနောက် နေရာအတည်တကျမရှိ ပြောင်းရွှေ့နေထိုင်ရသူများကို ဆက်သွယ်အကြောင်းကြားရာတွင် ခက်ခဲနေသည်၊ တပ်ထဲ ပြန်မရောက်လိုသည့် အငြိမ်းစားများကလည်း အကြောင်းပြချက်မျိုးစုံဖြင့် တိမ်းရှောင်နေကြသည်ဟု ထိုသူက ဆိုသည်။
စစ်မှုပြန်ထမ်းရန် အကျုံးဝင်သူများကို ဆက်သွယ်ရန် ခက်ခဲနေသူများနှင့် ငြင်းဆိုနေသူများကို ပင်စင်လစာ ဖြတ်တောက်ရန် အကျပ်ကိုင်ခြိမ်းခြောက်ခံရမှုများလည်း ကြုံတွေ့နေကြရသည်။
“အငြိမ်းစားတွေက ဒီပင်စင်ကို မှီခိုစားနေရတာ၊ ပင်စင်မပေးတော့ဘူးပြောတော့ အချို့လည်း သတင်းပို့ပြီး တာဝန်ပြန်ထမ်းကြတာရှိတယ်၊ သားသမီးလစာကောင်းတဲ့သူတွေကတော့ နေရာပြောင်းပြီး အပျောက်နေကြတဲ့သူတွေလည်း ရှိတယ်” ဟု အထက်ပါ စစ်မှုထမ်းဟောင်းက ပြောသည်။
စစ်မှုပြန်ထမ်းရန် တက်ကြွနေသူ အများစုသည် စစ်ဘက်ဆိုင်ရာ တာဝန်များပြန်ထမ်းဆောင်၍ ငွေကြေးရှာလိုသူများ၊ အာဏာပါဝါ ပြသလိုသူများဖြစ်ကြကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။
“ရှေ့တန်းထွက်ပြီး ပြန်လာတဲ့သူတွေက ရွှေ၊ ဖုန်းတွေ ပါလာကြတယ်၊ ဒါ မတရားယူတာလား မတွေးဘူး၊ အဆင်ပြေတာပဲ မြင်တယ်၊ အသက်သေမှာလည်း မတွေးကြဘူး။ ခုခေတ်က ညဘက် မသင်္ကာလို့ စစ်ဆေးရင်တောင် ပိုက်ဆံရှာလို့ရတဲ့ခေတ် (စစ်ဆေးခံရသူဆီက ငွေယူလို့ရတဲ့ခေတ်) ဆိုတော့ လက်နက်ကိုင် အနိုင်ကျင့်ချင်တာလည်းပါတော့ ပြန်လုပ်ကြတာပေါ့” ဟု အထက်ပါ တပ်ကြပ်က ပြောသည်။
၂၀၂၄ နှစ်ဆန်းပိုင်းစတင်၍ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သူများထဲမှ တချို့ကို ဌာနဆိုင်ရာများသို့ ပြောင်းရွှေ့နေရာပေးနေသည်ဟုလည်း ဝန်ကြီးဌာနများနှင့် နီးစပ်သည့် နေပြည်တော်နေ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
စီမံကိန်းနှင့် ဘဏ္ဍရေး ဝန်ကြီးဌာနလက်အောက်ရှိ အခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်၊ စစ်ကောင်စီ အစိုးရရုံးအဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနများသို့ ၃၀ ထက်မနည်း ပြောင်းရွှေ့ခဲ့ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
“တိုက်ပွဲမှာ ဒဏ်ရာရပြီဆိုရင် အရပ်ဘက်ဝန်ကြီးဌာနကို ပြောင်းဖို့ ဝန်ကြီးဌာန ၁၄ ခုကို အဆိုပြုရွေးခိုင်းတယ်၊ ပြီးရင် ရွေးချယ်တဲ့နေရာကို အရပ်ဘက်ရာထူးနဲ့ ချပေးတာပဲ၊ အများစုကလည်း ပိုက်ဆံရှာလို့ရတဲ့ ဌာနကိုပဲ ပြောင်းကြတာ” ဟု စစ်ကောင်စီအစိုးရအဖွဲ့ရုံးမှ အရာရှိတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် ဝန်ကြီးဌာနများသို့ စစ်ဘက်ဆိုင်ရာ အငြိမ်းစားများကို မိုးကျရွှေကိုယ်အဖြစ် ပို့ဆောင်ပြီး ဌာနအလိုက် ရာထူးနေရာပေးထားသည်ဟု ဝန်ကြီးဌာနများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။
အရန်တပ်ဖွဲ့ဥပဒေအပေါ် စိတ်ပျက်နေသည့် စစ်သားများ
အသက် ၆၂ နှစ်ပြည့်မှ ပင်စင်ရယူပြီး ငါးနှစ်အတွင်း အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းရမည်ဟူသော သတ်မှတ်ချက်သည် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်မှုထမ်းများကိုလည်း ရိုက်ခတ်မှုများစွာရှိနေသည်။
“၆၂ နှစ် ပင်စင်ယူပြီးတော့ အရန်တပ်ဖွဲ့အဖြစ် စစ်မှုပြန်ထမ်းဆိုတော့ မသေမချင်း တပ်ထဲမှာနေပြီး တာဝန်ထမ်းဆောင်ဆိုတဲ့ သဘောပဲ၊ မကျေနပ်လည်း မရုန်းထွက်နိုင်တော့ နေနေရတာပဲ” ဟု စစ်မှုသက်တမ်း နှစ် ၃၀ ကျော်ရှိသည့် တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက ပြောသည်။
တာဝန်ထမ်းဆောင်ဆဲ စစ်သားများနှင့် မိမိတို့၏ သားသမီးများသည် စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ နှစ်ခုစလုံးအပေါ် အကျုံးဝင်နေသည်။ သားသမီးများကို တပ်ထဲတွင် အတူမထားတော့ဘဲ ပြည်ပထွက်အလုပ်လုပ်ခိုင်းကြသည်၊ တချို့ကလည်း ဆွေမျိုးများထံသို့ ပို့ဆောင်ထားသည်ဟု အထက်ပါ တပ်ကြပ်ကြီးက ပြောသည်။
“ဦးသားနှစ်ယောက်ဆိုရင် စစ်မှုထမ်းဥပဒေထွက်တဲ့အချိန် တစ်ခါတည်း ထိုင်းကို ပို့လိုက်တာ၊ သားတွေဘယ်မှာလဲ အသိတွေမေးလည်း အပြင်မှာ အလုပ်လုပ်နေတာပဲလို့ ပြောထားတာ” ဟု သူက ပြောသည်။
နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ကြပ်ကြီးက ရှေ့တန်းမထွက်ရဘဲ မြို့တွင်းလုံခြုံရေးသာ ယူနေရသည့်အတွက် စစ်တပ်ထဲမှ ထွက်ပြေးသည့် နည်းလမ်းကို မစဉ်းစားသေးခြင်း ဖြစ်ကြောင်းသူက ဆိုသည်။
“အခြေနေဆိုးလာရင်တော့ သားတွေရှိတဲ့ နေရာကို လိုက်သွားဖို့ စဉ်းစားထားတယ်” ဟု သူက ပြောသည်။
အာဏာမသိမ်းခင်ကတည်းက စစ်တပ်ထဲတွင် မိသားစုနှင့်အတူ မနေရဘဲ နယ်စပ်ဘက်တွင် နှစ်ချီ၍ တာဝန်ထမ်းဆောင်ရသည်ကို မကြိုက်၍ ထွက်ပြေးပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ဒုတပ်ကြပ်တစ်ဦးကလည်း အရန်တပ်ဖွဲ့ဥပဒေကြောင့် စိုးရိမ်နေသည်။
“ခုက အပြင်အလုပ်လုပ်ပေမဲ့ ကိုယ်တွေကို ပြန်ခေါ်မှာလား၊ အဘိုးကြီးတွေတောင် ပြန်ခေါ်နေတာဆိုတော့ ကျွန်တော်တို့တွေကို အတင်းအကျပ်ပြန်ခေါ်မှာတော့ စိုးတယ်၊ ခေါ်ရင်လည်း ထောင်ကျခံမယ်ပဲ တွေးထားတယ်” ဟု အသက် ၄၀ ကျော်အရွယ် အဆိုပါ စစ်မှုထမ်းဟောင်းက ပြောသည်။
အသက် ၁၈ နှစ်ပြည့်ထားသည့် သားဖြစ်သူ စစ်မှုထမ်း ကင်းလွတ်ခွင့်ရရန် ပြင်ဆင်ထားကြောင်း သူက ဆက်ပြောသည်။
“စစ်မှုထမ်းဥပဒေထွက်လာတော့ နိုင်ငံခြားထွက်ဖို့ လုပ်တာ အဆင်မပြေတော့ ခု ကျောင်းပြန်တက်ဖို့ လုပ်နေတာ” ဟု ထိုဒုတပ်ကြပ်ဟောင်းက ဆိုသည်။
တပ်ထဲမှ ထွက်ထားသူများနှင့် ပင်စင်စားစစ်သားများကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က အရန်တပ်ဖွဲ့ဝင်အဖြစ် အချိန်မရွေး ဆင့်ဆိုခေါ်ဆိုနိုင်သည်။ လိုက်နာရန် ငြင်းဆိုပါက ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု အရန်တပ်ဖွဲ့ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ စစ်မှုထမ်းဟောင်းများကို တပ်ထဲပြန်ခေါ်မည့် အရပ်တပ်ဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၁၃ တွင် ကြေညာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ချက်များအရ အငြိမ်းစားစစ်မှုထမ်းဟောင်း ၂၅၀,၀၀၀ ခန့်ရှိပြီး ထိုအရေအတွက်သည် တစ်နိုင်ငံလုံးမှ ပင်စင်စားအားလုံး၏ ၂၈ ရာခိုင်နှုန်း ဖြစ်သည်။