သတင်း

မြစ်ကြီးနားမြို့ အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်တွင် သစ်မှောင်ခိုအဖွဲ့များသောင်းကျန်းနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ၂၈ မိုင်ခန့်အကွာ အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်တွင် သစ်မှောင်ခိုအဖွဲ့များ စက်ယန္တရားကြီးများအသုံးပြု၍ အကြီးအကျယ်သစ်ခိုးထုတ်နေသည်ကို တွေ့ရသည်ဟု  ဒေသခံများက ပြောသည်။

စစ်အာဏာမသိမ်းမီက ထိုဒေသတွင် စီးပွားဖြစ်သစ်ထုတ်သူ အနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါ အဖွဲ့တစ်ဒါဇင်ကျော်က နေ့ဘက်တွင် ခုတ်ယူ၍ ညဘက်တွင် သယ်ယူကြသည်ဟု ဒေသခံများက ဆိုသည်။

မေခနှင့် မလိခမြစ်ပေါင်းဆုံရာ မြစ်ဆုံအနီး တန်ဖဲရွာအနောက်ဘက်ရှိ ထိုဥယျာဉ်ကို ၂၀၁၇ တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း သစ်မှောင်ခိုသမားတို့က လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ ဥယျာဉ်အတွင်း တောင်ကုန်းကို အပြောင်ရှင်းနေကြကြောင်း အမည်မဖော်လိုသည့် မြစ်ဆုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်ထဲမှ သစ်မှောင်ခိုလုပ်ငန်းခွင် (ဓာတ်ပုံ – ပေးပို့)

“ကျွန်တော်တို့မြင်ရသလောက် တောင်ပဲ မြင်ရတယ်။ သစ်ကတော့ မရှိသလောက်ကို ဖြစ်သွားပြီ။ အရမ်းကို ဆိုးနေပြီ။ (အနီးနားရှိ) ရွာထဲမှာတောင်မှ သစ်ခွဲစက်အလုံး ၂၀ လောက်ရှိတယ်။ ဘယ်သူမှ မပြောချင်ကြဘူး။ ပြောလိုက်ရင်လည်း အဲ့ဒီပြောတဲ့သူကို အန္တရာယ်ပြုတာ” ဟု ၎င်းက ပြောသည်။

စီးပွားဖြစ်သစ်ခုတ်သူတို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ၏ အကြီးအကဲများထံမှ သစ်တစ်တန် ၄ သောင်းကျပ်နှုန်းဖြင့် ထုတ်လုပ်ခွင့်ရယူကြသည်ဟု အမည်မဖော်လိုသည့် ဒေသခံကဆိုသည်။

သယ်ယူရန်အတွက် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များကို သစ်ကားတစ်စီးလျှင် ကျပ် ၅ သိန်းပေး၍ သယ်ယူရကြောင်း ၎င်းက ဆိုသည်။

အင်ခိုင်ဘွမ်တောင်ပေါ်ထိ စက်ယန္တရားကြီးများအသုံးပြု၍ လမ်းရှင်းကာ အရွယ်အစားကြီးမားသည့် သစ်ပင်များကို အဓိကခုတ်ယူပြီး မြစ်ဆုံနှင့် မြစ်ကြီးနားလမ်းပေါ်မှတစ်ဆင့် ညအချိန် သယ်ယူကြောင်း၊ နေ့စဉ် သစ်ကား ၂၀ မှ ၅၀ ကြား ဖြတ်သန်းသွားလာမှုရှိနေကြောင်း ၎င်းက ပြောသည်။

အမည်မဖော်လိုသည့် အခြားတစ်ဦးကလည်း ထိုဒေသတွင် ယခင်ကတည်းက သစ်လုပ်ငန်းလုပ်ကိုင်သည့် ကချင်၊ ရှမ်းနှင့် ဗမာတိုင်းရင်းသားများဦးဆောင်သော သစ်လုပ်ငန်းလုပ်ကိုင်သည့်အဖွဲ့ ၁၀ ဖွဲ့က အကြီးအကျယ်သစ်ခုတ်နေကြကြောင်း၊ မြစ်ဆုံအနီးရှိ အောင်မြေသာကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမိတုန်နော်ဂျာသည် သစ်ခိုးထုတ်သူများနှင့် ပတ်သက်ကြောင်းလည်း စွပ်စွဲခဲ့သည်။

“အရင်တုန်းက ဆင်တွေနဲ့ ဆွဲပြီးတော့ သစ်ခုတ်တဲ့သူတွေပေါ့။ အခုက ဆင်တွေနဲ့တောင် မဆွဲတော့ဘူး။ စက်နဲ့ ဆွဲပြီး သစ်စက်ထောင်ထားတဲ့နေရာအထိ ရောက်အောင်ဆွဲပြီးတော့ ဖြတ်တာပေါ့နော်” ဟု ဒေသခံ ကချင်အမျိုးသားတစ်ဦးက ပြောသည်။

တောပြုန်းမှု များပြားလာသဖြင့် တောနေသတ္တဝါတို့ကို မတွေ့ရတော့ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲ့ဒီအတွက် အဲ့ဒီဘက်က တောရိုင်းတိရစ္ဆာန်တို့ ဘာတို့မရှိတော့ဘူး။ အရင်တုန်းက တော်ရိုင်းတိရစ္ဆာန်ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်ထဲမှ သစ်မှောင်ခိုလုပ်ငန်းခွင် (ဓာတ်ပုံ – ပေးပို့)

အောင်မြေသာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမိတုန်နေဂျာကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် သစ်ထုတ်လုပ်ရာတွင် ပါဝင်ခြင်းမရှိသလို အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်တွင် သစ်ထုတ်လုပ်နေသည်ဟုလည်း မကြားမိကြောင်း ပြောသည်။

Myanmar Now က ရရှိသည့် မှတ်တမ်းဓာတ်ပုံများတွင်မူ အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်ထဲမှ သစ်အလုံးလိုက်တင်ဆောင်သွားသည့် မော်တော်ယာဉ်များ၊ ခုတ်လှဲထားသည့် သစ်လုံးများနှင့် သစ်ခွဲစက်များကို တွေ့ရသည်။

မြစ်ဆုံအနီး တရားဝင်သစ်ခွဲစက်များသည် စစ်ကောင်စီကို အခွန်ပေးကာ ထူထောင်ခြင်းဖြစ်သည့်အပြင် မြို့ပေါ်တွင် ဆူညံခြင်းကြောင့် နယ်ဘက်တွင် လည်ပတ်ခြင်းဖြစ်ကြောင်း အောင်မြေသာအုပ်ချုပ်ရေးမှူး ဦးမိတုန်နေဂျာက ဆိုသည်။

“အင်ခိုင်ဘွမ်မှာ သစ်ထုတ်တာ ကျွန်တော် တွေ့လည်းမတွေ့ပါဘူး။ ဆက်စပ်မှုလည်းမရှိပါဘူး။ အဓိကက တန်ဖဲရွာဘက်မှာ သစ်စက်တစ်စက်လောက်ရှိတာ၊ အင်ခိုင်ဘွမ်က မဟုတ်ဘူး။ ပူတာအိုလမ်းကြောက ဆင်းလာတဲ့ သစ်တွေကို ဒေသမှာ သုံးရမယ့် ခွဲစိတ်မှုတစ်ခုပဲ ရှိတယ်လို့ တွေ့မိတယ်” ၎င်းက ပြောသည်။

သစ်ထုတ်လုပ်မှုတွင် KIA အရာရှိတချို့ ပါဝင်ပတ်သက်သည်ဆိုသည့် စွပ်စွဲချက်များအတွက် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။ ထို့အတူ စစ်ကောင်စီ၏ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇောကို ဆက်သွယ်သော်လည်း ဖုန်းဖြေဆိုခြင်းမရှိပါ။

အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်ထဲ (ဓာတ်ပုံ – ပေးပို့)

အင်ခိုင်ဘွမ်တောင်ကြောသည် ဧရာဝတီမြစ်ဆုံအတွက် အရေးပါပြီး ထိုတောင်ကြောကို မြစ်ဖျားခံသည့် ချောင်းငယ်များသည် မြစ်ဆုံ၏ ရေဝေရေလဲဒေသဖြစ်ကြောင်း၊ သစ်အလွန်အကျွံထုတ်ယူမှုများကြောင့် သဘာဝပတ်ဝန်းကျင် အကြီးအကျယ်ထိခိုက်နေကြောင်း ကချင်ဒေသခံ အမျိုးသားက ဆိုသည်။

ထို့ပြင် အင်ခိုင်ဘွမ်တောင်ခြေတွင် သစ်တောပြန်လည်ထူထောင်ရေးအဖြစ် မြေဧကပေါင်း ၁၂,၀၀၀ ကို ကချင်သူဌေးကြီးတစ်ဦးဖြစ်သူ ဦးယွပ်ဇော်ခေါင်၏ Jade Land ကုမ္ပဏီက လုပ်ပိုင်ခွင့်ရယူကာ ခုတ်ထွင် ရှင်းလင်းမှုများကြောင့် သောက်သုံးရေအတွက် အသုံးပြုသည့်ချောင်းများကို ထိခိုက်မှုဖြစ်ပေါ်စေကြောင်း ၎င်းက ပြောသည်။

ဦးယွပ်ဇော်ခေါင်သည် စစ်တပ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးကျောက်စိမ်းကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားသည်၊ ၁၉၉၄ တွင် ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ ငြိမ်းချမ်းရေးဆွေးနွေးစဉ်က ကြားခံအကျိုးဆောင်လုပ်ပေးခဲ့သည်ဟု Justice For Myanmar အဖွဲ့က ၂၀၂၀ နှစ်လယ်ပိုင်းတွင် ဖွင့်ချခဲ့ဖူးသည်။

သစ်ထုတ်လုပ်မှုများတွင် ဦးယွပ်ဇော်ခေါင် ပါဝင်ခြင်းရှိမရှိ မသေချာသော်လည်း အာဏာသိမ်းပြီးနောက် မြစ်ဆုံအနီး တရားမဝင်ရွှေတူးဖော်မှုများတွင် အဓိက ပါဝင်ပတ်သက်နေသည်ဟု ဒေသခံတို့က ဆိုသည်။ ထိုအတွက် ဒေသခံတချို့က KIA ထံသို့ စာရေးသား တိုင်ကြားခဲ့ကြသည်။

ဦးယွပ်ဇော်ခေါင်ကမူ သူ့အနေဖြင့် မည်သည့်အမှားအယွင်းမျှ မပြုလုပ်ခဲ့ကြောင်း၊ မနာလိုသူများက နာမည်ဖျက်လိုသဖြင့် တိုင်ကြားကြခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာန မြစ်ကြီးနားသတင်းဂျာနယ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့သည်။

မြစ်ဆုံအနီး ထုတ်ယူရရှိသည့် သစ်များကို လက်ရှိကာလတွင် ပြည်တွင်းဈေးကွက်အတွက်သာမက ပြည်ပတင်ပို့မှုလည်း ရှိနိုင်သည်ဟု ၎င်းတို့က ဆိုသည်။

ယခင်က ဒေသအသီးသီးမှ လာသော၊ ဆိုင်ကယ်များ၊ ကားများဖြင့် တင်ဆောင်ကြသော အရွယ်စုံသစ်လုံးများမှာ  ကချင်ပြည်နယ်ကို ဖြတ်သန်းကာ တရုတ်နယ်စပ်သို့ မှောင်ခိုပို့သည့် လမ်းကြောင်းများ ရှိတတ်ပြီး ယခုအခါ ဥပဒေအရ သဘာဝဥယျာဉ်နယ်မြေအဖြစ် သတ်မှတ် အကာအကွယ်ပေးထားသည့် နေရာတွင် သစ်တောရှင်းလင်းနေကြခြင်း ဖြစ်သည်။

အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်ထဲမှ သစ်လုံးများသယ်ထုတ်နေစဉ် (ဓာတ်ပုံ – ပေးပို့)

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက် ရောက်သွားခဲ့သည့် မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိကန်အစိုးရက ၂၀၂၁ ဧပြီလအတွင်းက ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။

နိုင်ငံတကာက အရေးယူပိတ်ဆို့ထားသော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှစ၍ နှစ်နှစ်အတွင်း ပြည်ပသို့ ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး သစ်တင်ပို့ခဲ့ပြီး ၁၇ ရာခိုင်နှုန်းမှာ အရေးယူပိတ်ဆို့မှု သက်ရောက်မှုရှိသည့် နိုင်ငံများသို့ ပို့ခဲ့ကြောင်း အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့ Forest Trends ၏ ၂၀၂၃ ဧပြီ ၄ ထုတ်ပြန်ချက်တစ်စောင်တွင် တွေ့ရသည်။

Show More

Related Articles

Back to top button